ခုချိန်အထိ နေရပ်မပြန်နိင်ကြသေးတဲ့ ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်တွေဟာ သူတို့ခိုလှုံရာ စခန်းတွေမှာ ကူညီထောက်ပံ့မှုတွေ မရှိသလောက်နည်းပါးလာတာကြောင့် စားဝတ်နေရေး အခက်ကြုံနေ ကြရပါတယ်။ ကုန်ဈေးနှုန်းတွေမြင့်တက် လာနေပြီး အလုပ်အကိုင်ကလည်း ရှားပါးတာကြောင့် အခက်ခဲမျိုးစုံနဲ့ ရင်ဆိုင်နေကြရတဲ့ အကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကို ကိုစံကျော် တင်ပြပေးပါမယ်။
ရခိုင်ပြည်နယ် မြောက်ပိုင်းမြို့နယ်တချို့က စစ်ဘေးရှောင်စခန်းတွေမှာ ရောက်နေကြတဲ့ ဒုက္ခသည်တွေအတွက် စားနပ်ရိက္ခာထောက်ပံ့မှုတွေ မရှိသလောက်နည်း ပါးလာတယ်လို့ ဒုက္ခသည်တွေကပြောပါတယ်။ ရသေ့တောင်မြို့နယ်မှာဆိုရင် စစ်ဘေးဒုက္ခသည်က ၂ သောင်းနီးပါး အထိ ရှိနေသေးတာ ဖြစ်ပြီး ဒီ ဒုက္ခသည် တွေကို ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် WFP တခုတည်းကသာ ငွေသားတချို့ ထောက်ပံ့ ပေးနေတာပါ။ ဒါပေမယ့် ဒါဟာ လောက်ငမှု မရှိဘူးလို့ စစ်ဘေးဒုက္ခသည်စခန်းက တာဝန်ရှိသူတဦးက ပြောပါတယ်။
“ခက်ခဲနေတယ်ဆိုတာထက် အတိဒုက္ခရောက်နေကြပြီ စဉ်းစားကြည့်ပါဗျာ။ ဒီလောက် ဆီဈေး ဆန်ဈေး ကုန်ဈေးနှုန်းတွေ တက်နေတာ ဆိုတော့ ဘယ်လိုမှကို ထိန်းမနိုင်တော့ဘူး။ လူတ ယောက်က တလကို ၃၃ ဝဝဝ နဲ့ ဘယ်လိုမှကို နေလို့မရတော့ဘူး။ လူတယောက်ရဲ့ တနေ့အသုံးစရိတ်က ရဝဝဝ လောက်ရှိတယ်။ ထမင်း ၂ ထပ် စားမယ်ဆိုရင်၊ အဲတာတောင်မှ ဖွယ်ဖွယ်ရာ ရာမဟုတ်သေးဘူး။ ဆိုတော့ ၃၃၀၀၀ နဲ့ ဘယ်နှစ်ရက် စားရမလဲ၊ တပတ်လောက်ပဲစား ရမှာပေါ့။ ဆိုတော့။ ကျန်တဲ့ သုံးပတ်မှာ သူတို့ ဘာစားပြီး နေရမလဲ။ အဲလိုတွေ ဖြစ်နေကြတယ်။”
ရသေ့တောင်မြို့နယ်ဟာ မိုခါ ဆိုင်ကလုန်းမုန်တိုင်း ဒဏ်ကို အကြီးအကျယ်ခံခဲ့ရတဲ့ မြို့နယ်တခုဖြစ်သလို အလုပ်အကိုင် အခွင့်အလမ်း ရှားပါးတဲ့ မြို့တမြို့လည်းဖြစ် ပါတယ်။ အလုပ်အကိုင်ရှားပါးပေမယ့် နေရပ်ကိုလည်း မပြန်ရဲကြသေးတဲ့ စစ်ဘေးဒုက္ခသည်တွေအနေနဲ့ စားဝတ်နေရေးဖြေရှင်းဖို့ အတော်ခက်ကြုံနေ ရတာဖြစ်တယ်လို့လည်း ရသေ့တောင် စစ်ဘေးဒုက္ခသည် စခန်းတာဝန်ရှိသူက ပြောပါတယ်။
“အလုပ်အကိုင်အခွင့်အလမ်းကတော့ အရမ်းနည်းပါးတာပေါ့။ မြို့ကလည်း သေးတယ်၊ ပြီး တော့တပ်တွေ ကလည်း တပ်စွဲထားတယ်ဆိုတော့ သူတို့လည်း နေရပ်ပြန်ပြီးတော့ အရင်လို ပုံစံမျိုး မလုပ်ရဲကြဘူး။ ငါးရှာတဲ့ သူတွေဆိုရင်လည်း မြစ်ထဲမှာ ဟိုနေရာ မသွားရ ဒီနေရာ မသွားရဒါ။ စကစ နယ်မြေဖြစ်လို့ပေါ့။ သူတို့က မသွားရဘူးလို့ မပြောဘူး။ ဒါပေမယ့် ဒေသခံ တွေက မသွားရဲကြတာ။ လယ်ယာဆိုလို့ ရှိရင်လည်း စကစ တပ်စွဲထားတဲ့ ပတ်ဝန်း ကျင်တွေကို မသွားရဲကြဘူး အဲလို အခြေအနေရှိတယ်။ ”
ပုဏ္ဏားကျွန်းမြို့နယ်အတွင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဆိုရင်လည်း စားနပ်ရိက္ခာတွေ ပြတ်လပ်နေတဲ့အပြင် ကျန်းမာရေးဆိုင်ရာ အခက်အခဲတွေနဲ့ပါ ရင်ဆိုင်နေကြရတယ်လို့ ပုဏ္ဏားကျွန်း စစ်ဘေးဒုက္ခသည်တဦးကပြောပါတယ်။
“ ကျနော်တို့ ဒုက္ခသည်စခန်းမှာ စားဝတ်နေရေး ပြတ်တောက်နေတာ ၂လလောက်ရှိပြီ။ WFP တခုနဲ့ပဲ ကျနော်တို့ မလုံမလောက် စားသုံးနေရတယ်။ ကျနော်တို့မှာ စားဖို့ အတွက် ရုန်းကန် လှုပ်ရှားနေရတာ။ အခုဆိုရင် အလုပ်လုပ်ဖို့လည်း အဆင်မပြေ။ တချို့တွေ ရွာထဲမှာအငှားလိုက်ပြီး တော့လုပ်တယ်။ အဲဒီအလုပ်လည်း ပုံမှန်မရဘူး။ အခုဆိုရင် ပိုပြီးတော့တောင် မရ တော့ဘူး အလုပ်ကလေ။ ကျနော်တို့ အကြပ်အတည်းတွေ ရှိတယ်။ တချို့တချို့လူတွေမှာ စားဝတ်နေရေး ကျပ်တည်းတာ တမျိုး၊ မကျန်းရေး မမာရေး ဖြစ်လာရင် ဆေးကုဖို့ ပိုက်ဆံမရှိ တာ တမျိုး။ ဆေးခန်းကိုလည်း မသွားနိုင်ဘူး။”
ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ WFP ကတော့ ရခိုင်မြောက်ပိုင်းက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ တလစာ အတွက် ဒုက္ခသည်တဦးကို ကျပ်ငွေ ၃သောင်းကျော်လောက် လစဉ်ပုံမှန် ထောက်ပံ့နေတာပါ။ ဒါပေမယ့်လည်း လက်ရှိ တက်လာနေတဲ့ ကုန်ဈေးနှုန်းတွေကြောင့် အဲဒီထောက်ပံ့ငွေ တခုတည်းနဲ့ စစ်ဘေး ဒုက္ခသည် စားဝတ်နေရေးအတွက် ဖြေရှင်းလို့ မရသလို၊ တခြား လူမှုရေး စီးပွားရေး ပညာရေး စတဲ့ အခက်အခဲတွေကို ရင်ဆိုင်နေကြရတယ်လို့ စစ်ဘေးဒုက္ခသည်တဦးက ပြောပါတယ်။
“ အခုက ဘာအဖွဲ့အစည်းမှ မရောက်သေးဘူးခင်မျာ၊ မုန်တိုင်း အလွန်မှာတော့ ပစ္စည်းတွေ ဘာတွေ၊ ငါးခြောက်တွေ ဆန်တွေ၊ ဆပ်ပြာ၊ အဟာရ မုန့်ထုပ်၊ အဲလိုတွေ နည်းနည်းတော့ ရောက်ခဲ့တယ်၊ အခုအဲလို အဖွဲ့အစည်းတွေ မရောက်တာ ၂လ ကျော်သွားပြီ။ WFP ကတော့ ကျနော်တို့ကို လူတယောက်ကို ၃သောင်းကျပ်ပေးတယ်၊ ကုန်ဈေးနှုန်းက တက်လာတာဆိုတော့။ လုံလောက်မှုမ ရှိပါဘူးခင်မျာ။ ”
ရခိုင်မှာ မိုခါအလွန် မုန်တိုင်းသင့်ပြည်သူတွေနဲ့ စစ်ဘေးဒုက္ခသည်တွေကို ကူညီထောက်ပံ့နေတဲ့ အဖွဲ့အစည်းတွေကို စစ်ကောင်စီက ကန့်သတ်ထားတာကြောင့် ဒေသတွင်း ကူညီကယ်ဆယ်ရေး အဖွဲ့တွေ အနေနဲ့ သွားရောက်ကူညီဖို့ ခက်ခဲနေကြတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်တွင်းမှာ ကုန်ပစ္စည်း သယ်ယူခွင့်နဲ့ ခရီးသွားလာခွင့်တွေ အကန့်သတ်ခံ နေရတာကြောင့် နိုင်ငံတကာအဖွဲ့တွေ အနေနဲ့လည်း စားနပ်ရိက္ခာတွေအစား ကျပ်ငွေတွေကို တိုက်ရိုက်ထောက်ပံ့နေရတာလည်း ဖြစ်ပါတယ်။ လက်ရှိအချိန်ထိ ရခိုင်မြောက်ပိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်က ၆သောင်းနီးပါး ရှိနေသေးတယ်လို့ ဒေသတွင်း စစ်ဘေးဒုက္ခသည် ကူညီရေးအဖွဲ့အစည်းတွေက စာရင်းပြုစုထားပါတယ်။