သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် တရုတ်နဲ့ နယ်စပ်ကုန်သွယ်ရေးထိခိုက်


ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နယ်စပ်က မြန်မာကုန်ကားများ
ယခင်မှတ်တမ်းရုပ်ပုံ | တရုတ်နယ်စပ်က မြန်မာကုန်ကားများ

စစ်ပွဲကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း နယ်စပ်ကုန်သွယ်ရေး စခန်းတွေဆီသွားတဲ့ လမ်းပိုင်းတွေအားလုံး လက်တလောမှာ သွားလာလို့မရတော့ဘဲ တရုတ်-မြန်မာနှစ်ဘက် ကုန်စည်ပို့ဆောင်ရေး အားလုံး ရပ်နားလိုက်ရပါတယ်။ တချို့ကုန်သည်တွေကတော့ လက်ထဲကကုန်တွေကို ထိုင်းကိုပြောင်းပြီးပို့ဖို့ စဉ်းစားထားကြပေမယ့် ဝယ်လိုအားနည်းလို့ မျှော်လင့်ချက်သိပ်မရှိကြောင်း ကုန်သည်တချို့က ပြောပါတယ်။ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေး အခြေအနေနဲ့ပတ်သက်ပြီး သတင်းပေးပို့ချက်ကို မမြသဇင်အောင်က ပြောပြမှာပါ။

မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့တွေနဲ့ စစ်ကောင်စီတို့ တိုက်ပွဲတွေ ဖြစ်ပွါးနေပြီး လားရှိုး-မူဆယ်၊ လားရှိုး- ချင်းရွှေဟော် စတဲ့အဓိက ကုန်သွယ်ရေးလမ်းကြောင်း နှစ်ခုကို ပိတ်လိုက်ရတဲ့အတွက် မြန်မာကနေ တရုတ်ကို ကုန်စည်ပို့ဆောင်တာတွေလည်း ရပ်နားလိုက်ရပါတယ်။ ဒီရာသီမှာ မြန်မာကနေ တရုတ်ဘက်ကို ဖရဲသီးတင်ပို့ချိန်ဖြစ်ပေမယ့် လမ်းတွေ ပိတ်ထားတာကြောင့်
အခုဆိုရင် တရုတ်ပို့မယ့် ဖရဲသီးတွေက ပြည်တွင်းထဲ ပြန်ဝင်လာနေတယ်လို့ သစ်သီးဝလံ စိုက်ပျိုးထုတ်လုပ် ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းမင်းဒင်က ဗွီအိုအေကို ပြောပါတယ်။

" သွားလို့မှ မရတော့ဘဲ။ အဓိကတော့ ဒီအချိန်က ဖရဲသီးစပေါ်တဲ့ အချိန်ဆိုတော့ ဖရဲသီးတွေ သွားတာပေါ့နော်၊ အဲဒီမှာ ဖရဲသီးတွေက သွားလို့မရတဲ့အခါကြတော့ အဆင်မပြေဘူး ဖြစ်တာပေါ့။ ဗမာပြည်ထဲကို တချို့တွေ ပြန်ဝင်လာတဲ့အခါကြတော့ ဒီဘက်မှာလည်း စားသုံးမှုအားက သိပ်နည်းတော့ ဈေးတွေကျတာပေါ့။ ထိုင်းမှာလည်း ဖရဲသီးတို့ဘာတို့က သူတို့ပေါ်ကြတာကိုးဗျ၊ တရုတ်ဆွဲတဲ့အားက နည်းတာမှမဟုတ်တာ တနှစ်ကို တန်ချိန် ၁၀သိန်းလောက် ကိုဗစ်မဖြစ်ခင်တုန်းက သွားထားတာလေ၊ ထိုင်းဘက်ကတော့ သိပ်ပြီး ဖရဲတို့ဘာတို့ သွားဖို့ဆိုတာကတော့ မဖြစ်နိုင်ဘူးဗျ။"

ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ် (ဇူလိုင် ၅၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | ရှမ်းပြည်နယ် မူဆယ်မြို့က တရုတ်-မြန်မာနယ်စပ်ဂိတ် (ဇူလိုင် ၅၊ ၂၀၂၁)

တရုတ်ဘက်ကနေလည်း မြန်မာဘက်ကို ကုန်စည်အဝင်မရှိတဲ့အတွက် မြန်မာဘက်မှာ တရုတ်ကလာတဲ့ ကြက်သွန်တို့၊ အာလူးတို့ ဈေးနည်းနည်း တက်လာကြောင်းလည်း သူကပြောပါတယ်။

မြန်မာဘက်က တရုတ်ကို နယ်စပ်ကနေပို့တဲ့ အဓိက ကုန်ပစ္စည်းထဲမှာ ဆန်၊ သစ်သီးဝလံ၊ ပဲအမျိုးမျိုးအပြင် ဂဏန်းတို့၊ ငါးရှဉ့်တို့လို ရေထွက်ကုန်တွေလည်း ပါပါတယ်။ တရုတ်က မြန်မာ့ရေထွက်ကုန်တွေကို GACC (တရုတ်အကောက်ခွန် ခွင့်ပြုချက်) နည်းနဲ့ တင်ပို့ခွင့်ကို မကြာသေးခင်ကမှ ခွင့်ပြုပေးခဲ့တာပါ။ ဒီလိုတရားဝင် တင်ပို့ခွင့်ရဖို့ ၂၀၁၉ လောက်ကစပြီး မြန်မာဘက်က လျှောက်ထားခဲ့တာပါ။ အခု နယ်စပ်ကလုံးဝ အသွားအလာ မရှိတော့ဘဲ လေယာဉ်နဲ့ပဲ တရုတ်ကို အနည်းအကျဉ်း တင်ပို့နေကြောင်း ဂဏန်းလုပ်ငန်းရှင်များအသင်းရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးက ပြောပါတယ်။

" အဲဘက်ကတော့ သွားလို့မရဘူးလေ၊ (တိုက်ပွဲ) ဖြစ်တဲ့နေ့ကစပြီး မသွားတော့ဘူး ကုန်တွေက၊ ရပ်နေတာ။ ရသလောက်ပေါ့ လေယာဉ်နဲ့တင်တယ်၊ တင်လို့ရတဲ့ဟာတော့ တင်တယ်။"

ကုန်စည်ပို့ဆောင်ရေး လုပ်ငန်းရှင် အသင်းတွေကတော့ ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ နောက်ဆုံးအခြေအနေကို မသိရသေးကြောင်း ဗွီအိုအေကို ပြောပါတယ်။ တရုတ်နဲ့ မြန်မာ နှစ်ဘက်လုံးက ကုန်စည်အဝင်အထွက် မရှိပေမဲ့ လူအသွားအလာအတွက် ယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကိုတော့ မူဆယ်ဂိတ်မှာ တရုတ်ဘက်က ခွင့်ပြုထားပါတယ်။

အောက်တိုလာ ၂၇ရက်ကစပြီး ရှမ်းပြည်နယ် မြောက်ပိုင်းမြို့နယ်တွေမှာ စစ်ပွဲတွေ ဆက်တိုက်ရှိနေပါတယ်။ အဲဒီမှာ နေရပ်စွန့်ခွာသူ ၂၃,၀၀၀ ကျော်ရှိလာပြီလို့ ကမ္ဘာ့ကုလသမဂ္ဂက သောကြာနေ့မှာ ထုတ်ပြန်ပါတယ်။ တရုတ်ဘက်ကို ထောင်ချီထွက်ပြေးတယ်လို့ သတင်းတွေက ရေးသားကြပါတယ်။ ထွက်ပြေးလာတဲ့သူတွေဟာ တရုတ်နိုင်ငံထဲကို ဝင်ရဖို့ အများကြီး စောင့်ဆိုင်းနေကြကြောင်း၊ ပဋိပက္ခတွေ ပိုဆိုးလာရင် သူတို့ကို နေရာရွှေ့ပြောင်းပေးဖို့ တရုတ်နယ်စပ်မြို့တွေက ပြင်ဆင်ထား ကြောင်းလည်း တရုတ်သတင်းတွေက ရေးသားဖော်ပြကြပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG