သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ထားပေမယ့် ပလက်ဝဒေသခံတွေ ကုန်သွယ်စီးပွားခက်ခဲ


ပလက်ဝ palatwa
ပလက်ဝ palatwa

စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AAအဖွဲ့ကြား နားလည်မှုနဲ့အပစ်ရပ်ထားတာ အခုဆိုရင် တနှစ်နီးပါးရှိလာပါပြီ။ တိုက်ပွဲကာလတုန်းက စစ်ဒဏ်ကို ဆိုးဆိုးရွား ရွားကြုံ တွေခဲ့ ရတဲ့ ပလက်ဝဒေသမှာ လက်ရှိ တိုက်ပွဲရပ်တန့်ထားတဲ့အချိန် ဒေသခံတွေရဲ့ လူမှုစီးပွားအခြေအနေ ဘယ်လိုရှိနေပါသလဲဆိုတာ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့နှစ်တွေက စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား တိုက်ပွဲတွေကြောင့် ဒေသခံ တွေ သေဆုံး ထိခိုက်ဒဏ်ရာ ရတာတွေ၊ နေရပ်စွန့်ထွက်ပြေးကြရတာတွေနဲ့ ကြုံကြရသလို ခရီးသွားလာ ခွင့်တွေ၊ ကုန်ပစ္စည်း သယ်ယူခွင့်တွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားခဲ့တာပါ။

လက်ရှိမှာတော့ စစ်ကောင်စီနဲ့ AAအဖွဲ့ကြား အပစ်ရပ်ထားတာ အချိန် ကြာလာတာနဲ့အမျှ စစ်ကောင် စီဘက်ကလည်း ပလက်ဝဒေသအတွင်း တင်းကြပ်ထားတာတွေထဲကတချို့ကို ဖြေလျှော့ပေးလာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လက်ရှိမှာတော့ စစ်ကောင်စီရဲ့ကန့်သတ် ချက်တွေ ဖြေလျှော့မှု တချို့ကြောင့် ဒေသခံတချို့ တောင်ယာလုပ်ငန်းပြန်လုပ်နိုင်လာကြတာတွေ ရှိတယ်လို့လည်း ပလက်ဝမြို့နယ် မီးလက်ဝ ကျေးရွာသား တဦးကပြောပါတယ်။

“ကျနော်တို့ဘက်က ဒေသခံတွေကတော့ ၁ဝဝ မှာ ၁၅ ရာခိုင်နှုန်းလောက်၊ ကိုယ့်လယ် ကိုယ့်ကိုင်းတွေကို လုပ်ကိုင်စားနေကြတာတော့ ရှိတယ်။”

ဒါ့ပြင် ပလက်မြို့အတွင်း ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်စေဖို့နဲ့ ဒေသခံတွေ စီးပွားရေးအဆင်ပြေဖို့ဒီလဆန်းပိုင်းကစလို့ စစ်ကောင်စီက တပတ် ၃ ရက်ပုံမှန် ကျောက်တော်-ပလက်ဝကို သင်္ဘောပြေး ပေးနေတယ်လို့လည်း ပလက်ဝဒေသခံကုန်သည်တဦးကပြောပါတယ်။

“သင်္ဘောထွက်တာကတော့ ဒီကထွက်တာ တနင်္လာရယ်၊ ဗုဒ္ဓဟူးရယ်၊ သောကြာရယ်၊ အဲဒီ သုံး ရက်ပေါ့ ဒီကတက်တာ။”

ပလက်ဝဒေသမှာ နေထိုင်သူအများစုဟာ တောင်ယာလုပ်ငန်းနဲ့ စိုက်ပျိုးရေးလုပ်ငန်းကို အဓိကလုပ်ကိုင်တဲ့ဒေသတခုဖြစ်ပြီး သစ်သီးတွေနဲ့ ကွမ်းရွက်တို့လို ကုန်စိမ်းတွေ အထွက်များတဲ့ ဒေသတခုလည်းဖြစ်ပါတယ်။ ဒါ့ကြောင့် ကုန်သည်တွေဟာလည်း သီးနှံတွေနဲ့ ကုန်စိမ်းတွေ တင်ပို့ရတာများပါတယ်။ ဒါပေမယ့် တပတ်မှာ ၃ ရက်ပဲ ပြေးဆွဲခွင့်ရတဲ့သင်္ဘောနဲ့ ကုန်စည်တွေပို့ဆောင်ရတဲ့အပိုင်းမှာ အခက်အခဲတချို့တော့ ရှိနေသေးတယ်လို့ ဒေသခံကုန်သည်တဦးကပြောပါတယ်။

“အခက်အခဲကတော့ အများကြီးပဲ၊ ဘယ်လို အများကြီးလဲဆိုတော့ အခုနက ကျနော်ပြောသလို ကိုယ့်စက်လှေနဲ့ ဆင်းမယ့်ဟာတို့ ဘာတို့မရဘူး။ သူတို့သင်္ဘောနဲ့ပဲတင်ရမယ်၊ နောက်ပြီးတော့ သူတို့က တာဝန်ယူမှု တာဝန်ခံမှု မရှိဘူး၊ သင်္ဘောသားတွေကျရင်လည်း ဟိုတလောက ပစ္စည်းတွေ ထည့်လိုက်တာကို စစ်ကောင်စီက ပိုက်ဆံပေးပြီး ယူသွားတယ်။ အဲဒါကို သင်္ဘောသားက ပြန်မပေးဘူး၊ နောက်တခုကတော့ အဆင်မပြေဘူးဆိုတာက လုပ်ငန်းကိုင်ငန်းတွေလည်း မရှိကြဘူးဆိုတော့ စားဝတ်နေရေးက သိပ်အဆင်မပြေဘူး။ သွားရေး လာရေးပိုင်းတွေမှာလည်း ကန့်သတ်ချက်တွေလည်းရှိနေသေးတယ်။”

ဒါ့အပြင် စစ်ကောင်စီကပြေးဆွဲတဲ့ သင်္ဘောဟာကုန်တင်ခဈေးနှုန်းတွေလည်း ဈေးကြီးသလို ကိုယ်ပိုင် စက်လှေတွေနဲ့ ကုန်ပို့တာတွေကိုလည်း စစ်ကောင်စီက ကန့်သတ်ထားဆဲဖြစ်တယ်လို့လည်း ကုန်သည်တွေက ပြောပါတယ်။

အပစ်ရပ်ထားတဲ့အချိန် စစ်ကောင်စီက ကန့်သတ်ချက်တွေဖြေလျှော့ပေးနေတယ်ဆိုပေမယ့် ခရီးသွားလာချင်ရင် ခွင့်ပြုချက်နေရသေးတဲ့အပြင် ကန့်သတ်ချက်တချို့ ရှိနေသေးတယ်လို့လည်း ပလက်ဝဒေသခံတဦးကပြောပါတယ်။

“မြို့ပေါ်တွေမှာတော့ သွားရေးလာရေးက ရတော့ရတယ်၊ မြို့အပြင်တွေ သွားမယ်ဆိုတော့ မျှောတင်ရတယ်၊ စက်လှေနဲ့ သွားမယ်ဆိုရင်လည်း ခွင့်ပြုစာနဲ့ပဲ သွားရတယ်။ ကျနော်တို့ကတော့ အရင်ကလိုသွားချင်တယ်၊ လာချင်တယ်။ အရင်ကလို လွတ်လွတ်လပ်လပ်နေချင်တယ်။”

လက်ရှိ ပလက်ဝမြို့နယ်အတွင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးဒုက္ခသည်တွေလည်း ရှိနေသေးတာပါ။ ဒါပေမယ့် ဒေသခံတွေအနေနဲ့ကတော့ တိုက်ပွဲကာလတွေတုန်းကနဲ့စာရင် ကုန်စည်စီးဆင်းမှုတွေ ခရီးသွားရေးပိုင်းတွေမှာ အရင်ကလောက် ကန့်သတ်ချက်တွေမရှိတော့တာကြောင့် နေထိုင်စားသောက်ရေးအတွက် အထောက်အပံ့နည်းနည်းရလာတယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

ဒါပေမယ့် ပလက်ဝမြို့နယ်အတွင်းမှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AA အဖွဲ့ကြား အပြန်အလှန် တပ်စွဲထားတာတွေ ရှိနေသေးသလို တခြား လက်နက်ကိုင်အဖွဲ့တွေလည်း ရှိနေသေးတာကြောင့် မငြိမ်မသက်မှုတွေ ဖြစ်ပေါ်လာမှာကို စိုးရိမ်နေကြတာလည်းဖြစ်ပါတယ်။

XS
SM
MD
LG