သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေ တိုက်ပွဲပြင်းထန် 


ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)
ရှမ်းပြည်မြောက်ပိုင်းတိုက်ပွဲတွေအတွင်း စစ်စခန်းတချို့သိမ်းပိုက်ရရှိကြောင်း MNDAA ထုတ်ပြန် (နိုဝင်ဘာ ၂၁၊ ၂၀၂၃)

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၂၈ ရက်မြောက်နေ့မှာ ရှမ်းပြည်နယ်မြောက်ပိုင်း နေရာ ၃ နေရာမှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းတပ်အကြား ၃နေရာ တိုက်ပွဲဖြစ်ပွားကြောင်း TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒီနေ့ မနက် ၉ နာရီဝန်းကျင်မှာတော့ မူဆယ်မြို့ ကျင်စန်းကျော့ ကားကြီးကွင်းမှာ တိုက်ခိုက်ခံရတာကြောင့် ရပ်နားထားတဲ့ ကုန်တင်ယာဉ် အများအပြား မီးလောင်ပျက်ဆီးခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက တိုက်ပွဲအခြေအနေ သတင်းပေးပို့ထားတာကို မဆုမွန်တင်ပြထားပါတယ်။

ဒီကနေ့ ရှမ်းပြည်နယ် မြောက်ပိုင်း တိုက်ပွဲဖြစ်ပွားရာနေရာတွေကတော့ လားရှိုးမြို့နယ်အတွင်း ၂နေရာနဲ့ နမ့်ခမ်းမြို့နယ်အတွင်း ၁နေရာဖြစ်ပါတယ်။ လက်ရှိ တိုက်ပွဲဖြစ်ပွားတဲ့အခြေအနေကို PSLF/TNLA ပြောရေးဆိုခွင့်ရှိသူ ရုံးတာဝန်ခံက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့ တိုက်ပွဲက ကျမတို့ ၃နေရာ ရှိမှာပေါ့နော်။ လားရှိုးမြို့ နမ့်တွန်ကျေးရွာ အနီးမှာ ဒီနေ့လယ် ၁၂ နာရီထိုးမှာ တိုက်ပွဲဖြစ်သွားတယ်။ အဲဒီတိုက်ပွဲဖြစ်ချိန်မှာ စကစရဲ့ လက်နက် ၃ လက် သိမ်းဆည်းတာတွေ ရှိတယ်။ နောက်တခုကလည်း လားရှိုးမိုင်းကျတ် တပ်စခန်းမှာ ဒီ ပြန်ပြီး တိုက်ခိုက်တာမျိုးတွေ ရှိတယ်။ ဒီတိုက်ပွဲဖြစ်နေတဲ့အချိန်မှာ စကစဘက်က ဂျက်လေယာဉ် သုံးပြီးမှ ဗုံးလာကြဲတာတွေ၊ လက်နက်ကြီး ပစ်ကူတာတွေလည်း ရှိတယ်။ နောက်တခုက နမ့်ခမ်းမြို့မှာပေါ့နော်။ စစ်ကောင်စီရဲ့ စခန်းသစ်ကုန်းကို ကျမတို့ ဒီ ဝင်ရောက်တိုက်ခိုက်တာတွေ ရှိတယ်။ အဲဒီတိုက်ခိုက်နေတဲ့ အတွင်းမှာပဲ စကစ ဘက်က လေယာဉ်နဲ့ ဗုံးလာကြဲတာတွေ ရှိတယ်။”

တိုက်ပွဲအခြေအနေ အသေးစိတ်ကိုတော့ ထုတ်ဖေါ် ပြောဆိုတာမရှိပါဘူး။
ဒီကနေ့ မနက် ၉နာရီလောက်မှာတော့ မူဆယ်မြို့ ကျင်စန်းကျော့ဂိတ် ကားကြီးဝင်းမှာ ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် ကုန်တင်ယာဉ်တွေ အများအပြား မီးလောင်ပျက်စီးကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ၉နာရီ ဝန်းကျင်လောက်မှာ စဖြစ်တာ ကျနော်တို့ ကျင်စန်းကျော့ ကားကွင်းပေ့ါနော်။ ကောင်းခံရွာနယ်မြေပေါ့။ အဲဒီမှာ တရုတ်ပြည်ကနေ ထွက်လာတဲ့ ကားတွေ ပေါ့နော်။ အဲဒီစုရပ်မှာကို မနက်က ဘယ်အဖွဲ့လဲတော့ မသိဘူး။ ဘေးပတ်ဝန်းကျင်တွေ ပြောတာတော့ ဒရုန်းနဲ့ လာချသွားတယ်လို့ ပြောတယ်။ ကားလောင်သွားတယ်။ ၁၀ စီးကျော်တယ်လို့တော့ ပြောတယ်။ ဒီ ၂၂ ဘီးတွေရော၊ ၁၂ဘီးတွေရော အခုလည်း မီးလည်း မငြိမ်းသေး သလို အငွေ့တွေ တထောင်းထောင်း တက်နေတာပဲ။ အခုထက်ထိပေါ့နော်။ တပ်စွဲထားတာ အဲဒီနားမှာ ရှိတယ်ခင်ဗျ။”

အခြားဒေသခံ တဦး ကတော့ လက်နက်ကြီးနဲ့ပစ်ခတ်တာဖြစ်ကြောင်းနဲ့ မီးလောင်မှုကြောင့် ကားဝင်းအတွင်း ကားအစီးရေ ရာချီပြီး ဆုံးရှုံးဖွယ် ရှိကြောင်း ပြောပါတယ်။

ဒေသတွင်း သတင်းမီဒီယာတွေ ကတော့ ညီနောင်မဟာမိတ် ၃ဖွဲ့က ကားဝန်းအနီးတပ်စွဲထားတဲ့ စစ်ကောင်စီ တပ်စခန်းကို ဒရုန်းနဲ့ တိုက်ခိုက်တာဖြစ်ကြောင်း ဖော်ပြပါတယ်။ ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး TNLA ပြောရေးဆိုခွင့်ရှိသူကို မေးမြန်းရာမှာတော့ -

“ ဒီဖြစ်စဉ်ကိုတော့ သတင်းမှာတော့ တွေ့လိုက်တာပေါ့။ ကျမတို့ ဘက်က တက်လာတာလည်း မရှိ သလို ဘယ်လိုနဲ့ ဘာကြောင့် ဖြစ်ရသလဲဆိုတာ ကျမတို့လည်း အသေးစိတ်တော့ မသိရသေးဘူး။”

MNDAA ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းကို မေးမြန်းရာမှာတော့ ဒီကနေ့ တိုက်ပွဲသတင်း ပေးပို့လာတာ မရှိသေးကြောင်း ပြောပါတယ်။

“ ဟုတ်ကဲ့ ဒီနေ့ တိုက်ပွဲသတင်းတော့ ကျနော့ဆီ Update မလာသေးဘူးဗျ။ အချိန်ခဏ စောင့်ရအုံးမယ်ထင်တယ်။ ”

ဒီလ ၂၂ရက်နေ့ကတော့ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA ကိုးကန့်တပ်က မူဆယ်မြို့နယ် မုံးကိုးရှိ ဟေမိုးလုံ သာသနာပြုကျောင်းက သံဃာ ၂၆ပါးကို ဖမ်းဆီးပြီး ၄ပါးကို အတင်းအကျပ် စစ်မှုထမ်းခိုင်းတာရှိခဲ့ကြောင်း ပြောဆိုထားပါတယ်။

“ MNDAA အနေနဲ့ မူဆယ် မုံးကိုးဒေသ မုံးကိုးမှာရှိတဲ့ ဟေမိုးလုံသာသနာပြုကျောင်းက သံဃာ ၂၆ပါးကို ဖမ်းထားပါတယ်။ အဲဒီအထဲက ၄ပါးကို စစ်သားအဖြစ် အဓမ္မစစ်သားစုဆောင်းခဲ့တာရှိပါတယ်။ သူတို့ အနေနဲ့ ကိုးကန့်ဒေသမှာ ဘယ်သူမဆို စစ်မှုထမ်းရမယ်။ တအိမ်တယောက်စစ်မှုထမ်းရမယ်ဆိုပြီး တရားဝင် ပြောကြားထားချက်တွေ ရှိပါတယ်။”

ဒီသတင်းထုတ်ပြန်ချက်အပေါ်မှာတော့ MNDAA ပြောခွင့်ရသူ လီကျာဝင်းက အခုလို ပြောပါတယ်။

“ ကျနော်တို့ အဖွဲ့အစည်းအတွင်း စစ်မှုထမ်းဥပဒေ ဆိုတာ ရှိပါတယ်ဗျ။ ကျနော်တို့ အထူး ဒေသ ၁ အတွင်း မှီတင်းနေထိုင်နေတဲ့ ပြည်သူလူထုအားလုံးအနေနဲ့ အသက်အရွယ်ရောက်ရင် စစ်မှုထားရမယ့် တာဝန်တော့ ရှိပါတယ်။ အသက်အရွယ် မပြည့်ဘူးလို့ ပြောဆိုတဲ့ ဟာတွေကတော့ ကျနော်တို့လည်း စစ်ဆေးပြီးရင်တော့ ဒီ စစ်မှုထမ်းမူဝါဒအတိုင်း ကျနော်တို့ လုပ်ဆောင်သွားမှာပါနော်။”

ဒီလ ၂၂ရက်နေ့က မူဆယ် ၁၀၅မိုင် စခန်းကို MNDAA က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် သံဃာအချို့ ထိခိုက်ဒဏ်ရာရခဲ့သလို လောက်ကိုင်မြို့ကိုလည်း ရှော့တိုက်ဒုံး ၁၃လုံးနဲ့ပစ်ခတ်ခဲ့တာကြောင့် တုံချိန်ရှိ ကားတစီး ထိမှန်ခဲ့ကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းက သတင်းထုတ်ပြန်ချက်မှာ ထည့်သွင်း ပြောဆိုထားပါတယ်။

လီကျာဝင်းက မူဆယ်ဘက်မှာ သူတို့ တပ်တွေ မရှိကြောင်းနဲ့ လောက်ကိုင် စစ်ရှောင်မော်တော်ယာဉ် ပစ်ခတ်မှု မှာတော့ ကားတစင်းလုံး မီးလောင် ပျက်ဆီးသွားအောင် ပစ်ခတ်နိုင်တဲ့ လက်နက်ကြီးမျိုး သူတို့ မှာ မရှိကြောင်း တုံပြန်ထားပါတယ်။

MNDAA ရဲ့ လူမှုကွန်ရက် သတင်းစာမျက်နှာမှာတော့ လောက်ကိုင် စစ်ရှောင်မော်တော်ယာဉ်ဟာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်တာဖြစ်ကြောင်းနဲ့ အနည်းဆုံး လူ ၁၄ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားပါတယ်။

ဒီလ ၂၂ရက်နေ့က စစ်ကောင်စီက ရှမ်းမြောက်ဒေသ နမ့်စလပ်၊ နမ့်ကျက်နဲ့ တာမိုးညဲဒေသတွေမှာ တိုက်ပွဲဖြစ်ပွားတာရှိကြောင်း ဖော်ပြထားသလို MNDAA ဘက်ကတော့ ကိုးကန့် ရင့်ရှင့်နေရာရှိ စစ်ကောင်စီတပ်စခန်း(၂) ခုကို ထပ်မံသိမ်းပိုက်ခဲ့ကြောင်းနဲ့ စုစုပေါင်း စစ်ကောင်စီတပ်စခန်း (၁၆၄) ခု သိမ်းပိုက်ရရှိ ထားကြောင်း သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG