သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသမှာ တိုက်ပွဲ ဆက်လက်ပြင်းထန် 


ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်လိုက်ကြောင်း KNDF ထုတ်ပြန် (နိုဝင်ဘာ ၁၁၊ ၂၀၂၃)
ကရင်နီဒေသ ၁၁၁၁ စစ်ဆင်ရေးကြေညာပြီး စစ်ကောင်စီစခန်းတချို့ကို သိမ်းပိုက်လိုက်ကြောင်း KNDF ထုတ်ပြန် (နိုဝင်ဘာ ၁၁၊ ၂၀၂၃)

ကယားပြည်နယ်မှာ တစ်လေးလုံး စစ်ဆင်ရေး စတင်လိုက်တဲ့ စနေနေ့ကနေ ဒီကနေ့ နိုဝင်ဘာ ၁၃ရက်နေ့အထိ လွိုင်ကော်မြို့ အပါအဝင် နေရာအတော်များများမှာ ၃ ရက်ဆက်တိုက် ပြင်းပြင်းထန်ထန် တိုက်ပွဲဖြစ်ပွားနေတယ်လို့ မြို့ခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီနေ့ မနက်အစောပိုင်းထဲက လွိုင်ကော်မြို့ ဒေါဥခူရပ်ကွက် လွိုင်ကော်ထောင် ပတ်ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ဖြစ်ပြီး စစ်ကောင်စီက လက်နက်ကြီးအပြင် လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက် နေတာပါ။ အပြည့်အစုံ သတင်းပေးပို့ထားတာကို မမြသဇင်အောင်ကတင်ပြပေးပါမယ်။

ကယားပြည်နယ်မှာ နိုဝင်ဘာ ၁၁ ရက် စနေနေ့က ၁ လေးလုံး (၁၁.၁၁) စစ်ဆင်ရေး အဖြစ် စစ်ကောင်စီ တပ်စခန်းတွေကို ကရင်နီပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲ့ဒီနေ့ တရက်ထဲမှာတင် စခန်း ၇ ခုကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ KNDF က သတင်းထုတ်ပြန်သလို အဲ့ဒီနေ့မှာပဲ စစ်ကောင်စီရဲ့ ဂျက်တိုက် လေယာဉ်တစင်းကိုလည်း ပစ်ချနိုင်ခဲ့တယ်လို့ ပြောပါတယ်။ ဒေသတွင်းနေထိုင်သူတွေကလည်း စနေနေ့ကနေ ဒီကနေ့ တနင်္လာနေ့ အထိ နေရာ အတော်များများမှာ ၃ရက် ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ် လို့ ပြောပါတယ်။

လွိုင်ကော်မြို့မှာတော့ မနက်အစောပိုင်းကတည်းက တိုက်ပွဲတွေ ဖြစ်နေတယ်လို့ လွိုင်ကော်မြို့မှာ လာရောက် ခိုလှုံနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဒီနေ့ကတော့ တစ်မနက်လုံးလည်း တိုက်ပွဲအသံကြားရတယ်။ အခုလည်းတောက်လျှောက် လေယာဉ်နဲ့ စကားပြောနေတုန်ပါပဲ လေယာဉ်နဲ့ ပြန်ပြီးတော့ ပစ်ချနေတယ်ဗျ။ ဒေါဥခူ ဒီအနောက်ဘက်ခြမ်း ထောင်အနားတဝိုက်ပေါ့နော် အဲ့ဒီထောင်ရှိတဲ့ဘက်ပေါ့၊ ဒီမနက် အစောကြီးပဲ ၅နာရီကျော်ကျော်လောက် ကတည်းက စတာ အခုတော့ လက်နက်ငယ်အသံတော့ ကျဲတယ် သိပ်မကြားရဘူး ဒါပေမယ့် တောင်လျှောက် လေယာဉ်နဲ့ ၂ ခါ ၃ ခါရှိပြီး ပစ်နေတယ် လေယာဉ်လည်း ပျံနေတုန်းပဲ။”

လွိုင်ကော်မြို့ မှာရှိတဲ့ ရေအိုရပ်ကွက်မှာ စနေနေ့က တိုက်ပွဲစတင် ပြင်းထန်လာတာ ဖြစ်ပြီး မနေ့က တနင်္ဂနွေနေ့မှာ ဒေါဥခူရပ်ကွက်ထဲမှာရှိတဲ့ လွိုင်ကော်ထောင်အနီးတဝိုက်အထိ တိုက်ပွဲ တွေရှိလာတဲ့ အပြင် ဒီကနေ့အထိလည်း ဆက်လက်ဖြစ်ပွားနေတာပါ။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ ဦးတည်ရာမရှိ ရမ်းသန်း ပစ်ခတ်နေသလို လေယာဉ်နဲ့ပါ တောက်လျှောက် ဗုံးကြဲနေတာကြောင့် အပြင်မထွက်နိုင်တဲ့အပြင် နေအိမ်အောက်ထပ်မှာ ပုန်းခိုနေရတယ်လို့ တိုက်ပွဲကြားထဲ ပိတ်မိနေတဲ့ ဒေါဥခူရပ်ကွက်နေသူတဦးက ပြောပါတယ်။

“ကိုယ့်အဖွဲ့လေးနဲ့ ကိုယ်ပေါ့ အဲ့ဒီလုံခြုံတဲ့ အိမ်ကလေးမှာပဲ စုပြီးနေကြတာပဲလေ။ အဝေးထွက်လို့မရဘူး။ အခုလေယာဉ်ကြဲနေဆိုတော့ အိမ်အပြင်တောင် ထွက်လို့မရဘူး။ ဟိုမှာ လေယာဉ်ဝဲပြီးတော့မှ ပစ်နေတာပဲ။ ကျမတို့ရပ်ကွက်က အိမ်တွေထိကြတာပဲလေ။ အခုကျမတို့ ရပ်ကွက်ကတော့ လူတော့ မထိခိုက်သေးဘူး။ ဒါပေမယ့် ဟိုဘက် နန်းကွပ်တွေမှာတော့ ထိခိုက်တယ်ပြောတယ် ကလေးမလေးတစ်ယောက် သေတာကြားတာပဲ။”

စစ်ကောင်စီက သူတို့ လက်လွတ်ခဲ့ရတဲ့ စခန်းတွေကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်အင်အားတိုးချဲ့ပြီး စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ကလည်း လွိုင်ကော်နဲ့ ဒီးမော့ဆိုမြို့နယ်ကြားထဲ ဘုရားဖြူ စစ်ဆေးရေးဂိတ်အနီး တဝိုက်မှာ ပြင်းပြင်းထန်ထန် နှစ်ဖက်ပစ်ခတ်သံ ကြားရပြီး လေယာဉ်နဲ့လည်း ဗုံးကြဲတိုက်ခိုက်နေတာလို့ ဒေသခံက ပြောပါတယ်။

စစ်ပြေးဒုက္ခသည်တွေဟာ စစ်ကောင်စီရဲ့ ဦးတည်ရာမရှိ ပစ်ခတ်နေတဲ့ လက်နက်ကြီးနဲ့ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုပဲ ကြောက်လန့်နေရတယ်လို့ လွိုင်ကော်မြို့ခံက ပြောပါတယ်။

“ကျနော်တို့ ကြောက်ရတာတော့ လက်နက်ကြီးပဲ၊ ပြီးတော့ လေယာဉ်ပဲ ဒီနှစ်မျိုးတော့ တအားကြောက်ရတယ်ပေါ့နော်။ ရိုးရိုးတိုက်ပွဲပဲ ဆိုရင်တော့ ကျနော်တို့ ပုန်းရှောင်ရတာလွယ်တယ်။ အိမ်ထဲမှာနေဖို့ ကျနော်တို့လည်း လုံခြုံသလိုခံစားရတယ်။ ဒါပေမယ့် လက်နက်ကြီးတို့ လေယာဉ်တို့ကျတော့ တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာလည်း ကျတယ် အဲ့လိုမျိုးဆိုတော့ ကျနော်တို့ အရမ်းစိုးရိမ်ရပါတယ်။”

ဒီနေ့ တိုက်ပွဲနဲ့ ပတ်သက်လို့ ယခု သတင်းရေးနေတဲ့အချိန်ထိ စစ်ကောင်စီက သတင်းထုတ်ပြန်တာ မရှိသေးသလို၊ ကရင်နီတော်လှန်ရေး အဖွဲ့တွေနဲ့ ဒေသတွင်း ကာကွယ်ရေးအဖွဲ့တွေ ကိုလည်း ဆက်သွယ်လို့မရသေးပါဘူး။

၁၁.၁၁ စစ်ဆင်ရေးဟာ ကရင်နီတပ်မတော် (KA)၊ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်(KNDF) KNPLF၊ ဒီးမော့ဆိုမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ အလယ်ပိုင်းတိုင်း ရှမ်းတောင်စစ်ဒေသခွဲ နဲ့ ကယား(ကရင်နီ)စစ်ဒေသခွဲ PDF တပ်ရင်းတွေ အတူတကွ ပူးပေါင်းပြီး စစ်ဆင်ရေးလုပ်ဆောင်ခဲ့ပြီး စစ်ဆင်ရေး ပထမရက်မှာ ဒီးမော့ဆို၊ လွိုင်ကော်နဲ့ မိုးဗြဲ မှာ တပ်စွဲအထိုင်ချထားတဲ့ စစ်ကောင်စီ စခန်း ၇ ခု အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ ကြောင်းနဲ့ လက်နက်ကြီး လက်နက်ငယ် စုစုပေါင်း ၁၀၀ လောက်နဲ့ ခဲယမ်း ကျည်ဆံတွေလည်း သိမ်းဆည်းရမိတဲ့အကြောင်း KNDF က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG