သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် မြန်မာနယ်စပ်ကုန်သွယ်ရေး ထိခိုက် 


တရုတ် မြန်မာနယ်စပ် ကုန်သွယ်မှု (ယခင်ပုံဟောင်း)​
တရုတ် မြန်မာနယ်စပ် ကုန်သွယ်မှု (ယခင်ပုံဟောင်း)​

ပြည်တွင်းစစ် တကျော့ပြန် အရှိန်ကောင်းလာတဲ့ အောက်တိုဘာလကုန်ကစပြီး အဓိက ကုန်သွယ်ရေးလမ်းတွေ ပျက်စီးသွားသလို တနိုင်ငံလုံးက နယ်စပ်ကုန်သွယ်ရေးအားလုံး အပေါ်သက်ရောက်ပြီး ထိခိုက်မှု ရှိနေပါတယ်။ တရုတ်၊ ထိုင်း၊ အိန္ဒိယနဲ့ ကုန်သွယ်ရေးအပြင် ရခိုင်ပြည်နယ်မှာ ဒီနေ့ပြန်စလာတဲ့ စစ်ပွဲကြောင့် အဝင်၊ အထွက်လမ်းတွေမှာ ယာဉ်ကြောပိတ်နေပြီး ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေးလည်း ရပ်သွားလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။ ရန်ကုန်က ပေးပို့လာတဲ့ ဒီသတင်းကို ကိုငြိမ်းချမ်း က ပြောပြမှာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ပွဲတွေကြောင့် မြန်မာနိုင်ငံရဲ့ အဓိက နယ်စပ်ကုန်သွယ်ရေးဖြစ်တဲ့ မူဆယ်နယ်စပ်စခန်းကို ပိတ်ထားရတာ အခုဆိုရင် ရက်ပေါင်း ၂၀ နီးပါး ရှိလာပါပြီ။ တရုတ်-မြန်မာ နှစ်ဘက်က ကုန်စည်စီးဆင်းမှု မရှိတာကြောင့် စားနပ်ရိက္ခာအပါအဝင် လောင်စာဆီ ပြတ်တောက်မှုတွေလည်း ရှိနေကြောင်းလည်း ရှမ်းပြည်နယ်မြောက်ပိုင်းက လုပ်ငန်းရှင်တချို့က ပြောပါတယ်။ လမ်းတွေပျက်သွားတဲ့အတွက် မူဆယ်ကုန်သွယ်ရေးက အချိန်ပြန်ယူရလိမ့်မယ်လို့ လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ရှမ်းမြောက်က အဓိက ကုန်သွယ်ရေး လမ်းမကြီးပေါ့၊ ကုန်စည်စီးဆင်းမှု ပြတ်တောက်ပြီး တံတားတွေပျက်သွားတဲ့ အပေါ်မှာ ရှမ်းမြောက် ပြည်ထောင်စုလမ်းမကြီး တလျှောက်ကမြို့တွေ အတော်ဒုက္ခရောက်တယ်လေ၊ ကွတ်ခိုင်နဲ့ကွမ်းလုံ ဆန်တွေပါ အကုန်ပြတ်၊ အခုမီးလည်း ဖြတ်ထားတယ်။ မီးကလည်း ထရန်စဖော်မာကို ဖောက်ခွဲခဲ့တော့ မီးမရှိတော့။ ရေလည်းဖြတ်တယ်။ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်တော့ ဆီဘောက်ဆာတွေ မလာတော့ဘူး။ စက်သုံးဆီတွေလည်း မရှိတော့ဘူး။ ရှမ်းတောင်ဘက်ကလည်း နောင်ချိုဘက်ကဖြတ်တာ အဲဒါကိုလည်း ဓနုPDF က ပိတ်လိုက်တယ်လေ၊ ဆိုတော့ ရှမ်းမြောက်က လုံးလုံး အဆက်အသွယ် ပြတ်သွားတယ်။"

မူဆယ်အပြင် ရှမ်းပြည်နယ်မြောက်ပိုင်းမှာ ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေးလည်း ရပ်လိုက်ရပါတယ်။ စစ်ကောင်စီရဲ့ ကုန်သွယ်ရေးဦးစီးဌာနကတော တရုတ်ကိုပို့မဲ့ ကုန်စည်တွေကို တခြားနယ်စပ်ဂိတ်တွေ ဒါမှမဟုတ် ပင်လယ်ရေကြောင်းကနေ ပြောင်းလဲ တင်ပို့ခွင့်ပေးမယ်လို့ နိုဝင်ဘာလ၈ရက်က ထုတ်ပြန်ထားပါတယ်။ တချို့ မူဆယ် ကုန်သည်တွေကတော့ အထားမခံတဲ့ အသီးအနှံနဲ့ ရေထွက်ကုန်ကို ကချင်ပြည်နယ် လွယ်ဂျယ်ဂိတ်ကတဆင့် တရုတ်ကိုပို့ကြပါတယ်။ တချို့ကတော့ ရှမ်းအရှေ့ပိုင်းက ကျိုင်းတုံ(မိုင်းလား) ဂိတ်ကနေ တရုတ်ကို ပို့နေကြပါတယ်။

အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကလေး-တမူး အာရှလမ်းပေါ်က ခမ်းပတ်မြိုကို ချင်းလက်နက်ကိုင် CNDF၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDFနဲ့ ကချင်လက်နက်ကိုင် KIA တို့က ဒီရက်ပိုင်းထဲမှာ ထိန်းချုပ်ခဲ့တယ်လို့ သတင်းတွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ပြီးတော့ နောက်ထပ် နယ်စပ်ကုန်သွယ်ရေးစခန်းရှိတဲ့ ရိခေါရ်ဒါမြို့က စစ်ကောင်စီ တပ်စခန်းကို ချင်းလက်နက်ကိုင် CNA/CDF အဖွဲ့တွေက ဒီနေ့ တနင်္လာနေ့မှာ သိမ်းပိုက်ရရှိတယ်လို့ ကြားကာလ ချင်းအမျိုးသားကောင်စီက သတင်းထုတ်ပြန်ထားပါတယ်။ အိန္ဒိယ-မြန်မာ နယ်စပ်ကုန်သွယ်ရေးက လက်နက်ကိုင် ပဋိပက္ခတွေကြောင့်ဒါ ရပ်နားထားတာ ကြာပြီ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ အဓိကကုန်သွယ်နေတဲ့ မောင်တောနယ်စပ်ကုန်သွယ်ရေး ဂိတ်ကတော့ ဒီနေ့တနင်္လာနေ့မှာ စတင်ခဲ့တဲ့ ရခိုင်လက်နက်ကိုင် AAရဲ့ ရသေ့တောင်တိုက်ပွဲကြောင့် ရပ်သွားခဲ့ရပါတယ်။ စစ်ကောင်စီကတော့ အခုနိုဝင်ဘာလထဲမှာ အမေရိကန်ဒေါ်လာ ၁.၅သန်းဖိုး ကုန်တွေတင်ပို့နိုင်ဖို့ လျာထားခဲ့တာပါ။ မောင်တော-အငူမော် ကားလမ်းကို စစ်ကောင်စီက အရေးပေါ် ပိတ်လိုက်ရတယ်လို့ ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် တချို့က ဗွီအိုအေကို ပြောပါတယ်။ မင်းပြားဘက်ကိုလည်း ပိတ်လိုက်တဲ့အတွက် မြေပုံမြို့နယ်ဘက်ကို သွားဖို့လည်းခက်ခဲသွားပါတယ်။

နယ်စပ်ကုန်သွယ်ရေးအပြင် ဒေသအတွက်လိုအပ်တဲ့ စားနပ်ရိက္ခာအတွက်ပါ ပြတ်လပ်သွားနိုင်တဲ့ အခြေအနေ ရှိနေကြောင်း မင်းပြားမြို့နယ်က လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" ရခိုင်မှာ အဲလိုဖြစ်ပြီဆိုရင် ကုန်သွယ်ရေး အလားအလာက ပိတ်မှာပဲ။ ဘာလို့ဆို ကျနော်တို့က ကုန်သွယ်ရေးဆိုပေမဲ့ ရခိုင်ထွက်ကုန် ဟိုဘက်သွားတာ နည်းတယ်၊ အမှန်က ဧရာဝတီတိုင်းက ငါးမြစ်ချင်း၊ ငါးကြင်း စသည်ဖြင့်ပေါ့ အဲဒီကငါးတို့၊ ပဲတို့၊ ရန်ကုန် ပြည်မဘက်ကနေ ရိုးမကျော်ပြီး လာတာတွေက ပိုများတယ်။ ဒီလိုအခြေအနေ ဖြစ်ပြီဆိုရင် ဒီဘက်မှာလည်း ဘင်္ဂလားဒေ့ရှ်နဲ့ ကုန်သွယ်ရေး ပြတ်ကုန်မှာပဲ။ ဒေသတွှင်း ကုန်စည်စီးဆင်းမှုက လုံးဝ ပြတ်သွားနိုင်တယ်။ အခုဆိုရင် ရသေ့တောင် တိုက်ပွဲဖြစ်တဲ့ နေရာမှာဆိုရင် ဆန်တအိတ်ကို ၄သောင်းလောက် တက်သွားတယ် နဂိုဈေးထက်၊ စသဖြင့်ပေါ့။"

ရခိုင်လက်နက်ကိုင် AA ကတော့ ဆန်ကိုဈေးတင်ပြီး ရောင်းချနေသူတွေကို အရေးယူသွားမယ်လို့ သတိပေးထားပါတယ်။ ရခိုင်ကိုဝင်ထွက်နိုင်တဲ့ ကုန်သွယ်ရေးလမ်းကြောင်း သုံးခုရှိတယ်ဆိုပေမဲ့ အခုတော့ ရေလမ်းကို အဓိက ထားရနိုင်ခြေရှိပါတယ်။ ဒီလမ်းကို စစ်ကောင်စီနဲ့ လုပ်ငန်းရှင်တချို့က ကြီးစိုးထားတဲ့အတွက် စီးပွားရေး အမြတ်ထုတ်တဲ့ ကိစ္စတွေ ရှိလာနိုင်ကြောင်း တချို့က ခန့်မှန်းကြပါတယ်။

ကရင်ပြည်နယ်မှာ စစ်ပွဲတွေ ရှိနေပေမဲ့ မြဝတီနယ်စပ်ဂိတ်ကနေ ထိုင်းကို တပတ်အတွင်းမှာ အမေရိကန်ဒေါ်လာ ၄.၇သန်းဖိုး မြန်မာဘက်က တင်ပို့ခဲ့ပါတယ်။ သွင်းကုန်က အမေရိကန်ဒေါ်လာ ၁၆သန်းရှိခဲ့တယ်လို့ မြဝတီကုန်သွယ်ရေးဇုန်က ထုတ်ပြန်ထားပါတယ်။ ကျန်တဲ့ တာချီလိတ်နဲ့ မြိတ် ကုန်သွယ်ရေး ဂိတ်တွေကနေလည်း ထိုင်း-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်ရေး ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG