သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး နှောင့်ယှက်မှုတွေရှိ လို့ စစ်ကောင်စီပြော 


ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)
ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှု ၆ နှစ်ပြည့် ဘင်္ဂလာဒေ့ရှ် ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာတွေ ဆန္ဒထုတ်ဖော် (သြဂုတ် ၂၅၊ ၂၀၂၃)

ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက်နေတဲ့ ဒုက္ခသည်တွေ ပြန်လည်လက်ခံနိုင်ရေး ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ စီစဉ်ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှောက်ယှက်မှုကြောင့် ကြန့်ကြာနေရတယ်လို့ မြန်မာစစ်ကောင်စီဘက်က ပြောပါတယ်။ ဒုက္ခသည်တွေဘက်ကတော့ သူတို့ကိုတောင်းဆိုမှုတွေကို အလေးထားမှသာ ပြန်လာချင်တယ်လို့ ပြောပါတယ်။ မအောင်မမြင်ဖြစ်နေရတဲ့ ပြန်လည်လက်ခံရေးကိစ္စနဲ့ပတ်သတ်လို့ ရန်ကုန်ကလာတဲ့သတင်းကို မစုမြတ်မွန်က တင်ပြပါမယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR က ကူညီပေးနိုင်ဖို့ သဘောတူ စာချုပ် ချုပ်ဆိုခဲ့တယ်လို့ စစ်ကောင်စီက ပြီးခဲ့တဲ့ ရက်ပိုင်းက ထုတ်ပြန်ခဲ့ပေမဲ့ အသေးစိတ် အစီအစဉ်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်း မရှိပါဘူး။ ဗွီအိုအေဘက်က စစ်ကောင်စီဘက်ကိုမေးမြန်းတာမှာတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံက နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး အတွက် ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးရုံး UNHCR နဲ့ စီစဉ်ဆောင်ရွက်နေချိန်မှာ မလိုလားအပ်တဲ့ အဖွဲ့အစည်းတွေရဲ့ နှောက်ယှက်မှုတွေ ရင်ဆိုင်နေရကြောင်းနဲ့ မြန်မာနိုင်ငံဘက်ကို ပြန်လာမယ့်သူတွေရဲ့ အမည်စာရင်း အရေ အတွက်တွေ ပေးပို့တဲ့အခါ အာဆာအဖွဲ့က ခြိမ်းခြောက် သတ်ဖြတ်တာ၊ အကူအညီပေးတဲ့အဖွဲ့တွေက ရိက္ခာဖြတ်တောက်တာ၊ အကူအညီမပေးတော့တာတွေ ကြုံနေရတယ်လို့ VOA ရဲ့ မေးမြန်းချက်ကို စာနဲ့ ပြန်လည်ဖြေကြားခဲ့ပါတယ်။ ဒုက္ခသည် ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ အသေးစိတ်မပြောပေမဲ့ သတင်းထုတ်ပြန်သင့်တဲ့အချိန်မှာ သတင်းထုတ်ပြန်မယ်လို့ စစ်ကောင်စီ ဘက်ကပြောကြားပါတယ်။

လာမယ့် ဒီဇင်ဘာလလောက်မှာ ဒုက္ခသည်တွေ ပြန်ပို့ရေး လုပ်ငန်းတွေ ပြန်စနိုင်ဖို့ ကြိုးစားနေတယ်လို့ ဘင်္ဂလားဒေရှ် ဘက်ကတော့ ပြောဆိုထားပေမဲ့ စစ်ကောင်စီဘက်ကတော့ အတိအကျ ပြောဆိုသွားတာမျိုးတော့ မရှိပါဘူး။ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေထဲက တထောင်ကျော် နေရပ်ပြန်ပို့နိုင်ရေး မြန်မာကိုယ်စားလှယ်အဖွဲ့နဲ့ ဘင်္ဂလားဒေ့ရှ်နှစ်နိုင်ငံအကြား ပြီးခဲ့တဲ့ လပိုင်းတွေကတည်းက ညှိနိုင်းဆောင် ရွက်နေပြီး ဒုက္ခသည် ကိုယ်စားလှယ်အဖွဲ့တချို့ကို မြန်မာနိုင်ငံဘက် ခေါ်ပြီး ကြိုတင် စီစဉ်ထားတဲ့နေရာတွေကို ပြသခဲ့ပါတယ်။ ဒါပေမဲ့ မူလကစီစဉ်ထားတဲ့ ပြန်လည်လက်ခံရေး အစီအစဉ်ကို ရွေ့ဆိုင်းလိုက်သလား မရွေ့ဆိုင်းဘူးလားဆိုတာ အတိအကျမသိရသေးပါဘူး။

ဘင်္ဂလားဒေရှ် ကော့ဘဇားမှာရှိနေတဲ့ ဒုက္ခသည်တဦးကတော့ သူတို့ကိုတောင်းဆိုမှုတွေကို အလေးထားမှသာ ပြန်လာဖို့လိုလားတယ်လို့ ပြောဆိုလိုက်ပါတယ်။

"ရိုဟင်ဂျာ သဘောထားကတော့ သူတို့ကိုမူလနေရာပေးရမယ်။ နိုင်ငံသားပေးရမယ်။ လုံခြုံရေးပေးရမယ်။ ဒါတွေ ပေးရင် ဒီမှာမနေဘဲပြန်လာမယ်ပြောတယ်။ စစ်ကောင်စီဘက်က သူတို့ခေါ်မယ်ပြောတယ်။ ဒါပေမယ့် တောင်းဆိုချက်မပေးရင်လူတွေဘယ်လိုပြန်လာမလဲ။ အဲဒါကြောင့်ပြန်မလာချင်ဖြစ်နေတယ်။ သူတို့အမြဲပြောတယ်။ သူတို့ အမြဲပြန်လက်ခံမယ်။ စခန်းတွေရှိတယ်သူတို့နေခိုင်းမယ် ၆လကြာပြန်ပို့မယ်။ အဲလိုပြောတယ် ဒ့ါမယ့်စစ် တွေဒုက္ခသည်စခန်းတွေရှိတယ်။ သူတို့ကိုတောင်မူလနေရာကိုပြန်မပေးဘူးဖြစ်နေတယ်။ သူတို့ကိုလုံခြုံရေးလဲ မပေးဘူး စားဝတ်နေရေးလည်းကျပ်တည်းနေရတယ်။ အဲဒါတွေကြည့်ကျနော်တို့လူတွေစဉ်းစားနေတယ်. ကျနော်တို့ကိုဘယ်လိုပေးမှာလဲ။ စစ်ကောင်စီပြောတာကိုလုံးဝမယုံဘူးဖြစ်နေတယ်။"

ရိုဟင်ဂျာဆိုတဲ့ အသုံးအနှုန်းကို လက်မခံတဲ့ စစ်ကောင်စီက စီစစ်အတည်ပြုထားတဲ့သူတွေကို နေရပ်ပြန်ခေါ်မယ်ဆိုပြီး ကတိပေးထားတာပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေးမှာ အတင်း အကြပ် ခြိမ်းခြောက်တာ၊ လိမ်ညာ လှည့်ဖျားတာတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပါတယ်။

ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင် ဒုက္ခသည်တွေဟာ ဆယ်နှစ်ခုတခုကြာ ဒုက္ခသည်စခန်းတွေမှာ နေထိုင်နေရ တာဖြစ်ပြီး လက်ရှိမှာလည်း စခန်းတွင်း စားနပ်ရိက္ခာ မလုံလောက်တာ၊ ကျန်းမာရေး စောင့်ရှောက်မှု လိုအပ်တာတွေ ရှိနေပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်မှာ ရှိတဲ့ မွတ်ဆလင်တွေရဲ့ သွားလာမှုတွေကိုလည်း စစ်ကောင်စီက လက်ရှိအချိန်ထိ ကန့်သတ် ထားတာကြောင့် ဒုက္ခသည်စခန်းတွေမှာ ရှိနေတဲ့ ဒုက္ခသည်တွေသာမက ကျေးရွာတွေမှာ နေထိုင်ကြတဲ့ မွတ်ဆလင်တွေဟာလည်း စားဝတ်နေရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စတဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့နေကြရပါတယ်။

ရခိုင်ပြည်မြောက်ပိုင်းမှာ ၂၀၁၇ တုန်းက ARSA အဖွဲ့ရဲ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီးနောက် မြန်မာစစ်တပ်နယ်မြေရှင်းလင်းရေးဖြစ်စဉ်အတွင်း အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်အခြမ်း ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ ရိုဟင်ဂျာ ၇ သိန်းကျော်ရှိတယ်လို့ ကုလသမဂ္ဂရဲ့ အချက်အလက်တွေက ဖော်ပြခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG