သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ မြို့နယ် ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း ကောက်ယူ


၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ
၂၀၂၄ ပြည်လုံးကျွတ် သန်းခေါင်စာရင်းအတွက် နေရာတချို့တွင် စစ်ကောင်စီက ၂၀၂၃ စမ်းသပ်သန်းခေါင်စာရင်းကောက်ခံနေ

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ မြန်မာနိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာ စမ်းသပ်သန်းခေါင်စာရင်း စတင်ကောက်ယူမှာ ဖြစ်ကြောင်း စစ်ကောင်စီကကြေညာထားတဲ့အတိုင်း ရခိုင်ပြည်နယ်ထဲမှာတော့ မောင်တောမြို့က တချို့ ရပ်ကွက်တွေမှာ စတင်ကောက်ယူနေပြီဖြစ်ပါတယ်။ အခုလို စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေတဲ့ အခြေနေနဲ့ ပတ်သက်ပြီး ရန်ကုန်ကပေးပို့တဲ့သတင်းကို မဆုမွန်က ပြောပြပေးမှာပါ။

နိုင်ငံတစ်ဝန်းက မြို့နယ်ပေါင်း ၂၀ မှာ အောက်တိုဘာလ ၁ ရက်နေ ၁၅ ရက်အထိ စမ်းသပ် သန်းခေါင်စာရင်းကောက်ယူဖို့ စစ်ကောင်စီက အောက်တိုဘာ ၁ရက်နေ့မှာ စတင်ပြင်ဆင်လိုက်တာဖြစ်ပါတယ်။ မြို့နယ် ၂၀ ကောက်ယူမှာ ဖြစ်ပြီး ပြည်နယ်နဲ့ တိုင်း ၁၄ ခုက နေရာတချို့မှာ စမ်းသပ်ကောက်ယူမှုတွေ စတင်နေပြီဖြစ်ပါတယ်။

စမ်းသပ်ကောက်ယူမယ့်နေရာတွေထဲမှာ ရခိုင်ပြည်နယ် မောင်တောဒေသလည်း ပါဝင်ပါတယ်။ မောင်တော ဒေသက ရခိုင်ရပ်မိရပ်ဖတဦးကတော့ အောက်တိုဘာ ၁ ရက်နေ့ထဲက စမ်းသပ်သန်းခေါင်စာရင်းကောက်ယူဖို့ ကြေညာနေတာ ဖြစ်ပြီး အခု အချိန်ထိတော့ သူ့ရပ်ကွက်ထဲ လာမကောက်သေးဘူးလို့ ခုလိုပြောပြပါတယ်။

"သန်းခေါင်စာရင်းတွေကောက်နေတယ် လဝက လူဝင်မှုကြီးကြပ်ရေးကပေါ့။ သန်းခေါင်စာရင်း ကောက်တာကျမတို့အုပ်စု ကျမတို့ဘက်ကိုတော့မရောက်သေးပါဘူး။ ဟိုဘက်ရပ်ကွက်တော့ ကောက်နေတယ် ၁ရက်နေ့ဒီလအောက်တိုဘာ ၁ရက်နေ့ကတည်းကပါ။ ကောက်နေပါတယ်။ ကျမသတင်းတွေ သေချာမသိရသေးပါဘူး။ ကောက်နေတာလောက်ဘဲသိတယ်။ ကျမတို့ရပ်ကွက်ဘက်မရောက် သေးပါဘူး။ ကျမကတော့ရိုးရိုးလေးမြင်တယ်။ သန်းခေါင်စာရင်းကောက်တာလူဦးရေဘယ်လောက် ရှိပြီပေါ့နော်။ သူတို့မှာခုဆိုရင် မဲစာရင်းလဲလာနေပြီလေ။ မဲလုပ်ဖို့ အဲဒါတွေအတွက်လုပ်တယ်ထင်တာဘဲ ကျမကတော့လေ။"

ရခိုင်ပြည်မောင်တော ဒေသအတွက် စမ်းသပ်ကောက်ယူမှုတွေ လုပ်နေပေမယ့် အဲဒီဒေသအတွင်းက ရိုဟင်ဂျာတွေနေထိုင်တဲ့ နေရာတွေမှာတော့ စမ်း သပ်သန်းခေါင်စာရင်းသီးခြားကောက်ယူတာမျိုးနဲ့ပတ်သတ်ပြီး လာရောက် ပြောဆိုအကြောင်းကြားထားတာမျိုး မရှိသေးဘူးလို့ ရိုဟင်ဂျာတဦးက ဗွီအိုအေကိုခုလိုပြောပါတယ်။

"ရခိုင် community ဘက်မှာတော့ တအိမ်ဆင်းတအိမ်တက် ကောက်တာရှိတယ်။ ရိုဟင်ဂျာတွေ ဘက်မှာတော့ သန်းခေါင်စာရင်း ရိုဟင်ဂျာတွေကောက်တယ်ဆိုတာကတော့ ပုံမှန်ကောက်တာက ၆လ တကြိမ်ကောက်တယ်။ နယ်ခြားစောင့်နာမည်နဲ့ နယ်ခြားစောင့်တွေက လိုက်ကောက်တယ်။ ဒါကပုံမှန် ကောက်လေ့ကောက်ထရှိတာပါ။ သန်းခေါင်စာရင်းကပုံမှန် ကောက်လေ့ကောက်ထရှိတာ ၆လတကြိမ် ပါ။"

ရခိုင်ပြည်နယ်တွင်း ကောက်ယူမှု အခြေနေကို သိရဖို့ ရခိုင်ပြည်နယ် လဝကမှုးရုံးကို ဗွီအိုအေကဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အခုချိန်ထိတော့ ပြန်လည်ဖြေကြားတာ မရှိသေးပါဘူး။

ပြီးခဲ့တဲ့နှစ် ၂၀၁၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင် စာရင်းကို အခြေခံပြီး ၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၁ ရက်နေ့အထိ မြန်မာနိုင်ငံရဲ့ လူဦးရေဟာ ၅၆ ဒသမ ၂ သန်းရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ ရန်ကုန်တိုင်းမှာ လူဦးရေ ကိုးသန်းနဲ့အများဆုံးဖြစ်ပြီး မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်က လူဦးရေ ၆ ဒသမ ၈ သန်းစီနဲ့ ဒုတိယနေရာမှာ ရှိတယ်လို့ ဖေါ်ပြထားပါတယ်။ ဧရာဝတီတိုင်းကတော့ ၆ ဒသမ ၂ သန်းနဲ့ တတိယ လူဦးရေအများဆုံးလို့ ဆိုပါတယ်။ ဒါတွေဟာခန့်မှန်းတွက်ချက်ထားမှုသာဖြစ်ပြီး စမ်းသပ်သန်ခေါင်စာရင်းကောက်ယူမှုမှာတော့ တွေ့ရှိတဲ့အတိုင်း အရပ်တွင်း ကောက်ယူ တဲ့စနစ်(De Facto) စနစ်နဲ့ ကောက်ယူဖို့ စစ်ကောင်စီဘက်ကပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

မြို့နယ် ပေါင်း (၂ဝ)ကို စမ်းသပ်ကောက်ယူမှာ ဖြစ်ပြီး မြို့နယ်တခုဆီအတွက် စာရင်းကောက် ကွက် (၁ဝဝ) ထားပြီး သတ်မှတ်ကောက်ယူဖို့ပြင်ဆင်ထားတာပါ။ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကိုတော့ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလမှာ ကောက်ယူမှာဖြစ်ပါတယ်။ ဒီကောက်ယူမှုအပြီးရလာတဲ့ လူဦးရေစာရင်းတွေကို အခြေခံပြီးမှသာ မဲစာရင်းပြုစုမှာ ဖြစ်ကြောင်းနဲ့ ပြီးမှသာ ရွေးကောက်ပွဲလုပ်မယ်လို့ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကပြောဆိုထားပါတယ်။

လက်ရှိ စမ်းသပ်ကောက်ယူမဲ့ နယ်မြေတွေထဲက ကရင်နဲ့ပဲခူးဒေသတွင်း တချို့နယ်မြေတွေဟာ စစ်ကောင်စီဘက်က အပြည့်အဝ မထိန်းချုပ်နိုင်တဲ့ နေရာတွေပါဝင်နေတယ်လို့ ဆန်းစစ်သူတွေက ထောက်ပြနေပါတယ်။ ဒါပေမယ့် ဒီဒေသတွေမှာကောက်ယူမယ့်ပုံစံတွေနဲ့ ပတ်သတ်လို့ စစ်ကောင်စီဘက်က ရှင်းရှင်းလင်းလင်းထုတ်ပြန်ပြောဆိုထားတာမရှိ သေးပါဘူး။ လက်ရှိမှာ တော့ နေပြည်တော်အပါအဝင် လုံခြုံရေးအရ အဆင်ပြေတဲ့နေရာတွေကို ရွေးပြီး စမ်းသပ်သန်း ခေါင်စာရင်း ကောက်ယူနေတာဖြစ်ပါတယ်။

ကုလသမဂ္ဂထုတ်ပြန်ချက်အရ စစ်အာဏာသိမ်းပြီးကတည်းက နိုင်ငံတွင်း ကျယ်ပြန့်လာတဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁.၆ သန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ ဖေါ်ပြထားပါတယ်။ ဒီလို အိုးအိမ်စွန့်ခွါ ထွက်ပြေးရသူတွေ အတွက် ဘယ်လိုစာရင်းသွင်းဖို့စီစဉ်ထားတယ် ဆိုတာနဲ့ပတ်သတ်လို့ တော့ လဝက ဘက်က ရှင်းရှင်းလင်းလင်း ပြောဆိုထားတာမရှိသေးပါဘူး။

မြန်မာနိုင်ငံမှာ ပြည်လုံးကျွတ်လူဦးရေသန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းကို ၁၉၇၃ ခုနှစ်၊ ၁၉၈၃ ခုနှစ် နဲ့ ၂ဝ၁၄ ခုနှစ်တို့မှာ ကောက်ယူခဲ့ဖူးပါတယ်။ ၁၀နှစ်တကြိမ် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူမှုကိုလုပ်ဆောင်ရတာဖြစ်ပြီး လာမယ့် ၂၀၂၄ အောက်တိုဘာမှာလည်း ပြည်လုံးကျွတ်သန်းခေါင် စာရင်းကောက်ယူသွားဖို့ စစ်ကောင်စီဘက်ကပြင်ဆင်နေတာဖြစ် ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG