သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်သတ်ချက်တွေကြောင့် မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ကုန်သွယ်ရေးနှေးကွေး


ရခိုင်ပြည်နယ် မောင်တောမြို့ ကုန်တင်ကုန်ချမြင်ကွင်း
ရခိုင်ပြည်နယ် မောင်တောမြို့ ကုန်တင်ကုန်ချမြင်ကွင်း

မြန်မာနိုင်ငံက ကုန်ပစ္စည်း တင်ပို့မှုတွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ကန့်သတ်ထားတာကြောင့် အခက်ကြုံနေရတဲ့ ရခိုင်နယ်စပ် ကုန်သွယ်ရေး ဒီလဆန်းပိုင်းမှာ အနည်းငယ် ပြန် တက်လာပေမဲ့ ကုန်သွယ်မှု ပမာဏ နည်းပါးနေဆဲပဲလို့ ကုန်သည်အသင်း တာဝန်ရှိသူတွေက ပြောပါတယ်။ ပုံမှန် ကုန်သွယ်မှုတွေ ပြန်လုပ်နိုင်အောင် နှစ်ဘက် သက်ဆိုင်ရာ တာဝန်ရှိသူတွေက အမြန်ဆုံး ညှိနှိုင်း ဖြေရှင်းပေးသင့်တယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော် က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ မတ်လ အကုန်ပိုင်း လောက်ကစလို့ ရခိုင်ပြည်နယ် မောင်တောနဲ့ စစ်တွေ မြို့တွေမှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်တွေက တဆင့် တင်ပို့နေတဲ့ ကုန်ပစ္စည်းတွေကို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကန့်သတ်ထားတာ ဖြစ်ပါတယ်။ ဒီလို ကန့်သတ်ချက်တွေကြောင့် နယ်စပ်ကုန်သွယ်ရေး ရပ်လုနီးပါး အခြေအနေအထိ ဖြစ်ခဲ့ပြီး လတ်တလောမှာတော့ စိုက်ပျိုးရေး ထွက်ကုန်တချို့ကို ပြန်လည် လက်ခံလာတယ်လို့ ရခိုင်ပြည်နယ် ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ဗွီအိုအေ ကို ပြောပါတယ်။

“လက်ရှိကတော့ ကျနော်တို့ တဘက် ဘင်္ဂလားဒေ့ရှ် ကတော့ ပြန်ပြီးတော့ အဝယ်တွေ၊ အမှာတွေတော့ ရလာတယ်။ အဝယ်တွေလည်း ရှိလာတယ်ပေါ့လေ။ ဒါပေမဲ့ အရင်လို ပမာဏအထိတော့ မရောက်သေးဘူး ဆိုပေမဲ့ တဖြည်းဖြည်းတော့ တိုးတက်လာနေတဲ့ အနေအထားပါ။ ဘာဖြစ်လို့လဲဆိုတော့ ၃ လပိုင်း ၄ လပိုင်းတုန်းကဆိုရင် တော်တော်လေး ပျက်သွားတဲ့ အနေအထားမှာ အခုကတော့ အဲ့ဒီထက်စာရင် တဖြည်းဖြည်းနဲ့ အဝယ်တွေ ရလာတယ်။ အရင်ကထက်စာရင် ပိုပြီးတော့ ပို့လာရတယ်။ ရောင်းလာရတဲ့ အနေအထား ရှိပါတယ်။”

ဒီလို ကုန်သွယ်မှု ပမာဏ တက်လာတယ် ဆိုပေမဲ့လည်း မြန်မာနိုင်ငံကနေ အများဆုံး တင်ပို့ကုန် ဖြစ်တဲ့ ရေချိုးငါး တင်ပို့မှု ပမာဏ ကတော့ အရမ်းကို နည်းနေသေးတယ်လို့ ဦးတင်အောင်ဦးက ပြောပါတယ်။

“ရေချိုငါး ကတော့ သိပ်ပြီးတော့ တအားကြီး အရင်လို ပုံမှန် မထွက်သေးပါဘူး။ သူတို့ဘက် ကလည်း လိုအပ်သလောက်လေး ပမာဏ အတော်ကို နည်းပါသေးတယ်။ ရေချိုငါး ပမာဏ ကလေ။ အခုကတော့ စိုက်ပျိုးရေး ထွက်ကုန်ပေါ့။ ဂျင်းအစိုတို့ အခြောက်တို့ စိုက်ပျိုးရေး ထွက်ကုန်တွေ များပါတယ်။ အခု လက်ရှိကတော့လေ။”

အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ ရခိုင်ပြည်နယ်မှာ အခုလို နယ်စပ် ကုန်သွယ်ရေး ကျဆင်းနေတာကြောင့် နယ်စပ် ကုန်သွယ်ရေးစခန်းမှာ လုပ်ကိုင်နေကြတဲ့ အလုပ်သမားတွေလည်း စားဝတ်နေရေး အခက်ကြုံနေရပါတယ်။ ဒါ့အပြင် ကုန်ပစ္စည်းတွေ ပို့မရတာကြောင့် ကုန်သည်တွေ အတွက်လည်း ဆုံးရှုံးနစ်နာမှုတွေ များတယ်လို့ ကုန်သည်တဦးက ပြောပါတယ်။

“အခုက ကျနော်တို့ မျက်လုံးထဲမှာတော့ မြင်နေရတယ်လေ။ ကွမ်းသီးတွေ ဘာတွေ တင်ပို့လို့ မရရင်၊ ပြန်ပြီးတော့ သယ်သွားတာတွေ တွေ့နေရတယ်။ ဆိုတော့ ကုန်သည်တွေ နစ်နာတာပေါ့လေ။ အပျက်အစီး ဆုံးရှုံးမှု များတယ်။ အဲဒီလို ဖြစ်နေတယ်နော်။”

ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က ကုန်ပစ္စည်း ဝယ်ယူမှုတွေကို ဘာကြောင့် ကန့်သတ်ထား တယ်ဆို တာကို တိတိကျကျ မသိပေမဲ့ နယ်စပ်ကုန်သွယ်မှုတွေ အရင်လို ပြန်လည် ကောင်းမွန်လာအောင် နှစ်နိုင်ငံ တာဝန်ရှိသူတွေအနေနဲ့ အမြန်ဆုံး ညှိနှိုင်းဆောင် ရွက်သင့်တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်နဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း ဥက္ကဌ ဦးတင်အောင်ဦးက ပြောပါတယ်။

“ကျနော်တို့ ရခိုင်ကုန်သည် အသင်းကတော့ တောက်လျှောက် ကုန်သွယ်မှု ပြန်တက်အောင်တော့ ကြိုးစားနေပါတယ်။ အရင်ထက်စာရင်တော့ အခု တဖြည်းဖြည်းနဲ့တော့ တက်လာတယ်။ နဂိုပုံမှန်အတိုင်း ရောက်ဖို့ကတော့ နှစ်နိုင်ငံက တာဝန်ရှိသူတွေကတော့ ဖြေရှင်းပြီးတော့ မြန်မြန် လုပ်ဆောင်ပေးရင်တော့ မြန်မြန် ဖြစ်သွားမယ်လို့ ထင်ပါတယ်။”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်နဲ့ စစ်တွေမြို့နယ်မှာရှိတဲ့ နယ်စပ်ကုန်သွယ်ရေး စခန်းတွေကနေ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ဂျင်း ကြက်သွန်၊ ပဲနဲ့ တခြား စိုက်ပျိုး ထွက်ကုန်ပစ္စည်းတွေ တင်ပို့နေသလို၊ အများဆုံးကတော့ ရေချိုငါး တင်ပို့မှု ဖြစ်တယ်လို့ ကုန်သည်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွက် မောင်တော နယ်စပ်ကုန်သွယ်ရေး စခန်းကနေ ဘင်္ဂလားဒေ့ရှ် ဘက်ကို ကုန်ပစ္စည်း တင်ပို့မယ့် ပမာဏကို ပို့ကုန်ဒေါ်လာ ၁ သန်း၊ သွင်းကုန်ဒေါ်လာ ၀.၀၃ သန်းနဲ့ ကုန်သွယ်မှုပမာဏ ဒေါ်လာ ၁.၀၃ သန်းအထိ လုပ်ဆောင်ဖို့ လျာထားခဲ့တာပါ။ ဒါပေမဲ့လည်း ဇွန်လ ၁ ရက်နေ့ကနေ၂၅ ရက်နေ့အထိ ကာလအတွင်း ဒီလျာထားချက်ရဲ့ ၃၇ % လောက်သာ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ပြီးခဲ့တဲ့ဇွန်လ ၂၇ ရက်နေ့ထုတ် စစ်ကောင်စီ မြန်မာ့အလင်း သတင်းစာမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG