သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်က လူမှုအဖွဲ့အစည်းတွေ လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ စစ်ကောင်စီ သတိပေး


AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

ရခိုင်ပြည်နယ်က လူမှုအရပ်ဖက်အဖွဲ့အစည်းတွေကို မတရားအသင်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သတ်ဖို့နဲ့ ငွေကြေး ထောက်ပံ့တာတွေ မလုပ်ဖို့ စစ်ကောင်စီက ခေါ်ယူ သတိပေးထားတယ်လို့ လူမှုအရပ်ဖက်အဖွဲ့တွေ ပြောပါတယ်။ရခိုင်ပြည်နယ်မှာရှိတဲ့ အရပ်ဖက် အဖွဲ့အစည်းတွေ အနေနဲ့လည်း စစ်ကောင်စီပြောသလို လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်းက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မှာ အသင်းအဖွဲ့မှတ်ပုံတင်ပြီး လုပ်ကိုင်နေကြတဲ့ အရပ်ဖက်အဖွဲ့အစည်းတချို့ကို ပြီးခဲ့တဲ့ မတ်လ ၂၈ ရက်နေ့က စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီးတော့ မတရားအသင်းတွေ၊ အကြမ်းဖက် အဖွဲ့အစည်းတွေနဲ့ မပတ်သတ်ဖို့နဲ့ ငွေကြေးထောက်ပံ့တာတွေမလုပ်ဖို့ စစ်ကောင်စီက ခေါ်ယူသတိပေးထားတယ်လို့ သတိပေးခံရတဲ့ အရပ်ဖက်အဖွဲ့အသည်း တာဝန်ရှိသူတဦးက ပြောပါတယ်။

အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ မတရားအသင်းတွေ အကြမ်းဖက်အဖွဲ့တွေဆီကို ငွေကြေး စီးဆင်းမှုတွေ ရှိနေတာကြောင့် ခေါ်ယူ သတိပေးရတာဖြစ်သလို အထူးသဖြင့်တော့ NUG ၊ PDFတွေနဲ့ မပတ်သတ်ဖို့ ငွေကြေး ထောက်ပံ့တာတွေ မလုပ်ဖို့ စစ်ကောင်စီက သတိပေးတာဖြစ်တယ်လို့ အရပ်ဖက်အဖွဲ့အစည်း တာဝန်ရှိသူတဦးကပြောပါတယ်။

“အဲတော့ မတရားအသင်းအဖွဲ့တွေ၊ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် ပတ်သတ်တာတွေမလုပ်ဖို့၊ ရံပုံငွေတွေ စီးဆင်းမှုတွေမလုပ်ဖို့ သတိပေးလိုတယ်ပေါ့လေ။ ဒါက မတရားအသင်း အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ပတ်သတ်လို့ရှိရင် အကြမ်းဖက် ဥပဒေအရ အရေးယူမယ့် အပြင် အသင်းအဖွဲ့ဥပဒေနဲ့ အရေးယူလို့ရတယ်ပေါ့။ အဲတာကြောင့် ဒါကိုသတိပေးတာ အဲလိုမျိုးပြောပါတယ်။ အဲဒီမှာ အကြမ်းဖက်အသင်း၊ မတရားအသင်းတွေနဲ့ ပတ်သတ်ပြီး အဓိက ပြောသွားတာကတော့ NUG ၊ PDFတို့ကို အဓိကထားပြီး ပြောသွားတယ်။”

လက်ရှိရခိုင်ပြည်နယ် အနေအထားအရ ကျေးလက်ဒေသ တော်တော်များများမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့က အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေး လုပ်ငန်းတွေကို လုပ်ဆောင်နေသလို စစ်ကောင်စီရဲ့ အုပ်ချုပ်ရေးနဲ့ တရားစီရင်ရေးတွေလည်း ရှိနေတာပါ။ ဒီလိုအနေအထားမျိုး ရခိုင် လူမှုအရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီပြောသလို လက်နက်ကိုင်အဖွဲ့ အစည်းတွေနဲ့ မပတ်သတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့လည်း ရခိုင်တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

“မဆက်ဆံနဲ့လို့ ပြောတဲ့ဖက်ကို ချဉ်းကပ်ဖို့ အရမ်းခက်သွားတာပေါ့ဗျာ။ ရခိုင်မှာ အစိုးရနှစ်ရပ်ရှိတယ်။ အခုဆိုရင် အာရက္ခပြည်သူ့အစိုးရ ရှိနေမယ်။ တစ်ဖက်မှာ နစကအစိုးရရှိနေမယ်။ ဒီနှစ်ခုစလုံးက ရခိုင်ပြည်နယ်မှာ သူ့နေရာနဲ့သူ အာဏာသက်ရောက်မှုတွေ ရှိနေတယ်ဆိုတော့ ဒီ CSO အရပ်ဖက် လူမှုအဖွဲ့အစည်း ဆိုတာကလည်း လူထုဖက်က လူထုအရေးကို လှုပ်ရှားတာဖြစ်တဲ့အတွက် လိုအပ်ရင် စစ်ကောင်စီနဲ့လည်း တန်ပြန် ဆွေးနွေးရမှာဖြစ်သလို ULA/AA နဲ့လည်း တွေ့ဆုံဆွေးနွေးရမှာတွေ ရှိနေတယ်။ ဆိုတော့ စစ်ကောင်စီဆီမှာပဲ မှတ်ပုံတင်ပါ၊ ULA/AA နဲ့ မဆက်ဆံပါနဲ့ အဲလိုမျိုးရည်ရွယ်တယ် ဆိုလို့ရှိရင် ဒါက အာဏာရှင်စနစ်ကို ကျင့်သုံးတာပဲ။ အရပ်ဖက်အဖွဲ့တွေရဲ့ တန်းဖိုးကိုသေအောင် သတ်လိုက်တာပဲ။ ဒါက တရားမျှတမှုမရှိဘူး။ အရပ်ဖက်အဖွဲ့အစည်းဆိုတာ တရားမျှတမှုကို ရှာဖွေရမယ်။ အဖွဲ့အစည်းက တရားမျှတမှုမရှိတဲ့ စနစ်အောက်မှာ မှတ်ပုံတင်ပြီးသွားရင်တော့ အဲဒီ အဖွဲ့အစည်းရဲ့ တန်ဖိုးကလည်း ပြောင်းပြန် ဖြစ်သွားလိမ့်မယ်။”

အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအနေနဲ့ ပြီးခဲ့တဲ့ ဦးသိန်းစိန်အစိုးရလက်ထက် ကတည်းက ရေးဆွဲ ပြဌာန်းခဲ့တဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ရေးဆိုင်ရာ ဥပဒေကို ပြင်ဆင်ပြီးတော့ ၂၀၂၂ခုနှစ် အောက်တိုဘာလမှာ အသစ်ပြန်လည် ပြဌာန်းလိုက်တာလည်း ဖြစ်ပါတယ်။

အဲဒီဥပဒေသစ်မှာ မှတ်ပုံတင်ထားတဲ့ အရပ်ဖက်အဖွဲ့အစည်းတွေ အနေနဲ့ နိုင်ငံတော်အား လက်နက်ကိုင်ဆန့်ကျင်နေတဲ့ အဖွဲ့အစည်းတွေ၊ အကြမ်းဖက်သမားတွေလို့ နိုင်ငံတော်က သတ်မှတ်ထားတဲ့ အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေနဲ့ ပတ်သတ်ဆက်သွယ်တာတွေ၊ အားပေးတာတွေ မလုပ်ရဘူးလို့ ဖော်ပြထားပါတယ်။

ဒါအပြင့် ဥပဒေပါ တားမြစ်ချက်တခုခုကို ဖောက်ဖျက် ကျူးလွန်ခဲ့ရင် ကျုးလွန်တဲ့ အဖွဲ့အစည်းရဲ့ တာဝန်ရှိသူကို အများဆုံး ထောင်ဒဏ် ၅နှစ် ဖြစ်စေ၊ ကျပ်သိန်း ၅၀ထက်မပိုတဲ့ ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်သလို ပြစ်ဒဏ်နှစ်ရပ်လုံးကို တပြိုင်တည်း ချနိုင်တယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် အသင်းအဖွဲ့ကို ဖျက်သိမ်းပြီးတော့ အသင်းအဖွဲ့ပိုင် ပစ္စည်းတွေကို နိုင်ငံတော်ပိုင်အဖြစ် သိမ်းဆည်းမယ်လို့လည်း ဥပဒေပြဌာန်းချက်မှာ ဖော်ပြထားပါတယ်။

လက်ရှိစစ်ကောင်စီက အသစ်ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ ပတ်သတ်ပြီး လူမှုအရပ်ဖက် အဖွဲ့အစည်းတွေကြား စိုးရိမ်မှုတွေ မြင့်တက်နေကြသလို တချို့ဆိုရင် အသင်းအဖွဲ့တွေကို ဖျက်သိမ်းရမယ့်အနေအထား ရှိနေတယ်လို့လည်း အရပ်ဖက်အဖွဲ့အစည်း လုပ်ကိုင်နေ သူတဦးက ပြောပါတယ်။

“အသစ်ထွက်လာတဲ့ ဥပဒေအရ ဆိုလို့ရှိရင်တော့ ကျနော်တို့အနေနဲ့ လုပ်သာကိုင်သာ မရှိတော့ဘူးပေါ့လေ၊ ကျနော်တို့ အသင်းအဖွဲ့တွေ ဆိုတာက ပြည်သူလူထုအတွက်ကိုပဲ အလုပ် လုပ်ကြတာပေါ့လေ။ တခြား ပတ်သတ်ရာ ပတ်သတ်ကြောင်း ဆောင်ရွက်နေတဲ့ အဖွဲ့တွေလည်း မရှိဘူးလို့တော့ မဆိုလိုဘူး။ ဒါပေမယ့် တော်တော်များများ အဖွဲ့တွေက ပြည်သူလူထုအတွက်ကို ဦးတည်ပြီးတော့ လုပ်နေကြတာပေါ့။ အုပ်ချုပ်ရေး အားပြိုင်မှုတွေ ကြားထဲမှာ ကျနော်တို့ အသင်းအဖွဲ့တွေ အနေနဲ့ ကြားညှပ်ပြီးတော့မှ ဥပဒေအရ အပြစ်ရှိတဲ့ထဲ ရောက်သွားနိုင် တာပေါ့လေ။ အပြစ်တွေကလည်း သာမာန်အပြစ်တွေလို မဟုတ်ပဲ ထောင်ဒဏ်၊ ငွေဒဏ် ကြီးကြီးမားမား အကျခံရမယ် အနေအထားတွေ ရှိတဲ့အခါကျတော့ တော်တော်စိုး ရိမ်စရာကောင်းတယ်။”

လက်ရှိရခိုင်ပြည်နယ်မှာ လုပ်ကိုင်နေကြတဲ့ အစိုးရမဟုတ်တဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း ရာနဲ့ချီ ရှိနေတာပါ။ ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီထံမှာ တရားဝင် မှတ်ပုံတင်ထားတဲ့ အဖွဲ့အစည်း အနည်းအကျင်းလောက်သာ ရှိတယ်လို့ လူမှုအဖွဲ့အစည်း လုပ်ကိုင်သူတွေက ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း သတင်းဌာနတွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဖက် လူမှုအဖွဲ့အစည်း တော်တော်များများကို စစ်ကောင်စီက ပိတ်သိမ်းခဲ့ပြီးလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}














XS
SM
MD
LG