သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်းမှာ စစ်ကောင်စီနဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့ တိုက်ပွဲပြင်းထန်


The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်တိုက်ပွဲဓါတ်ပုံသတင်း (နိုဝင်ဘာ ၁၃၊ ၂၀၂၃)
The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်တိုက်ပွဲဓါတ်ပုံသတင်း (နိုဝင်ဘာ ၁၃၊ ၂၀၂၃)

ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းကို ဒီနေ့ နေ့ခင်းပိုင်းက TNLA က ဝင်ရောက် တိုက်ခိုက်ခဲ့သလို ဂုတ်တွင်းဘက်မှာတော့ စစ်ကောင်စီက TNLA ပူးပေါင်း တပ်ဖွဲ့တွေကို လေကြောင်းက တိုက်ခိုက်တာတွေ ရှိခဲ့ပါတယ်။ ကိုးကန့်ဒေသအတွင်းမှာတော့ MNDAA က စစ်တပ်စခန်းတခုကို ထပ်မံသိမ်းယူခဲ့သလို တနင်္လာနေ့ကတော့ လောက်ကိုင်အဝင်လမ်းက ပါစင်ကျော်ရွာကို သိမ်းယူလိုက်ခဲ့တာပါ။ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒီကနေ့ တိုက်ပွဲအခြေအနေ သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင်က တင်ပြပေးမှာပါ။

ကိုးကန့် MNDAA ၊ တအာင်းTNLA ၊ ရက္ခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးဟာ ၁၉ရက် မြောက်ရှိလာခဲ့ပြီး ဒီကနေ့မှာတော့ ရှမ်းမြောက်ဒေသမှာ TNLA က ကျောက်မဲမြို့နဲ့ နောင်ချိုမြို့နယ်တွေ၊ MNDAA က ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ ဆက်လက် ထိုးစစ်ဆင်နေပြီး တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတာပါ။ ဒီနေ့ နေ့ခင်းပိုင်းမှာ TNLA က ကျောက်မဲမြို့က စစ်ကောင်စီတပ်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ တယ်လို့ TNLA ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့က ဒီ ကျောက်မဲမှာရှိတဲ့ ၅၀၂ တပ်ကုန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်။ ကျောက်မဲတိုက်ပွဲက နေ့လည် ၁၂နာရီ ၄၅ကနေပေါ့နော။ ဒီတိုက်ပွဲကို လက်နက်ကြီးပစ်တာ။ လက်နက်ကြီးပစ်ပြီးမှ ဝင်ပြီးတော့မှ စီးနင်းတာပေါ့။ ပြီးရင် စကစဘက်က ဂုတ်တွင်းမှာ ရဟတ်ယာဉ်တွေ သုံးပြီးမှ ကျမတို့ကို တိုက်ခိုက်တာရှိတယ်။ နေ့လည် ၁၀ နာရီတကြိမ်၊ ပြီးရင် ၁၂ နာရီတကြိမ်ပေါ့။ ”

ကျောက်မဲတိုက်ပွဲကတော့ ပြန်ကြားရေးဌာနကို သတင်းပို့တဲ့ နေ့ခင်း ၂နာရီ အထိ ဖြစ်ပွားနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ ကျောက်မဲနဲ့ ဂုတ်တွင်းက အသေးစိတ်အခြေအနေကိုတော့ ညပိုင်းမှ သိနိုင်မှာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကျောက်မဲဒေသခံတဦးကတော့ စစ်ကောင်စီတပ်စခန်းဘက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားရကြောင်း၊ ဒီလိုပစ်ခတ်တာကလည်း အဝေးကို ပစ်ခတ်နေတဲ့ အသံဖြစ်ပြီး ရင်ဆိုင်ပစ်ခတ်နေတဲ့ အသံမျိုး မကြားရကြောင်း ပြောပါတယ်။ နောက် ဒေသခံတစ်ဦးကတော့ ကျောက်မဲအခြေစိုက် စကခ ၁ ကို ဝင်ရောက် တိုက်ခိုက်တာရှိကြောင်း၊ ဒါဟာလည်း ကျောက်မဲ စကခ ကနေ လက်နက်ကြီး ပစ်ကူပေးနေတာကြောင့် နှောက်ယှက် တိုက်ခိုက်တာဖြစ်ပြီး မြို့သိမ်းတိုက်ပွဲဆင်တဲ့ သဘောမျိုး မတွေ့ရကြောင်း ပြောပါတယ်။

“အခုဟာက ဝင်တိုက်တယ်ဆိုတာက ပစ်ကူပေးပေါ့၊ အဲဒီဘက်ကို ဝင်ပြီးတော့ နှောက်ယှက်တဲ့ သဘောပါပဲ။ ဟိုလိုကြီးတော့ နမ့်ခမ်းတို့၊ ကွမ်လုံတို့၊ ဟိုဘက်ဆို ကောလင်းတို့ ထီးချိုင့်တို့လို စစ်ဆင်ရေးကို လုပ်တာတော့ မဟုတ်ဘူး။ ”

ဒီကနေ့မှာတော့ နမ့်ခမ်းနဲ့ သိန္နီဘက်က တိုက်ပွဲဖြစ်ပွားတဲ့သတင်းတက်လာတာ မရှိသေးကြောင်း လည်း ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ ကိုးကန့်ဒေသဘက်မှာတော့ MNDAA တပ်ဖွဲ့က ဒီနေ့ တပ်စခန်းတခုကို သိမ်းယူလိုက်သလို မနေ့ကလည်း လောက်ကိုင်နဲ့ ချင်းရွှေဟော်ကြားမှာရှိတဲ့ ပါစင်ကျော်စခန်းကို သိမ်းယူခဲ့ကြောင်း MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက ပြောပါတယ်။

“ ဒီနေ့ အနေနဲ့တော့ ကျနော်တို့ ဒီကိုးကန့်ခရိုင် ရှီရှမ်းဒေသ ဒီဟွာစပန်ရွာမှာရှိတဲ့ တပ်စခန်းတခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်။ ဒါက ဒီနေ့ရဲ့သတင်း။ ဒီ ပါစင်ကျော်၊ ကျနော်တို့ အခေါ် ရှီးယွင်ကြည်ရွာကိုတော့ ကျနော်တို့ သိမ်းပိုက်ထားနိုင်တယ်ခင်ဗျ။ ”

ပါစင်ကျော်ရွာဟာ လောက်ကိုင်မြို့နဲ့ ၅မိုင်ခန့်သာ ကွာဝေးပြီး လောက်ကိုင်မြို့ လုံခြုံရေးအတွက် အရေးပါတဲ့ နေရာတခုဖြစ်ပါတယ်။ လောက်ကိုင်ဘက် တိုက်ပွဲအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းရာ မှာတော့ အခုလို တုံပြန်ပါတယ်။

“ လောက်ကိုင်အခြေအနေကိုတော့ ကျနော်မပြောသေးပါဘူးနော။ အခြေအနေပဲ စောင့်ကြည့်လိုက်ပါ။ ”

The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်တိုက်ပွဲဓါတ်ပုံသတင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၃)
The Kokang ဖေ့စ်ဘုတ်စာမျက်နှာတွင် ထုတ်ပြန်ထားသည့်တိုက်ပွဲဓါတ်ပုံသတင်း (နိုဝင်ဘာ ၁၄၊ ၂၀၂၃)

ညီနောင်မဟာမိတ်တပ်ဖွဲ့အနေနဲ့ ရှမ်းမြောက်ဒေသမှာ စစ်စခန်း ၁၄၀ ကျော်နဲ့ ချင်းရွှေဟော်၊ ကွမ်းလုံ၊ နမ့်ခမ်း၊ မုံးကိုး၊ ဖောင်းဆိုင်နဲ့ ပါစင်ကျော်တို့ကို သိမ်းထားကြောင်း ဖောင်းဆိုင်နဲ့ ပါစင်ကျော်ဟာ မြို့ အဆင့် မရှိပေမယ့် စစ်ရေးအရ အချက်အခြာကျတဲ့နေရာတွေဖြစ်ကြောင်း ပြောပါတယ်။ စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက MNDAA တပ်ဖွဲ့တွေဟာ နယ်ခြား မှတ်တိုင် ၁၂၅အနီးရှိ စစ်ရှောင်စခန်းကို ဝင်ရောက်ပစ်ခတ်တာတွေ ရှိခဲ့ကြောင်း ဒီလ ၁၂ရက်နေ့က ပြောဆိုထားတဲ့အပေါ်မှာတော့ လီကျာဝင်းက အခုလို တုံ့ပြန်ထားပါတယ်။

“ ဒါက လုံး၀ မဖြစ်နိုင်ဘူးဗျနော။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ တပ်ဖွဲ့တွေက လောက်ကိုင်ဘက်မှာလည်း မရှိသေးဘူး။ အဲဒီ ၁၂၅ မိုင်တိုင်ကို ရောက်အောင်ပစ်နိုင်တဲ့ လက်နက်ကြီးလည်း ကျနော်တို့မှာ မရှိဘူးဗျနော်။”

ကိုးကန့် MNDAA ၊ တအာင်းTNLA ၊ ရက္ခိုင် AA ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ဖွဲ့ဟာ အောက်တိုဘာလ ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ပြီး စစ်ဆင်ရေးကာလ ၁၈ရက်အကြာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာတော့ ရခိုင်ပြည်နယ်အတွင်းမှာ စစ်ကောင်စီနဲ့ AA အကြား တိုက်ပွဲတွေ ပြန်လည်စတင်ခဲ့ပါတယ်။

လောလောဆည်မှာ စစ်ကောင်စီတပ်တွေဟာ ကချင်၊ ကရင်၊ ကယား၊ ချင်း၊ ရှမ်းမြောက်ဒေသ၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊တနင်္သာရီစတဲ့ ပြည်နယ်နဲ့ တိုင်းတွေမှာ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ ပူးပေါင်းတိုက်ခိုက်နေတဲ့ PDF တပ်ဖွဲ့တွေနဲ့ နေ့စဉ် တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG