သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းမှာ ဒုက္ခသည်တွေ ရေပြတ်လပ်မှုနဲ့ကြုံ


ရခိုင်စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ ရှိနေသေးတာပါ
ရခိုင်စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ ရှိနေသေးတာပါ

ရခိုင်မြောက်ပိုင်းက နေရပ်မပြန်ပဲ ကျန်နေသေးတဲ့ စစ်ပြေးဒုက္ခသည် စခန်းတချို့မှာ သောက်ရေ သုံးရေ ပြတ်လပ်နေတာကြောင့် အခက်ကြုံနေရတယ်လို့ စစ်ပြေးဒုက္ခသည်တွေက ပြောပါတယ်။ ရခိုင်မှာ စစ်ဘေးဒုက္ခသည်တွေကို စစ်ကောင်စီက ထောက်ပံ့တာတွေ မရှိတော့သလို ရေလှူမယ့်အဖွဲ့တွေလည်း လာမည့်လမှာ ရေလုံးဝပြတ်သွာမယ့် အခြေအနေ ရှိနေတယ်လို့ စစ်ဘေးဒုက္ခသည်တွေက ပြောဆိုကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို အခြေခံပြီး ကိုခင်မောင်စိုးမင်း က တင်ပြထားပါတယ်။

ရခိုင်မြောက်ပိုင်းက ကျောက်တော်၊ မြောက်ဦး၊ ရသေ့တောင်နဲ့ ပုဏ္ဏားကျွန်းစတဲ့ မြို့နယ်တွေက စစ်ဘေးဒုက္ခသည်စခန်းတွေမှာ ဒီနှစ်အစောပိုင်းကတည်းက သောက်သုံးရေခက်နေကြပြီး လက်ရှိမှာတော့ သောက်သုံးရေလုံးဝ ပြတ်လပ်မယ့် အနေအထားရှိနေတယ်လို့ ပုဏ္ဏားကျွန်းမြို့နယ် အထက်မြတ်လှဲ စစ်ဘေးဒုက္ခ သည်စခန်းတာဝန်ရှိသူ ဦးဖြူသာအောင်က ပြောပါတယ်။

“ သောက်သုံးရေရှားတာက ကျနော်တို့ ၂၀၂၃ ခုနှစ် ၂ လပိုင်းလောက်ကစပြီးတော့ သောက်သုံးရေ ရှားနေတာဖြစ်တယ်၊ ဟို ဂဏန်းတောင် ဘူတာအထိသွားပြီးတော့ ရေခပ်ရတယ်။ အသွားအပြန် နာရီခွဲလောက် သွားရတယ်။ သုံးရေကတော့ ချောင်းရေပဲ ကျနော်တို့ သုံးနေရတယ်။ ဆားငံရေကို သုံးနေကြတာ။ အဆင်မပြေလို့လည်း မရတော့ဘူးလေ။ အဆင်မပြေလဲ သုံးနေရတာပါပဲ။ သုံးရေကလည်း ဒီတစ်လတောင် သုံးရမလား မသိတော့ဘူး၊ရေတွေ နည်းပြီးတော့ ခမ်းလာပြီ၊ ရှေ့လရောက်ရင်တော့ ဘယ်လို လုပ်လို့လုပ်ရမလဲ မသိတော့ဘူး၊ ဘာမှလည်း လုပ်လို့မရတော့ဘူး။ အထက်မြတ်လှဲ ရွာထဲမှာ သွားခပ်ကြတယ် အဲလိုပဲ သုံးနေကြတယ်။”

ကျောက်တော်မြို့နယ်က လူဦးရေ သုံးထောင်ကျော်နေထိုင်တဲ့ ညောင်ချောင်းစစ်ဘေးဒုက္ခ သည် စခန်းမှာဆိုရင်လည်း သောက်သုံးရေ အခက်ကြုံနေရပါတယ်။ ရခိုင်မှာ ပြီးခဲ့တဲ့ မိုးရာသီကာလ မိုးရွာသွန်းမှု နည်းပါးခဲ့တာကြောင့် နွေရာသီ မရောက်ခင်ကတည်းက သောက်သုံးရေ ရှားပါးမှု ကြုံခဲ့ရတယ်လို့ ညောင်ချောင်း စစ်ဘေးဒုက္ခသည်စခန်း တာဝန်ခံ ကိုသန်းအေးကပြောပါတယ်။

“ ကျနော်တို့ ညောင်ချောင်း စစ်ဘေးဒုက္ခစခန်းမှာဆိုရင် ၁ လပိုင်းကတည်းက ရေရှားနေတာဆိုတော့ လက်ရှိ ရှိနေတဲ့ ရေကတော့ နွေရာသီ ရောက်လာတာနဲ့ ဆိုရင် ပိုပြီးတော့ ခမ်းခြောက်လာတယ်။ အခက်အခဲကတော့ ၁ လပိုင်း၊ ၂ လပိုင်းကတည်းကဆိုတော့ ၃ လပိုင်း ဆိုရင်တော့ အများဆုံး ဖြစ်လာနိုင်တာပေါ့နော်။”

မြောက်ဦးမြို့နယ်အတွင်းက ပီပင်ရင်းစစ်ပြေးဒုက္ခသည် စခန်းမှာတော့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် နိုဝင်ဘာလလောက်ကတည်းက သောက်သုံးရေ ရှားပါးတာကြောင့် နီးစပ်ကျေးရွာတွေကနေ သွားရောက်ခပ်ယူ သောက်သုံးနေရတာပါ။ လက်ရှိမှာတော့ အဲဒီရေကန်တွေမှာလည်း သောက်သုံးရေ ခမ်းခြောက်မယ့် အနေအထားရောက်နေပြီလို့ စခန်းတာဝန်ခံ ဦးရွှေလှအောင်က ပြောပါတယ်။

“ သောက်သုံးရေကတော့ တအားကြီးအခက်အခဲဖြစ်နေတယ်၊ အခုသောက်သုံးရေဆိုရင် တခြားကန်တွေက အကုန်လုံးခမ်းသွားပြီလေ၊ တခြားရွာတွေက ကန်တွေမှာ တောင်းပန်ပြီးတော့ သွားခပ်နေရတယ်၊ တခြားရွာတွေက ကန်တွေမှာလည်း ဒီနှစ်က မိုးခေါင်တာနဲ့ဆိုတော့ သူ့ကန်နဲ့ သူ့ရေတောင်မလုံမလောက်ဖြစ်နေတာ သူတို့မှာလည်း အခက်အခဲဖြစ်နေတာ။ ၄လပိုင်းဆိုရင် အကုန်ခမ်းမှာ ဒုက္ခသည်စခန်းရော ရွာထဲက ကန်တွေရော အခုကပင် သောက်လို့ရတဲ့ ရေကန်တွေမှာ ၃ပေ လောက်ပဲ ကျန်တော့တာ။ ”

စစ်ဘေးဒုက္ခသည်တွေကတော့ သောက်သုံးရေ အခက်အခဲတွေကို ကူညီပေးမယ့် အလှူရှင်တွေကို မျှော်လင့်နေကြသလို စစ်ကောင်စီအနေနဲ့လည်း သောက်သုံးရေ ရရှိရေး ထည့်သွင်းစဉ်းစားပေးဖို့လည်း တောင်းဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးလာတဲ့ စစ်ပြေးဒုက္ခသည် သောင်းနဲ့ချီ ရှိနေသေးတာပါ။ စစ်ကောင်စီဖက်က စစ်ဘေးဒုက္ခသည်တွေကို နေရပ်ပြန်ဖို့ တိုက်တွန်းနေတာတွေ ရှိပေမယ့် စစ်ပြေးဒုက္ခသည်တွေ အနေနဲ့ လုံခြုံရေး အာမခံချက် မရှိသေးသလို အချိန်မရွေး တိုက်ပွဲဖြစ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်စိတ်ကြောင့် နေရပ်ပြန်ဖို့ ခက်နေကြပါတယ်။

ရခိုင်လက်နက်ကိုင် AA အဖွဲ့ဖက်ကတော့ တရားဝင်အပစ်ရပ်ထားတာမဟုတ်သေးတာကြောင့် စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်ဖို့ တိုက်တွန်းနေတာဟာ ပြည်သူတွေကို ပိုမိုခက်ခဲအောင် လုပ်ဆောင်နေတာဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

{Unicode}












XS
SM
MD
LG