သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေနဲ့ သံတွဲလေဆိပ်တွေကို နိုင်ငံတကာအဆင့်မှီလေဆိပ်အဖြစ် တိုးချဲ့တည်ဆောက်ဖို့ ပြင်ဆင်နေ


sittwe airport
sittwe airport

ရခိုင်ပြည်နယ်မှာရှိတဲ့ လေဆိပ်တွေထဲက စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို နိုင်ငံတကာ လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင်အထိ တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ်ကောင်စီပြောခွင့်ရက ပြောပါတယ်။ အခုလို ရခိုင်ကနေ နိုင်ငံတကာအထိ တိုက်ရိုက်သွားနိုင်အောင် ဆောင်ရွက်နိုင်ရင် စီးပွားရေး၊ လူမူရေးနဲ့ ကူးသန်းရောင်းဝယ်ရေးတွေ ပိုပြီးတော့ တိုးတက်လာ နိုင်တာကြောင့် အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်စေချင်တယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုဇော်ဝင်းလှိုင်က တင်ပြပေး ပါမယ်။

ရခိုင်ပြည်နယ်အတွင်းက အကြီးဆုံး လေဆိပ် ၂ခုဖြစ်တဲ့ စစ်တွေလေဆိပ်နဲ့ သံတွဲလေဆိပ်တို့ကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားနဲ့ ထိုင်းနိုင်ငံဘန်ကောက်အထိ တိုက်ရိုက် လေကြောင်းလိုင်းတွေ ပြေးဆွဲနိုင်အောင် တိုးချဲ့လုပ်ဆောင်သွားမယ်လို့ ရခိုင်ပြည်နယ် ကောင်စီပြောခွင့်ရက ပြောပါတယ်။

လက်ရှိမှာတော့ သံတွဲလေဆိပ်ကို မြေပြင်ကွင်းဆင်း စစ်ဆေးတာတွေစတင် ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ရခိုင်ပြည်နယ်ကောင်စီ ပြောခွင့်ရ ဦးလှသိန်းက ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ Boeing ၇၃၇ ဆင်းနိုင်တဲ့အဆင့်ကို စစ်တွေတစ်ခုတည်းမဟုတ်ဘူး၊ သံတွဲကွင်းကိုလည်း အဲလိုလုပ်ဖို့ဆိုပြီးတော့ အစီအစဉ်ရှိပါတယ်။ ကျနော်တို့ကိုယ်တိုင် ဝန်ကြီးချုပ်၊ တိုင်းမှုးတို့နဲ့ ဂွခရီးစဉ်သွားတဲ့အခါမှာ သံတွဲလေဆိပ်ကို ကျနော်တို့ ဆင်းကြည့်ခဲ့ပြီး ဖြစ်ပါတယ်။ သံတွဲမှာတော့ မြေတိုင်းတာတို့၊ တချို့မြေတွေကို ဆန်းစစ်တာပေါ့နော်၊ ဥယာဉ်ခြံမြေလား၊ လယ်မြေလား၊ ပုဂ္ဂိလပိုင်လားမြေလွတ်လား၊ မြေရိုင်းလား အဲလို စိစစ်တာတွေတော့ သံတွဲမှာ လုပ်နေပြီဖြစ်ပါတယ်။ Boeing ၇၃၇ ဆင်းနိုင်တဲ့ ကွင်းသာဖြစ်လာခဲ့လို့ရှိရင် စစ်တွေကနေ ကာလကတ္တားလေယာဉ် အရင်က ရှိခဲ့ဖူးပါတယ်၊ ဒီလေလမ်းကြောင်းလဲ ရှိလာနိုင်သလို စစ်တွေကနေ ဘန်ကောက်ကိုလည်း တိုက်ရိုက် ရှိလာနိုင်ပါတယ်။ ဒါလေးတွေကတော့ ကျနော်တို့ အိပ်မက်ကလေးတွေ ဖြစ်လာနိုင်တယ်။ လတ်တလောမှာတော့ အနေအထားက အဲလိုရှိပါတယ်လို့ ပြောလိုပါတယ်။”

လေဆိပ်တိုးချဲ့ရေးနဲ့ ပတ်သတ်တဲ့ စီမံကိန်းအသေးစိတ်ကိုတော့ ပြည်ထောင်စုအဆင့်မှာလုပ် ဆောင်နေတာဖြစ်တာကြောင့် တိတိကျကျ မပြောနိုင်သေးကြောင်းလည်း ပြည်နယ်ကောင်စီ ပြောခွင့်ရက ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ ယာယီအပစ်ရပ်ထားတဲ့အချိန်မှာ စစ်ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ရခိုင်ပြည်နယ်ကို လာရောက်ပြီးတော့ စီမံကိန်းတွေဆောင်ရွက်ဖို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ တချို့အသေးစား စီမံကိန်းတွေကတော့ ရခိုင်ပြည်နယ်က နေရာတချို့မှာ စတင်အကောင် အထည်ဖော်နေတာတွေလည်း ရှိပါတယ်။

မြန်မာနိုင်ငံအတွင်းက တိုင်းနဲ့ ပြည်နယ် ၁၄ ခုမှာ ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံးဖြစ်တဲ့ ရခိုင်ပြည်နယ်ကနေ အခုလို နိုင်ငံတကာတို ရိုက်ပျံသန်းနိုင်တဲ့ လေကြောင်းလိုင်းတွေ ဖြစ်လာမယ်ဆိုရင် စီးပွားရေးတွေ တိုးတက်လာနိုင်သလို ပြည်သူတွေအတွက်လည်း အကျိုးရှိတာကြောင့် ဒီစီမံကိန်းတွေကို ကြိုဆိုတယ်လို့ ရခိုင်စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးသန်းဝင်းက ပြောပါတယ်။

“စစ်တွေကနေ ကျနော်တို့ ကာလကတ္တားကို ဖြောင့်လိုက်ရင် ရန်ကုန်ထက် နီးပါသေးတယ်။ မိုင်အားဖြင့်လေ။ အဲတော့ အိန္ဒိယဆိုတာလည်း စီးပွားရေး မဟာအင်အားကြီးနိုင်ငံ တခုဖြစ်တယ်။ ဒီလိုလမ်းကြောင်းတခု ပွင့်သွားတယ်ဆိုရင် ကျနော်တို့ သင်္ဘောလိုင်းတွေလည်း ပေါ်လာမယ်၊ ခရီးသည်တင်သင်္ဘောတွေ အရင်တုန်းက တောင်ကြီးတို့ ဟားခါးတို့ပြေးတဲ့ သင်္ဘောတွေပေါ့ အဲဒီသင်္ဘောတွေနဲ့ အိန္ဒိယသွားလို့ သိန်း ၂၀ လောက်ကုန်မယ့် နေရာမှာ ငါးသိန်းလောက်နဲ့ ရောက်သွားမယ်၊ ၂သိန်းလောက်နဲ့ ရောက်မယ်၊ နောက်ပြီးတော့ တဆင့်ခံ သွားနေရတဲ့အတွက် ဝန်ထုပ်ဝန်ပိုးအချိန်တွေ ဖြစ်နေတဲ့ဟာတွေ ပြေလျော့သွားမှာ ဖြစ်ပါတယ်။ ဒီဟာကို ကျနော်တို့ အမြန်ဆုံးအကောင်အတည် ဖော်စေချင်ပါတယ်ခင်မျာ။”

ရခိုင်ပြည်နယ်က ကျောက်ဖြူ၊ သံတွဲ၊ အမ်းနဲ့ စစ်တွေမြို့နယ်တွေမှာ ပြည်းတွင်းပြေးဆွဲနေတဲ့ လေဆပ်တွေရှိပြီး ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် တခြားမြို့နယ်တချို့ကိုလည်း တိုက်ရိုက် လေယာဉ်ပျံသန်း ပြေးဆွဲနေတာလည်း နေပါတယ်။

{Unicode}











XS
SM
MD
LG