သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ


ပလက်ဝ palatwa
ပလက်ဝ palatwa

ချင်းပြည်နယ် ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားနပ်ရိက္ခာထောက်ပံ့မှု ပုံမှန်မရတဲ့အတွက် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ ဒုက္ခသည် တွေကပြောပါတယ်။ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်တွေ အတွက်တခု တည်းသော WFPရဲ့ စားနပ်ရိက္ခာထောက်ပံ့မှုတွေကိုလည်း စစ်ကောင်စီက ထိန်းချုပ်ထားတယ်လို့လည်း စစ်ဘေးဒုက္ခသည် တွေက ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကို ကိုစံကျော်ကတင်ပြပေးပါမယ်။

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ကျန်နေသေးတဲ့ စစ်ဘေးဒုက္ခသည်တွေကို ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP က လစဉ် ဆန်နဲ့ ရိက္ခာတချို့ ထောက်ပံ့နေပေမဲ့ ပြီးခဲ့တဲ့ လအတွက် စားနပ်ရိက္ခာမရသေးတာကြောင့် စားဝတ်နေရေး အခက်ကြုံနေရတယ်လို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“အဲလိုမျိုး ရက်ကျော်သွားပြီဆိုလို့ရှိရင် စစ်ဘေးဒုက္ခသည်စခန်းမှာနေတဲ့ ကျနော်တို့ အပါအဝင် စစ်ဘေးဒုက္ခသည်တွေက ရိက္ခာတွေမလုံမလောက်ဖြစ်တာတော့ အမှန်ပါပဲ ဗျာ၊ အခက်အခဲတွေ အများကြီးရောက်နေကြပြီ၊ စားတာကတော့ဗျာ ဒီမှာ ကုန်ဈေးနှုန်းကလည်း အလွန့်အလွန်တက်နေတာနဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာပေါ့ဗျာ၊ နေ့စားအငှား လိုက်ရတာတို့ ချေးငှားပြီးစားရတာတို့ အခက်အခဲတွေ ကြုံနေရပါတယ်။”

လက်ရှိအချိန်ထိ နေရပ်မပြန်ပဲ ကျန်နေသေးတဲ့ ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည် စခန်းတွေမှာ WFPအဖွဲ့တခုတည်းကသာ စားနပ်ရိက္ခာထောက်ပံ့နေတာပါ။ ဒါပေမယ့်လည်း WFPရဲ့ ထောက်ပံ့မှုကိုတွေကို စစ်ကောင်စီတပ်က ထိန်းချုပ်ထားတာကြောင့် စားနပ်ရိက္ခာ တွေ ပုံမှန်မရရှိတာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ အခက်အခဲတခုကတော့ ကျနော်တို့ လတိုင်းလိုလို WFP ရုံးမှာ ရိက္ခာထုတ်တဲ့အခါကျရင် စစ်ကောင်စီက ဗိုလ်ကြီးအဆင့်တွေ လုံခြုံရေး အတင်းအကြပ်တွေနဲ့ ရိက္ခာဝယ်ပေးတဲ့
အကြီးအကဲနားမှာ၊ အမြဲတမ်းလိုလို တွေ့နေရတယ်၊ သူတို့ကဒီနေ့ ပေးဆိုမှ ပေးရတယ် မပေးနဲ့ တော့ ဆိုရင် ပေးနေတဲ့ ဟာကို ရပ်လိုက်ရတယ်၊ အခုလည်း ပြောပါတယ် ရိက္ခာရုံး တာဝန်ခံ အကြီးက သူတို့က ပေးခိုင်းတဲ့နေ့ပေးမှာပဲ ငါတို့လည်းကိုယ်ချင်းစာပါတယ်၊ ပေးချင်ပါတယ် ဒါပေမယ့် ငါတို့ ပေးလို့မရဘူး၊ စစ်ကောင်စီအကြီးအကဲတွေက ဟန့်ထား တားထားလို့ အဲလို မျိုးပြောတယ်။ အဲလိုမျိုးမဟန့်မတားပဲနဲ့ ပေးစေချင်တာပေါ့ဗျာ စားဝတ်နေရေး ဒုက္ခကြုံနေရတယ်။”

ပလက်ဝမြို့နယ်က စစ်ဘေးဒုက္ခသည်စခန်းတွေမှာ စားဝတ်နေရေးတခုတည်းသာ ခက်ခဲနေတာမျိုးမဟုတ်ပဲကျန်းမာရေးအခက်အခဲတွေလည်း ရှိနေတယ်လို့လည်း စစ်ဘေးဒုက္ခသည်အမျိုးသမီးတဦးကပြောပါတယ်။

“ အခုဆိုရင် ဖျားကြတယ်၊ နာကြတယ် ဝမ်းပျက်ဝမ်းလျောတွေ ဖြစ်ကြတယ်၊ ငှက်ဖျား အူရောင်ငှက်ဖျားတွေ ဖြစ်ကြတယ်၊ ဆေးရုံးဆေးခန်းတွေ သွားရတယ် ပိုက်ဆံတွေလည်း မရှိဘူး၊ စားဝတ်နေရေးလည်း ခက်ခဲတယ်။”

စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စခန်းအတွင်းမှာ အနေဆင်းရဲ အစားဆင်းရေးနဲ့ နေထိုင်ရတာ ၄နှစ်နီးပါးအထိရှိနေတာဖြစ်ပြီးလုံခြုံမှုရှိတယ်ဆိုရင် နေရပ်ပြန်ပို့စေချင်တယ်လို့ စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။

“ တလကုန်ရင် တလထုတ်ပေးစေချင်တာပေါ့ဗျာ၊ဒါမှမဟုတ် ကျနော်တို့ တောင်းဆိုသလို ရွာကိုလည်း မြန်မြန်ဆန်ဆန်ပို့ပေးစေချင်တယ်၊ ရွာအနီးမှာ မိုင်းတွေ ဘာတွေ ရှင်းပေးပြီး လက်နက်ခဲယမ်း မိုင်းစ ဗုံးစတွေ ကျန်နေခဲ့တဲ့ သေသေချာချာ ရှင်းလင်းပြီးမှ တာဝန်ယူမှုတာဝန်ခံမှု အပြည့်နဲ့ ပြန်လွတ်စေချင်တာပေါ့ဗျာ။”

လက်ရှိအချိန်ထိ ပလက်ဝမြို့ပေါ်မှာ စစ်ဘေးဒုက္ခသည်စခန်း ၅ ခုအထိ ကျန်ရှိနေသေးပြီး စစ်ဘေးဒုက္ခသည် ၆ဝဝဝကျော်အထိရှိနေသေးတာပါ။သူတိုမူလနေထိုင်ခဲ့တဲ့ ကျေးရွာအနီးမှာ စစ်ကောင်စီတပ်တွေ တပ်စွဲထားသလို မရှင်းလင်းရသေးတဲ့ စစ်ကျန်လက်နက်တွေ မြေမြုပ် မိုင်းတွေနဲ့ ဘယ်အချိန် ပြန်ဖြစ်လာမလဲ မသိသေးတဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် တွေအနေနဲ့ အခုအချိန်ထိ နေရပ်ပြန်ဖို့ ခက်ခဲနေကြတာလည်းဖြစ်ပါတယ်။

ပလက်ဝမှာ ဒုက္ခသည်တွေ စားနပ်ရိက္ခာ အခက်ကြုံ
please wait

No media source currently available

0:00 0:03:07 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG