သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုခါအလွန် ဒုက္ခသည်စခန်းတွေမှာ ကလေးငယ်တွေ အာဟာရချို့တဲ့


APTOPIX Myanmar Asia Cyclone
APTOPIX Myanmar Asia Cyclone

မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်တွင်းက ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ မလုံလောက်တာကြောင့် ကလေးသူငယ်တွေ အစာအာဟာရ ချို့တဲ့ပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ကြုံနေတယ်လို့ ဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် ဒုက္ခသည်စခန်းတွေမှာ ရာသီတုတ်ကွေး ဖြစ်ပွားနှုန်းကလည်း များနေတုန်းပဲလို့ ပြောပါတယ်။ ဒီအကြောင်း ပြည်တွင်းက သတင်းပေးပို့ချက် အပြည့်အစုံကို ကိုစံကျော် က တင်ပြပေးပါမယ်။

မိုခါမုန်တိုင်းအလွန် ရခိုင်ပြည်နယ်မှာ လူသားချင်စာနာမှုဆိုင်ရာ အကူအညီပေးရေး အဖွဲ့တွေ့ရဲ့ ကူညီကယ်ဆယ်ခွင့်တွေကို စစ်ကောင်စီက အခုအချိန်ထိ ကန့်သတ် ပိတ်ပင်ထားတာကြောင့် မုန်တိုင်းသင့် ပြည်သူတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာ အခက်အခဲ တနေ့တခြား ပိုဆိုးလာနေပါတယ်။ ရခိုင်မြောက်ပိုင်းက ဒုက္ခသည် စခန်းတွေမှာဆိုရင် စားနပ်ရိက္ခာ မလုံလောက်တာကြောင့် ကလေးသူငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ အစာအာဟာရ ချို့တဲ့ပြီး ကျန်းမာရေး ထိခိုက်တဲ့အခြေအနေ ကြုံနေရတယ်လို့ ဒုက္ခသည်ကူညီ ကယ်ဆယ်ရေး ဆောင်ရွက်နေတဲ့ ဒေသခံ အမျိုးသမီးတဦး က ဗွီအိုအေကို ပြောပါတယ်။

“ အဓိက ကလေးတွေ အစာအဟာရ မပြည့်တာက တချို့ကကျတော့ မိခင်နို့ကနေ လာတယ်။ တချို့ဟာကတော့ စားနပ်ရိက္ခာ ကပေါ့။ စစ်ရှောင်စခန်းတွေမှာက စားနပ်ရိက္ခာ ဖူလုံမှု မရှိတာ ပေါ့နော်။ နောက်ပြီးတော့ ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ အဖွဲ့အစည်းတွေကိုလည်း စစ်ကောင်စီဘက်က တားမြစ်ထားတာတွေရှိတဲ့အခါကျတော့ ကျမတို့ အချိန်မီ ရိက္ခာတွေ ထောက်ပံ့မပေးနိုင်တဲ့ အနေအထား ရှိနေတာတွေ့ရတယ်။ ကျမတို့ ထောက်ပံ့တဲ့ အခါမှာလည်း ဆန်ကိုပဲ အဓိက ထောက်ပံ့နေရတယ်။ အဲ့ဒါကြောင့် အစာအဟာရနဲ့ သက်ဆိုင်တဲ့ဟာတွေကိုပါ ထည့်သွင်းစဉ်းစားပြီး ထောက်ပံ့ဖို့ လိုတယ်။ ဆိုတော့ အဲ့လို ပုံစံမျိုးတွေလည်း ကြုံနေရတယ်ဆိုတော့ အစာအဟာရ မပြည့်မီမှုတွေကြောင့် ကျမတို့ တော်တော်များများ နေရာတွေမှာ ကျန်းမာရေး ချို့တဲ့တာတွေ ဖြစ်နေတာကို တွေ့နေရတယ်ပေါ့။”

ရခိုင်မြောက်ပိုင်း စစ်တွေမြို့နယ်က သက်ကယ်ပြင် မွတ်ဆလင် ဒုက္ခသည်စခန်းမှာ ဆိုရင်လည်း စားနပ်ရိက္ခာ လုံလုံလောက်လောက် မရရှိတာကြောင့် အသက် ၁ဝ နှစ်အောက် ကလေး တော်တော်များများ အစာအာဟာရချို့တဲ့ပြီး နေထိုင်မကောင်း ဖြစ်နေကြတယ်လို့ ဒုက္ခသည် အမျိုးသမီးတဦးက ပြောပါတယ်။

“ပိုက်ဆံလည်းမရှိဘူး။ စားချင်တာကိုလည်း စားလို့မရဘူး။ အမေလည်း မစားရဘူး။ ကလေးတွေလည်း မစားရဘူး။ အဲ့လိုနဲ့ အဟာရ ချို့တဲ့ လာတာပေါ့။ ကလေးတွေ ဘယ်လိုဖြစ်လဲ ဆိုတော့ အစာမစားတော့ဘူး။ ငိုတယ်။ တချို့ဆိုရင် ဖျားတယ်။ အဟာရ ချို့တဲ့တာမှာ လူကြီးလည်း ပါနေတာပေါ့။ ကလေးကတော့ အတော်များနေတာပေါ့။ ကလေးတွေဆိုရင် မွေးကင်းစ ကလေးတွေကနေ အသက် ၁ဝ နှစ် ကလေးတွေအထိ အဟာရ ချို့တဲ့နေကြတယ်။”

တချိန်တည်းမှာပဲ မိုခါတိုင်းဒဏ် အကြီးအကျယ် ခံခဲ့ရတဲ့ ရခိုင်မှာ ရာသီတုပ်ကွေး ကူးစက်မှုတွေကလည်း ဆိုးဆိုးရွားရွား ခံနေရတာပါ။ ဒီလိုအချိန်မှာကိုပဲ စစ်ကောင်စီက ရခိုင်ပြည်နယ်တွင်း ဆေးဝါးသယ်ယူခွင့် ကန့်သတ်ထားတာကြောင့် ပြင်ပ ကျန်းမာရေးဝန်ထမ်းတွေရဲ့ ဆေးကုသမှု ပိုင်းတွေမှာလည်း ခက်ခဲနေတယ်လို့ ဒေသတွင်း အခမဲ့ ဆေးကုပေးနေတဲ့ ဆရာတွေက ပြောဆိုကြပါတယ်။

ပေါက်တောမြို့နယ်အတွင်းက ငှက်ချောင်း မွတ်ဆလင် ဒုက္ခသည်စခန်းမှာဆိုရင် အစာအာဟာရ ချို့တဲ့မှုတွေနဲ့ ရာသီတုပ်ကွေး ကူးစက်မှုတွေကြောင့် အတော်လေး ဒုက္ခရောက်နေကြတယ်လို့ စခန်းတာဝန်က ပြောပါတယ်။

“ကလေးတွေ အဟာရနဲ့ ကျတော့ အဆင်မပြေဘူး ဖြစ်နေတယ်။ ဘာလို့လဲဆိုတော့ NGO အဖွဲ့ အစည်းတွေကလည်း TA (ခွင့်ပြုချက်) မရတာတွေ၊ လမ်းခရီးသွားလာရ ခက်ခဲတာတွေကြောင့် သူတို့ကလည်း အချိန်မီ ပေးပို့နိုင်တာ မရှိတာကြောင့် ကလေးတွေကို စောင့်ရှောက် လို့မရဘူး။ အဲလိုမျိုး ဖြစ်နေပါတယ်။ ကျနော်တို့ စခန်းမှာ ကျန်းမာရေးပိုင်းလည်း တော်တော် များများ အခက်အခဲရှိပါတယ်။ သွေးလွန်တုပ်ကွေးတွေလည်း အမျိုးမျိုးဖြစ်နေကြတယ်။ ကလေးတွေ ဖျားတာ နာတာတွေ အများကြီးပါ။ ကျန်းမာရေးပိုင်း အဆင်မပြေ ဖြစ်နေကြပါတယ်။”

ရခိုင်မှာ စားနပ်ရိက္ခာနဲ့ ဆေးဝါးသယ်ယူခွင့်တွေကို စစ်ကောင်စီက ဘာကြောင့် ကန့်သတ် ပိတ်ပင်ထားတယ် ဆိုတာ မသိရပေမယ့် ဒီအတိုင်း ဆက်ပိတ်ထားရင်တော့ မုန်တိုင်းဒဏ်သင့် ပြည်သူတွေနဲ့ ဒုက္ခသည်စခန်းတွေမှာ ကျန်းမာရေး အခြေအနေတွေ ပိုပြီးတော့ ဆိုးရွားလာနိုင်တယ်လို့ ဒေသတွင်း ကူညီပေးနေသူတွေက ထောက်ပြ ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG