သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်မြောက်ပိုင်း လုံခြုံရေးတင်းကြပ်မှုကြောင့် ဒေသခံတွေအခက်ကြုံ


မောင်တောမြို့
မောင်တောမြို့

ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်တော်တော်များများမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေ တိုးမြင့်ချထားပြီး ဒေသခံပြည်သူတွေရဲ့ ကုန်စည် သယ်ယူပို့ဆောင်ရေးနဲ့ ခရီးသွားလာခွင့်တွေကိုလည်း အရင်ထက်ပိုပြီး တင်းကျပ် ကန့်သတ်ထားပါတယ်။ ဒီလို ကန့်သတ်ချက်တွေ ဖြေလျော့ပေးဖို့ ရခိုင်တပ်မတော် AA က ပြောဆိုနေပေမဲ့ စစ်ကောင်စီက ပိုတိုး ကန့်သတ် လာတာကြောင့် နှစ်ဘက် တင်းမာမှုတွေနဲ့ တိုက်ပွဲ ဖြစ်လာနိုင်တယ်လို့ AA အဖွဲ့ပြောခွင့်ရက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်ပြည်နယ်ဘက်က နောက်ဆုံးအခြေအနေ သတင်းပေးပို့ချက်ကို ကိုစံကျော် က တင်ပြပေးပါမယ်။

ရခိုင်မြောက်ပိုင်း မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင် အပါအဝင် မြို့နယ် တော်တော်များများမှာ စစ်ကောင်စီက စစ်ဆေးရေးဂိတ်တွေ တိုးချထားပြီး ဒေသခံတွေရဲ့ နေ့စဉ် ခရီးသွားလာမှုတွေနဲ့ လူသုံးကုန်ပစ္စည်း သယ်ယူမှုတွေကို အရင်ကထက် ပိုပြီးတော့ တင်းကျပ် ကန့်သတ် လာနေတယ်လို့ ရခိုင့်တပ်မတော် AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ဗွီအိုအေကို ပြောပါတယ်။

“ပြောရမယ်ဆိုရင် သူတို့က ပထမ အစပိုင်းမှာတာ့ ဘိလပ်မြေတို့ သံတို့ပေါ့နော် အဲ့ဒါတွေကို လုံးဝမယူရဘူးဆိုပြီးတော့ လုပ်တယ်။ နောက်ပိုင်းကျတော့ သူတို့ ဆေးဝါးတွေကို ထပ်ပြီးတော့ ကန့်သတ်တယ်။ အခုနောက်ဆုံး ဆိုလို့ရှိရင်တော့ ဆန်နဲ့ တခြား အစားအသောက်တွေ ပေါ့နော်။ အကုန်လုံးပဲ။ ကြက်သွန်က အစ အဲလိုမျိုး မယူရဘူးဆိုပြီးတော့ တောက်လျှောက် ကန့်သတ်လာတာ တွေ့ရတယ်။”

ရခိုင်ဒေသခံတွေ အနေနဲ့ တမြို့ကနေ တမြို့ ကို ကုန်ပစ္စည်း ဒါမှမဟုတ် အိမ်ဆောက်ပစ္စည်းနဲ့ ဆေးဝါးတွေ သယ်ယူမယ်ဆိုရင် ရခိုင်ပြည်နယ် လုံခြုံရေးနဲ့ နယ်စပ်ရေးရာ ဝန်ကြီးထံမှာ ခွင့်ပြုချက် တင်ပြီး ခွင့်ပြုချက်ရမှသာ ကုန်ပစ္စည်းတွေကို သယ်ယူခွင့်ရတာ ဖြစ်ပါတယ်။ တပိုင်တနိုင် မိသားစု စားဝတ်နေရေးအတွက် ကုန်ပစ္စည်း အနည်းအကျဥ်း သယ်ယူတဲ့ အခါမှာလည်း စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွေမှာ ပိုက်ဆံပေးရတာ တွေ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီလအတွင်းမှာပဲ ရသေ့တောင် ဒေသဘက်မှာ ကုန်တင်ကားတွေ သွားလာလို့ မရတော့သလို ရသေ့တောင်မြို့ပေါ်ကိုလည်း ည ၆ နာရီ နောက်ပိုင်း ဝင်ထွက်သွားလာခွင့် မပေးတော့ဘူးလို့ ရသေ့တောင် ဒေသခံတဦးက ပြောပါတယ်။

“ ဂိတ်တွေကလည်း အရင်ကထက် တိုးချလာတယ်။ ပြီးတော့ ရသေ့တောင်မြို့ဝင် ဆိုလို့ရှိရင် အရင်တုန်းက ကန့်သတ်ထားတာ မရှိဘူး။ ဒီ ၉ လပိုင်းအတွင်းမှာ ဆိုလို့ရှိရင် ရသေ့တောင်မြို့ ထဲကို ည ၆ နာရီဆိုလို့ရှိရင် ပေးမဝင်တာတွေ၊ ပေးမထွက်တော့တာတွေ ရှိတယ်။ ပြည်သူတွေ ကတော့ တော်တော် ကျပ်တည်းလာတာပေါ့နော်။ စစ်ရေးပဋိပက္ခ ဖြစ်နေတဲ့ အချိန်လည်း မဟုတ်ဘူး။ ဒီလိုပိတ်လိုက်တော့ တကြော့ပြန် တိုက်ပွဲတွေ ဖြစ်လာမလား အဲလို စိုးရိမ်စိတ်တွေနဲ့ ဆန်တွေကို ကောက်ဝယ်။ ပစ္စည်းတွေကို သိုလောင်တဲ့ အပိုင်းတွေရှိတယ်။ ဆီစျေးတွေ ဆန်စျေးတွေ တရိပ်ရိပ် တက်လာတာရှိတယ်။ ဒါပေမဲ့ ပြည်သူ လူထုကတော့ ပိုပြီးတော့ ကျပ်တည်းတာပေါ့နော်။”

ရခိုင်ပြည်နယ်မှာ သိပ်မကြာခင်က မိုခါမုန်တိုင်းအပြင် ရေးကြီးရေလျှံမှုတွေ ကြုံခဲ့ရတာကြောင့် စားဝတ်နေရေး ကျပ်တည်းနေတဲ့ အချိန်မျိုးမှာ စစ်ကောင်စီဘက်က အခုလို ကန့်သတ်ချတ်တွေ မလုပ်ဖို့ AA အဖွဲ့က တိုက်တွန်း ပြောဆိုထားတာရှိပေမဲ့၊ ဒီလိုပြောဆိုနေချိန်မှာကိုပဲ ပိုပြီးတော့ တင်းကျပ် စစ်ဆေးလာတဲ့အတွက် နှစ်ဘက်တင်းမာမှု ပိုဆိုးလာနိုင်တယ်လို့ AA အဖွဲ့ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ ဒီကန့်သတ်ချက်တွေနဲ့ ပတ်သတ်ပြီးတော့ ကျနော်တို့ဘက်ကတော့ ဒီလိုမျိုးမလုပ်ဖို့ ကန့်သတ်ပိတ်ပင် တားစီးတာတွေကို ဖွင့်ပေးဖို့ တောက်လျှောက် ပြောနေတာရှိပါတယ်။ ဒါပေမဲ့လည်း သူတို့ကတော့ ကန့်သတ်တာတွေကို အခုရက်ပိုင်းမှာ ပိုပြီးတော့ လုပ်လာတာကို တွေ့ရတယ်။ ဒါဟာ ကောင်းတဲ့ လက္ခာတော့ မဟုတ်ဘူး။ ကျနော်တို့ ကတော့ humanitarian ceasefire က ဆက်ပြီးတော့ ရှိနေသေးတယ်ဗျာ။ ဒါ့ကြောင့်မို့လို့ လက်ရှိအခြေ အနေကတော့ တဘက်နဲ့ တဘက် တိုက်ပွဲ ဖြစ်တာတို့ ဘာတို့တော့ မရှိသေးဘူး။ ဒါပေမဲ့ စစ်ပွဲကာလနဲ့ မခြားတဲ့ ပိတ်ပင် တားစီးမှုတွေကို မြန်မာစစ်တပ်ဘက်က ဆက်ပြီးတော့ လုပ်မယ်ဆိုလို့ ရှိရင်တော့ ဒါဟာနေပြီးတော့ အကောင်းဘက်ကို ဦးတည်နေတယ်လို့တော့ ပြောလို့မရဘူး။”

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့တို့ကြား လူသားချင်း စာနာထောက်ထားတဲ့ အနေနဲ့ နုတ်ကတိနဲ့ အပစ်ရပ် ထားကြတာပါ။ လက်ရှိမှာတော့ စစ်ကောင်စီက မောင်တောမြောက်ပိုင်းမှာ စစ်အင်အား တိုးချဲ့ချထားသလို AA အဖွဲ့ဘက်ကလည်း မြို့နယ်တချို့မှာ ဗုံးခိုကျင်းတွေ တူးခိုင်းတာရှိပြီး စစ်တပ်ဧရိယာအတွင်း အသွားအလာ ဂရုစိုက်ကြဖို့လည်း သတိပေးထားပါတယ်။ ဒေသခံတွေကတော့ သဘာဝဘေး အန္တရာယ်တွေကြောင့် စားဝတ်နေရေး အခက်ကြုံနေရတဲ့ အချိန်မျိုးမှာ နှစ်ဘက် တင်းမာပြီး တိုက်ပွဲတွေ ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG