သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မူဆယ်- ကျင်စန်းကျော့ ကားကြီးဝန်း လက်နက်ကြီးကျည် ထိမှန်ပျက်စီး


မူဆယ်- ကျင်စန်းကျော့ ကားကြီးဝန်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ)
မူဆယ်- ကျင်စန်းကျော့ ကားကြီးဝန်း ဗုံးကျပြီးမီးလောင်နေစဉ် (ဓာတ်ပုံ-CJ)

တရုတ်နိုင်ငံထဲက ကုန်ကားတွေရဲ့ ခရီးတထောက် ကုန်တင်ကုန်ချ ရပ်နားဝင်းဖြစ်တဲ့ မူဆယ်၊ ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကားကြီးဝန်းထဲကို ဒီနေ့မနက် အစောပိုင်းမှာ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး ကုန်ကားအများအပြား မီးလောင်ခဲ့ပါတယ်။ ဒီနေ့ နေ့လည်ပိုင်းအထိ ကုန်ကားရာနဲ့ချီ ပိတ်မိနေပါတယ်။ ထိခိုက်ဒဏ်ရာရသူတွေ ရှိတယ်ဆိုပေမဲ့ အခုအချိန်အထိ ဒီနေရာကို ဝင်လို့မရသေးကြောင်း ပရဟိတအဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုငြိမ်းချမ်းကတင်ဆက်ပေးမှာပါ။

တရုတ်-မြန်မာနယ်စပ် ကုန်စည်ပို့ဆောင်ရေး အဝင်အထွက်ဂိတ်မှာ မနေ့ကညပိုင်းကတည်းက ပစ်ခတ်မှုတွေ ဆက်တိုက်ဖြစ်နေပြီး ဒီနေ့မနက် အစောပိုင်းမှာတော့ တရုတ်ကုန်တွေရှိနေတဲ့ ကုန်ကားဝန်းထဲကို လက်နက်ကြီးကျည်တွေ ဆက်တိုက်ကျခဲ့ပါတယ်။ မီးလောင်ကျွမ်းတဲ့ ကားအရေအတွက်များကြောင်း ကျင်စန်းကျော့ နယ်စပ်ဂိတ်က ကုန်သည်တဦးက ဗွီအိုအေကို ပြောပါတယ်။

" တရုတ်ပြည်ကထွက်တဲ့ ကုန်တင်ကုန်ချကွင်းရှိတယ်လေ ၁၅ရက်ကွင်းပေါ့ အဲထဲမှာရပ်ထားတဲ့ ကားအစီးရေ တရာကျော်မယ်ဗျ၊ အဲကားပေါ်မှာက တရုတ်ပြည်က မြန်မာပြည်ပို့မဲ့ ပစ္စည်းတွေ တင်ထားတဲ့ ကားကြီးတွေပေါ့ အဲကားကြီးကွင်းထဲကို တပ်ကပစ်လိုက်တဲ့ လက်နက်ကြီး ကျပြီးတော့ ကားတွေမီးလောင်တယ်။ အစီးရေ ၁၀၀ ကျော်မယ်၊ ပစ္စည်း ဆုံးရှုံးမှု တန်ဖိုးကလည်း တအား များမယ်ပေါ့။ လူတော့ ထိခိုက်ဒဏ်ရာရမယ်လို့ မကြားမိဘူးဗျ။"

ကျင်စန်းကျော့ နယ်စပ်ဝင်ထွက်ဂိတ်နားမှာ မြောက်ပိုင်းမဟာမိတ် လက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ မနေ့ကတည်းက တလျှောက်လုံး အပြန်အလှန် ပစ်ခတ်နေကြတယ်လို့ ဒေသခံတချို့က ပြောပါတယ်။ ဒီကားဝင်းနားမှာ စစ်ကောင်စီတပ်သားတွေရော၊ ပြည်သူ့စစ်အဖွဲ့တချို့ပါ ရှိနေတယ်လို့ ပြောပါတယ်။ အနီးဆုံးမှာရှိတဲ့ စစ်ကောင်စီရဲ့ တပ်စခန်းကနေ အဲဒီဘက်ကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ကူပေးနေတယ်လို့ သူတို့က ပြောပါတယ်။

ဒီနေ့မနက်မှာတော့ အဲဒီလက်နက်ကြီး ကျည်တွေက မြန်မာဘက်အခြမ်းက တရုတ်ကုန်သည် တွေပိုင်တဲ့ ကုန်စည်တွေကို တင်ထားတဲ့ ကားဝန်းထဲကို ကျခဲ့တာ ဖြစ်ပါတယ်။ အပြန်အလှန် ပစ်ခတ်မှုတွေကြားမှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်တယောက် သေဆုံးခဲ့ ရသလို ဒဏ်ရာရတဲ့ စစ်သားတချို့ကို ကယ်ပေးဖို့ ပရဟိတအဖွဲ့တွေကို စစ်ကောင်စီက အကူအညီတောင်းထားပေမဲ့ ဒီနေရာကို ဝင်လို့မရသေးကြောင်း ပရဟိတအဖွဲ့တခုက ဗွီအိုအေကို ပြောပါတယ်။

" ဒီလောက် ပစ်ခတ်နေတော့ ကျနော်တို့လည်း မသွားရဲဘူး၊ နောက်ပြီး အခုလည်းပစ်နေတယ်၊ မီးခိုးမှိုင်းတွေတောင် ကျလာပြီ မူဆယ်ဘက်ကိုလေ။ ဒေသခံရှိတဲံ့နေရာမှာ သူတို့တပ်လည်း စွဲထားတာရှိတယ်၊ တပ်ရော ပြည်သူ့စစ်ရော၊ ဒါကြောင့်မို့လည်း ဟိုဘက်က (စစ်ကောင်စီဘက်က) တောင်တန်းပေါ်ကနေ လှမ်းပစ်ပေးနေတာ။ ကားကြီးတွေက အဝင်အထွက်က အဲဒီတပေါက်ပဲရှိတာ၊ အဲဒီကပဲဝင်ရတယ်၊ ထွက်ရတယ်။ အခုလက်နက်ကြီးတွေ ကျလိုက်တဲ့အချိန်မှာတော့ ကားတွေပါကူးစက်ပြီး အကုန်လုံး ပေါက်ကွဲကုန်တာပေါ့။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း မူဆယ် ၁၀၅ မိုင်တပ်စခန်းကနေ ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည် ပေါက်ကွဲမှုကြောင့် ကျေးရွာတခုက ဒေသခံတွေ ထိခိုက်ဒဏ်ရာ ရခဲ့ပါတယ်။ တရုတ်ကတော့ အခုလို မြန်မာနယ်စပ်က အခြေအနေတွေကြောင့် မနက်ဖြန် ၂၄ နောက်ဆုံးထားပြီး နိုင်ငံထဲကို ကုန်တွေ ပြန်သယ်ကြဖို့ သူနိုင်ငံသား ကုန်သည်တွေကို သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG