ဘင်္ဂလားလယ်အော်မှာဖြစ်နေတဲ့ အားကောင်းတဲ့မုန်တိုင်းငယ်အရှိန်ကြောင့် မနေ့က ညနေပိုင်းကစလို့ ရခိုင်ပြည်နယ်မှာမိုးဆက်တိုက်ရွာပြီး လေပြင်းတွေတိုက်နေပါတယ်။ ပြီးခဲ့တဲ့ ၂ လ ကျော် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံခဲ့ရာက ပြန်လည် နာလန်ထူဖို့ ကြိုးစားနေချိန်မှာပဲ လေပြင်းမုန်တိုင်းဒဏ် ထပ်ကြုံရပြီး မြို့နယ်တချို့မှာ ရေဘေးအန္တရာယ် စိုးရိမ်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
မိုခါမုန်တိုင်းဒဏ်ခံခဲ့ရပြီး နာလန်ပြန်ထူဖို့ ခက်ခဲနေတဲ့ရခိုင်ပြည်နယ်မှာ အားကောင်းတဲ့ မုန်တိုင်းငယ်အရှိုန်ကြောင့် မိုးအဆက်မပြတ်ရွာနေပြီး လေပြင်းတိုက်ခတ်တာတွေကြောင့် မိုခါမုန်တိုင်းမုန်ဒဏ်သင့်ပြည်သူတွေ စိုးရိမ်နေကြပါတယ်။
မိုခါမုန်တိုင်းကြောင့် နေအိမ်တွေပျက်စီးခဲ့ရတဲ့ ရခိုင်ဒေသခံတွေဟာ လုံခြုံတဲ့အမိုးအကာ အောက်ကိုရောက်ဖို့ ခက်ခဲနေဆဲအချိန်မှာ အခုလို မိုးကြီးလေပြင်းတိုက်ခတ်တာတွေကြောင့် ပိုပြီးတော့ အခက်ကြုံနေရတယ်လို့ တိုင်းရင်းသားမျိုးနွယ်စု အထောက်အကူပြု ကူညီကယ်ဆယ်ရေးလုပ်နေသူတဦးဖြစ်တဲ့ ဦးရွှေဖော်စိန်ကပြောပါတယ်။
“မကြာခင်ကတိုတ်ခတ်ခဲ့တဲ့ မိုခါမုန်တိုင်းကြောင့် ကျေးရွာတိုင်းလိုလိုမှာ ဒုက္ခသည်စခန်းတခုတည်းတော့မဟုတ်ဘူး။ ကျန်တဲ့ လူနေအိမ်တွေအများစုကလည်း အမိုးအကာအောက်ကို လုံလုံခြုံခြုံနဲ့ ရောက်ကြတာမဟုတ်သေးဘူး။ လောလောဆယ် ယာယီ ဘော တာပေါ်လိတ်တွေနဲ့ အမိုး မိုးပြီးတော့ နေထိုင်နေရတဲ့အချိန်မှာ အခုလို လေပြင်းတိုက်တော့ ပိုပြီးတော့ ဒုက္ခရောက်ကြတယ်။ တချို့က ရှိပြီးသားအမိုးတွေ ပြန်လန်ကုန်တယ်။ နောက်ထပ် ပြန်လုပ်ဖို့ဆိုတာကလည်း လောလောဆယ် အခက်အခဲရှိနေကြတယ်။ တဖက်မှာလည်း မိုးရာသီကာလမှာ တုပ်ကွေးရောဂါတွေ ဖြစ်နေကြတယ်။ ကျန်းမာရေးစောင့်ရှောက်မှု အခက်အခဲရှိတာ ကတကြောင်း၊ စားဝတ်နေရေး ခက်ခဲနေတာကတကြောင်း၊ သဘာဝ ဘေးအန္တရာယ်ကျတာကတကြောင်းနဲ့ ပြည်သူတွေက သာမန်ထက် ပိုပြီးတော့ ဒုက္ခရောက်နေကြတယ်။”
အခုလို မိုးကြီး လေပြင်းတိုတ်ခတ်တာတွေကြောင့် စစ်ဘေးဒုက္ခသည်စခန်း တော်တော်များများမှာလည်း နေထိုင်ရ ခက်ခဲနေကြတာပါ။ ပုဏ္ဏားကျွန်းမြို့နယ်က ယိုးတရုတ် စစ်ဘေးဒုက္ခသည်စခန်းမှာဆိုရင်လည်း လေပြင်းကြောင့် နေအိမ်တချို့ ပျက်စီးတာတွေရှိတယ်လို့ စစ်ဘေးဒုက္ခသည် ဦးကျော်သန်းကပြောပါတယ်။
“ကျနော်တို့က ယာယီတဲတွေနဲ့နေကြတာဆိုတော့ အခက်အခဲရှိတယ်၊ ကျနော််တို့ ဒုက္ခသည်စခန်းတခုလုံး စိုးရိမ်နေကြတယ်။ လေတိုက်မှာ စိုးရိမ်နေကြတယ်။ အခုလေပြင်း တိုက်နေတဲ့အချိန်မှာလည်း ကျနော်တို့မှာ ခေါင်မိုးတွေ လန်ကုန်တယ်။ နောက်ပြီးတော့ အိမ်မှာ နံရံတွေ ကွာပြီးတော့ ရေတွေ ဝင်လာတာရှိတယ်။ တချို့တချို့သော အိမ်တွေမှာလည်း အကာတွေ ပြုတ်ကျတာရှိတယ်။”
ဒါ့အပြင် အားကောင်းတဲ့မုန်တိုင်းငယ်အရှိန်ကြောင့် ရခိုင်တောင်ပိုင်းက သံတွဲနဲ့ တောင်ကုတ်မြို့နယ်တွေမှာလည်း ဒီရေတွေ စတင်တက်နေတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြတယ်လို့ သံတွဲဒေသခံ အမျိုးသမီးတဦးးကပြောပါတယ်။
“ဒီနေ့ကျတော့ မိုးကလုံးဝမနားဘူးလေ။ တနေ့လုံးရွာနေတာ။ ရေကတော့ သံတွဲ မြို့ပေါ်မှာ အနိမ့်ပိုင်းရပ်ကွက်တွေမှာတော့ ရေတွေ တက်နေပြီလို့ သတင်းရတယ်။ သံတွဲက ရေကြီးမှာ တော့ စိုးရိမ်ရပါတယ်။ ဘာလို့လဲဆိုတော့ သံတွဲက လေတိုက်တာတို့ ဘာတို့ သိပ်ပြီးတော့ မရှိဘူးလေ၊ ရေကြီးတာကတော့ အစဉ်အလာရှိတယ်။ ရေတအားကြီးတယ်၊ ဟိုနှစ်ကလည်း ရေတအားကြီးသွားတယ်။ အဲလိုမျိုးဆိုတော့ စိုးရိမ်ရတာတွေရှိပါတယ်။ စျေးဆိုင်တွေ ပျက်စီးသွားတာတွေ နောက် လယ်သမားတွေမှာဆိုရင်လည်း တအားပျက်စီးမှုတွေများတော့ အဲလိုမျိုးစိုးရိမ်မှုတွေတော့ ရှိကြပါတယ်။”
အခုလို ပြည်သူတွေကြား မိုးကြီးလေပြင်းတိုက်ခတ်တာနဲ့ပတ်သတ်ပြီး စိုးရိမ်မှုတွေ ရှိနေပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေဘက်ကတော့ တစုံတရာ သတိပေး ပြောဆိုတာမျိုးမရှိသေးဘူးလို့လည်း ဒေသခံတွေကပြောပါတယ်။
မိုလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနရဲ့ ဒီကနေ့ ည ၃ နာရီထုတ်ပြန်ချက်မှာတော့ ဘင်္ဂလားပင်လယ်အော် မြောက်ပိုင်းမှာဖြစ်ပေါ်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ကမ်းလွန်ပင်လယ်ပြင်ကိုရောက်နေပြီး မြန်မာနို်င်ငံ မောင်တောမြို့ရဲ့ အနောက် တောင်ဘက် ရေမိုင် ၁၀၅ မိုင်အကွာ၊ စစ်တွေမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၁၅ဝ မိုင်ခန့်နဲ့ ကျောက်ဖြူမြို့ရဲ့ အနောက်မြောက်ဘက် ရေမိုင် ၂၀၅ မိုင်ခန့်မှာ ပင်လယ်ပြင်ကို ဗဟိုပြုနေ တယ်လို့ ဖော်ပြထားပါတယ်။
မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတမ်းတလျောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်တို့မှာ မိုးသက်လေပြင်း တွေကျရောက်ပြီး လှိုင်းကြီးရာကနေ လှိုင်းအလွန်ကြီးလာနိုင်ကြောင်း မိုးဇလဌာနက ဖော်ပြ ထားပါတယ်။