သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရပ်ဖက်အဖွဲ့အစည်းတွေကို စစ်ဆေးမှုတင်းကြပ်


မောင်တောမြို့နယ်တွင်း နေ့စဉ်လူနေမှု မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-ထက်အောင်ခန့်)
မောင်တောမြို့နယ်တွင်း နေ့စဉ်လူနေမှု မှတ်တမ်းဓာတ်ပုံ။ (ဓာတ်ပုံ-ထက်အောင်ခန့်)

ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက်အဖွဲ့တချို့ကို ဒီလအတွင်း စစ်ကောင်စီက စစ်ဆေးတာတွေ ခရီးသွားလာခွင့် ပိတ်ပင်တာတွေရှိနေတယ်လို့ ဒေသခံအရပ်ဖက်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ရခိုင်အခြေစိုက် သတင်းဌာနတခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေပြီး ဖမ်းဆီးတရားစွဲခဲ့တဲ့နောက် လက်ရှိမှာ ရခိုင် အရပ်ဖက်အဖွဲ့အစည်းတချို့တိမ်းရှောင်နေကြရပါတယ်။ ဒီအကြောင်းသတင်းပေးပို့ချက်ကို ကိုဇော်မိုးကျော်က တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား စစ်ရေးတင်းမာမှုတွေ တိုးလာနေသလို စစ်ကောင်စီဘက်ကလည်း ရခိုင်ပြည်နယ်အတွင်း စစ်ဆေးမှုတွေ ပိုပြီး တင်းတင်းကြပ်ကြပ် လုပ်ဆောင်လာနေတာပါ။ ဒါ့အပြင် အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ သတင်းဌာနတချို့ကိုလည်း စစ်ကောင်စီက ဝင်ရောက်စစ်ဆေး တာလုပ်ဆောင်နေတယ်လို့ ရခိုင်ဒေသခံ အရပ်ဖက်အဖွဲ့အစည်း တခုက ပြောခွင့်ရက ပြောပါတယ်။

"အခြေအနေကတော့ ရခိုင်မှာ အရပ်ဖက်အဖွဲ့အစည်းရုံးတွေ တခြားသော ရုံးတွေကို စကစက လာရောက်ပြီးတော့ စိစစ်တာ၊ တချို့သော အဖွဲ့အစည်းတွေကို ခေါ်ယူမေးမြန်းတာတို့ ရှိတယ်ဆိုတာကို ကျနော်တို့သိရတယ်။ ဒါပေမယ့် တချို့သောအဖွဲ့အစည်းတွေက ဒီအပေါ်မှာ သူတို့လုံခြုံရေးအရ သိပ်ပြီးတော့ ပွင့်ပွင့်လင်းလင်းပြောတာမရှိဘူး။”

ရခိုင်ပြည်နယ်မှာ လုပ်ကိုင်နေတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ နိုင်ငံတကာ NGO နဲ့ INGOတွေကို စစ်ကောင်စီက မှတ်ပုံတင်ခိုင်းတာတွေရှိပေမယ့် အဖွဲ့အစည်းတော်တော်များများကတော့ မှတ်ပုံမတင်ကြဘဲ အာဏာသိမ်း စစ်ကောင်စီဆီမှာ မှတ်ပုံတင်ထားတဲ့အဖွဲ့အစည်းက အနည်းအကျဉ်း လောက်သာရှိတယ်လို့ ဒေသခံအရပ်ဖက်အဖွဲ့အစည်းတွေရဲ့ တာဝန်ရှိသူတွေက ပြောကြပါတယ်။

လက်ရှိမှာ စစ်ကောင်စီက ရခိုင်မှာရှိတဲ့ အဖွဲ့အစည်းတွေကို ဟိုတယ်တွေ၊ ခန်းမတွေမှာ သင်တန်းတွေ၊ အစည်းအဝေးတွေ လုပ်ခွင့်ပိတ်ပင်ထားသလို လုပ်ငန်းပိုင်းဆိုင်ရာတွေကိုလည်း ပြုပြင်ပြောင်းလဲ လုပ်ကိုင်နေရတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတဦးကပြောပါတယ်။

"ရခိုင်မှာက CSO တွေကို စစ်ဆေးနေတာတော့ရှိတယ်။ အဲမှာ ခံရတဲ့အဖွဲ့အစည်းတွေက Register မရှိတဲ့ အဖွဲ့အစည်းတွေ ပိုများတယ်။ ရှိတဲ့အဖွဲ့အစည်းတွေကလည်း ခံရပါတယ်။ သူတို့က အရင်တုန်းကလည်း မှတ်ပုံတင်ဖို့ပြောခဲ့တယ်။ တချို့ကတော့ မတင်ကြဘူး။ တင်ထားသူလည်းရှိတယ်။ အခုက ဝင်စစ်တာ ရှိတယ်။ အလုပ်လုပ်ရတဲ့အပိုင်းမှာတော့ အချက်အလက်လုံခြုံရေးပိုင်းနဲ့ ဝန်ထမ်းတွေ၊ လုံခြုံရေးပိုင်းကို စိုးရိမ်ရတာတို့ရှိတယ်။ အလုပ်လုပ်တဲ့ပိုင်းမှာ တချို့ Work planပြောင်းသွားတာကြောင့် ပြောင်းလိုက်ရတာရှိတယ်။ မြေပြင်မှာ သွားလာနေရတဲ့အပိုင်းမှာလည်း ခွင့်ပြုချက် အခက်အခဲတွေရှိတယ်။"

ဒါ့ပြင် အခုလို စစ်ကောင်စီရဲ့ ကန့်သတ်ပိတ်ပင်စစ်ဆေးမှုတွေကြောင့် လက်ရှိမှာတော့ အရပ်ဖက် အဖွဲ့အစည်းတွေမှာ လုပ်ကိုင်နေသူတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်း တခုမှာ လုပ်ကိုင်နေသူတဦးကပြောပါတယ်။

"လုံခြုံရေးစိုးရိမ်ရတယ်ဆိုတာထက်ပိုတယ်၊ သူတို့က ရခိုင်မှာရှိတဲ့ စစ်ရှောင်တွေ မုန်တိုင်းသင့်ပြည်သူတွေကို တခြားသော မေ့ပစ်ခံစွန့်ပစ်ခံ လူအုပ်စုတွေကိုကျနော်တို့က လူသားချင်းစာနာထောက်ထား တာတွေ ကူညီတာတွေလုပ်နေကြတာဆိုတော့ ဒီလိမျိုးလုပ်နေကြတာကိူ ကန့်သတ်ပိတ်ပင် တာတွေ တားစီးတာတွေ ရှိလာတဲ့ အခါမှာ ကျနော်တို့တော်တော်များများစိုးရိမ်ရတဲ့ အနေအထားရှိတယ်။ဒါ့အပြင် ဟိုဟာမလုပ်ရ ဒီဟာမလုပ်ရ ဟိုဟာပါမှ သွားရမယ် ဒီဟာ ပါမှသွားရမယ် ပါပြန်တော့လည်း သူတို့က ကြန့်ကြာအောင်စစ်ဆေးတာတွေရှိတယ်ဆိုတော့ ကျနော်တို့က တော်တော်လုပ်ရ ကိုင်ရ ခက်ခဲတဲ့အခြေအနေရှိနေပါတယ်။"

ပြီးခဲ့တဲ့ လကုန်ပိုင်းကလည်း ရခိုင်ပြည်နယ် အခြေစိုက် DMGသတင်းဌာနကို စစ်ကောင်စီက ဝင်ရောက် စီးနင်းပြီး သတင်းထောက်တဦးနဲ့ ရုံးစောင့်တဦးကို ဖမ်းဆီးထားသလို သတင်းထောက် ၂၀ကျော်ကို တရားစွဲဆိုထားတာလည်းဖြစ်ပါတယ်။ ဒါပေမယ့် ဒီသတင်းထောက်တွေကို ဖမ်းဆီးတရားစွဲဆို ထားတာနဲ့ ပတ်သတ်ပြီး စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်ထားတာ မရှိသလို အရပ်ဖက်အဖွဲ့အစည်းတွေ ဒေသတွင်းကူညီရေး အဖွဲ့တွေကို ကန့်သတ်ပိတ်ပင်ထားတာနဲ့ ပတ်သက်ပြီးလည်း တစုံတရာ ထုတ်ပြန်တာမျိုး မရှိသေးပါဘူး။

လက်ရှိရခိုင်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင်AAအဖွဲ့ကြား နားလည်မှူနဲ့ အပစ်ရပ်ထား တယ်ဆိုပေမယ့် ပြီးခဲ့တဲ့လက စတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေး ရှမ်းမြောက်တိုက်ပွဲတွေမှာ ရခိုင်လက်နက်ကိုင် AA ပါဝင်တာကြောင့် ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ AAအဖွဲ့ကြား စစ်ရေး တင်းမာမှုတွေ မြင့်တက်နေတာပါ။ စစ်ကောင်စီက ဒေသခံတွေက စစ်းဆေးမှူတွေ တင်းကြပ်ထား သလို AAဖက်ကလည်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေကို ဖမ်းဆီးတာ တွေလည်းရှိနေတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG