သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းပြည်အစိတ်စိတ်ကွဲသွားနိုင်တယ်လို့ စစ်ကောင်စီ ယာယီသမ္မတ သတိပေး


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) (နိုဝင်ဘာ ၈၊ ၂၀၂၃/ဓာတ်ပုံ တပ်မတော်သတင်းမှန်ပြန်ကြားရေး )
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီအစည်းအဝေး(၃/၂၀၂၃) (နိုဝင်ဘာ ၈၊ ၂၀၂၃/ဓာတ်ပုံ တပ်မတော်သတင်းမှန်ပြန်ကြားရေး )

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီတပ်တွေနဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေတာ နှစ်ပတ်နီးပါး ကြာလာနေပြီး နိုဝင်ဘာလ ၈ ရက်နေ့က မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (MNDAA) ကိုးကန့်တပ်ရဲ့ထုတ်ပြန်ချက် အရ MNDAA တပ်တွေဟာ ကိုးကန့်ခရိုင်၊ တုန်းရှမ်းဒေသထဲမှာ (၇) ရက်နေ့က ပန်းဝါစခန်းကိုသိမ်းပိုက်ခဲ့ပြီးနောက် ပန်းဝါတောင်ဘက်က စစ်ကောင်စီရဲ့ စခန်းတခုဖြစ်တဲ့ မာလီလင်စခန်းကို (၈) ရက်နေ့မှာ သိမ်းယူနိုင်ခဲ့တယ်လို့ ပြောပါတယ်။ လက်ရှိအချိန်ထိ MNDAA ကိုးကန့်တပ်နဲ့ ရက္ခိုင့် တပ်တော် (AA) နှစ်ခုပေါင်းအနေနဲ့ စစ်ကောင်စီရဲ့တပ်စခန်းအကြီးအသေး စုစုပေါင်း (၁၂၅) ခုကို သိမ်းထားတယ်လို့ ထုတ်ပြန်ပါတယ်။ စစ်ကောင်စီဘက်ကတော့ တိုက်ပွဲနောက်ဆုံးအခြေအနေနဲ့ပတ်သက်ပြီး တစုံတရာတုံ့ပြန် ပြောဆိုတာမျိုးမရှိသေးပေမယ့် ရှမ်းမြောက်တိုက်ပွဲတွေ စတင်ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် နိုဝင်ဘာ (၈) ရက် မနက်ပိုင်းက ‘ကာလုံ’ လို့ အတိုကောက် ခေါ် ကြတဲ့ နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပခဲ့ပါတယ်။

ဒီအစည်းအဝေးမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က MNDAA ကိုးကန့်တပ် အနေနဲ့ ‘ဝ’ နယ်မြေအတွင်း ကြိုတင်ပြင်ဆင်ခဲ့ပြီး တရုတ်နိုင်ငံထုတ် အဝေးထိန်း Drone တွေကို အဓိကထားအသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ပြောပါတယ်။ တိုက်ခိုက်မှုတွေမှာ ကချင် လွတ်မြောက်ရေးတပ် (KIA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ စစ်ကောင်စီက အကြမ်းဖက်အဖြစ် ကြေညာထားတဲ့ ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ ပူးပေါင်းပါဝင်ပေမယ့် MNDAA ကိုးကန့်တပ်နဲ့ တအာင်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တို့က အဓိက တိုက်ခဲ့တာလို့ ဆိုပါတယ်။ အခု တိုက်ခိုက်မှုကိုဦးဆောင်သူက ၂၀၀၉ ခုနှစ် လောက်ကိုင်စစ်ပွဲအပြီး အထူးဒေသ (၄) မိုင်းလား သွားရောက်နေထိုင်ခဲ့တဲ့ ကိုးကန့်ခေါင်းဆောင် ဦးဖုန်ကြားရှင် (အခု ကွယ်လွန်) ရဲ့သားဖြစ်သူ ဦးဖုန်တာရွှင်က ဦးဆောင်ခဲ့တယ်လို့ စစ်ခေါင်းဆောင်က ‘ကာလုံ’ အစည်းအဝေးမှာ ပြောပါတယ်။

ကိုးကန့် ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးဖုန်ကြားရှင်နဲ့ ဦးရန်မိုးလျံတို့ရဲ့ ဖုန်/ရန် အကွဲအပြဲနဲ့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စစ်တပ်နဲ့ပေါင်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးကော်မတီဥက္ကဋ္ဌဖြစ်လာတဲ့ ဦးပယ်ဆောက်ချိန်ရဲ့ သမိုင်းကြောင်းတွေကို အာဏာသိမ်းခေါင်းဆောင်က ပြန်ပြောပြီး အခု တိုက်ပွဲတွေကို မူးယစ်ဆေးဝါးထုတ်လုပ်နိုင်ဖို့ လောက်ကိုင်ဒေသမှာ အာဏာတည်ဆောက်တဲ့အနေနဲ့ MNDAA က တိုက်ခိုက်ခဲ့ကြောင်း စွပ်စွဲပြောဆိုပါတယ်။

စစ်ကောင်စီအနေနဲ့ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုနဲ့ သူတို့အခေါ် ဆူပူမှုလို့ ခေါ်တဲ့ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်မှုတွေကို ဖြေရှင်းနေရလို့ လောက်ကိုင်ဒေသကို အာရုံစိုက်မှု နည်းပါးခဲ့ကြောင်းလည်း စစ်ခေါင်းဆောင်က ဝန်ခံခဲ့ပါတယ်။ လက်လွှတ်ခဲ့ရတဲ့ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ချင်းရွှေဟော်မှာ စစ်ဆင်ရေးစခန်းများမရှိဘဲ လုံခြုံရေးစခန်းတွေသာဖြစ်ကြောင်းလည်း အကြောင်းပြပါတယ်။ နိုဝင်ဘာ ၁၁ ရက်နေ့မှာ ဖွင့်ဖို့ စီစဥ်ထားတဲ့ တရုတ်အကူအညီနဲ့ ဆောက်ခဲ့တဲ့ ကွမ်းလုံ တံတားသစ်ဖွင့်ပွဲ မတိုင်မီ တိုက်ပွဲတွေဖြစ်လို့ တရုတ်နဲ့ဆက်ဆံရေးထိခိုက်နိုင်သလို တရုတ်ဘက်ကို ကျည်ဆန်တွေကျတယ်ဆိုတဲ့ ပြောဆိုမှုတွေကြောင့် နှစ်ဖက်တာဝန်ရှိတွေက ဖြေရှင်းနေရကြောင်းလည်း ပြောပါတယ်။ နယ်စပ်ဒေသတိုက်ပွဲတွေဖြစ်လို့ စစ်ကောင်စီဘက်က အထူးကန့်သတ်ထိန်းသိမ်း ဆောင်ရွက်ခဲ့ကြောင်းလည်း တရုတ်နဲ့ဆက်ဆံရေးကို အလေးပေးပြီးလည်း စစ်ခေါင်းဆောင်က ပြောပါတယ်။

ဒါပေမယ့် ဒီတိုက်ခိုက်မှုတွေလုပ်ဖို့ MNDAA ကိုးကန့်တပ်အနေနဲ့ ၂၀၂၂ ကတည်းက ပြင်ဆင်ခဲ့ပြီး ဒီအကြောင်းကို မဟာမိတ်တွေနဲ့ မိတ်ဆွေတွေ အားလုံးသိတယ်လို့ ပြောခဲ့ပေမဲ့ မြောက်ပိုင်း မဟာမိတ်အဖွဲ့နဲ့တရုတ်နိုင်ငံတို့ ကြား ဆက်ဆံရေးကိုတော့ တိုက်ရိုက် ပြောမသွားပါဘူး။ တခါ လောက်ကိုင်ဒေသမှာ မူးယစ်ဆေးဝါးထုပ်လုပ်မှုနဲ့ လောင်းကစားဝိုင်းတွေ များပြားလာနေပြီး ကိုဗစ်ကပ်နောက်ပိုင်း အွန်လိုင်းငွေကြေးလိမ်လည်မှုတွေမှာ တဖက်နိုင်ငံသားတွေက လုပ်နေတယ်လို့ သုံးနှုံးသွားခဲ့ပြီး တရုတ်နိုင်ငံကိုတော့ တိုက်ရိုက် ရည်ညွှန်းပြောမသွားပါဘူး။

နိုဝင်ဘာ (၈) ရက် ‘ကာလုံ’ အစည်းအဝေးကို ယာယီသမ္မတအဖြစ် စစ်ကောင်စီက ဆက်ထားတဲ့ အရင် ဒု-သမ္မတ ဦးမြင့်ဆွေအပြင် စစ်အာဏသိမ်းမသိမ်းခင်က အရပ်သား အစိုးရခေတ် ဒုသမ္မတ ဟင်နရီဗန်ထီးယူနဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်တို့ တက်ရောက်ခဲ့ကြပါတယ်။ အဲဒီမှာ ဦးမြင့်ဆွေကတပ်မတော်အနေနဲ့ အရေးယူမဆောင်ရွက်ရင် တိုင်းပြည်က အစိတ်စိတ်အမွှာမွှာ ကွဲသွားနိုင်ကြောင်းပြောပြီး တပ်မတော်ကို တနိုင်ငံလုံးကထောက်ခံဖို့ လိုအပ်ကြောင်း တိုက်တွန်းသွားတယ်လို့ စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ ဦးဟင်နရီဗန်ထီးယူနဲ့ ဦးတီခွန်မြတ်တို့ကလည်း နိုင်ငံတော် တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ စစ်ဘေးရှောင် ပြည်သူများ အကူအညီပေးရေး ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG