သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ တိုက်ပွဲစတင်


ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA
ရခိုင်လက်နက်ကိုင်တပ်ဖွဲ့ ရခိုင့်တပ်တော် AA

ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား နားလည်မှုနဲ့ အပစ်ရပ်ထားတဲ့ ရခိုင်မြောက်ပိုင်းမှာ ဒီကနေ့ မနက်ပိုင်းကနှစ်ဘက်အပြန်အလှန်တိုက်ပွဲ စတင်ဖြစ်ပွားနေပါတယ်။

ဒီကနေ့ မနက် ၅ နာရီဝန်းကျင်လောက်က ရသေ့တောင်နဲ့ မောင်တော အငူမော်ကားလမ်း ဒုံးပိုက်ကျေးရွာနဲ့ ချိန်ခါလီကျေးရွာအနီးမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီကြား နှစ်ဖက်အပြန် ပစ်ခတ်သံတွေ ကြားနေရတယ်လို့လည်း ရသေ့တောင်ဒေသခံတဦးးကပြောပါတယ်။

“ ရသေ့တောင်နဲ့ မောင်တော အငူမော်ကားလမ်း ဒုံးပိုက် ချိန်ခါလီဆိုတာက ရှိတယ်၊ အခုလက်ရှိ ပစ်နေသံတွေတောင်ကြားရတယ်။ ရသေ့တောင် က တောက်လျောက် ပစ်နေတယ်။ မနက် ၅ နာရီကတည်းက ပစ်နေတာ ကျနော်တို့တောင် အခုပြေးတော့မလို့ တော်စိုးရိမ်ရတဲ့ အခြေအနေတွေရှိတယ်။”

လက်ရှိမှာတော့ ရသေ့တောင်မြို့နယ်ဘက်ကနေ တိုက်ပွဲဖြစ်တဲ့ ဒုံးပိုက်ချိန် ခါလီဘက်ကို လက်နက်ကြီးနဲ့ တောက်လျောက်ပစ်နေတာတွေရှိတာကြောင့် ဒေသခံတချို့ထွက်ပြေးနေကြရတယ်လို့လည်း ရသေ့တောင်ဒေသခံတဦးကပြောပါတယ်။

“ လက်နက်ကြီးသံတွေက မနက် ၅ နာရီကတည်းက နည်းနည်းကြားတာပေါ့ တလုံးနှစ်လုံးလောက်ပဲ ကြားရတယ်၊ အခုအချိန်မှာပိုဆိုးလာတယ်၊ ၆ နာရီကျော်လောက်က ပိုဆိုးလာတယ်ပေါ့နော်။လက်နက်ကြီး ရသေ့တောင်က ပစ်နေတာ မြို့ခံတွေ မနေရဲတော့ဘူး ကြောက်ပြီးတော့ ထွက်ပြေးကြတယ်။”

မင်းပြားမြို့နယ် ဖားပြိုကျေးရွာအနီးမှာလည်း စစ်ကောင်စီကားနှစ်စီးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် တိုက်ပွဲဖြစ်ပွားနေသလို မင်းပြားမြို့ပေါ် ကျိန်းတောင် လက်နက်ကြီး စခန်းကနေလက်နက်ကြီးတွေနဲ့တောက်လျှောက် ပစ်ခတ်နေတယ်လို့လည်း မင်းပြားဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ ရခိုင်မြောက်ပိုင်းက မြို့ဝင် မြို့ထွက် လမ်းတချို့ကို စစ်ကောင်စီက ပိတ်ထားတယ်လို့ဒေသခံတွေ ပြောဆိုကြပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ စစ်ကောင်စီဘက်ကို ဗွီအိုအေဆက်သွယ်နေပေမဲ့ သီးခြား အတည်ပြုချက်မရသေးဘူး။ ရခိုင်မြောက်ပိုင်းမှာရှိတဲ့ ဒေသခံတွေကို စားနပ်ရိက္ခာနဲ့ လုံခြုံရေးအတွက် ပြင်ဆင်ထားဖို့ ပြီးခဲ့တဲ့ ရက်ပိုင်းကတည်းက ရခိုင်လက်နက်ကိုင် AA အဖွဲ့ဘက်က မှာကြားထားတာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

XS
SM
MD
LG