သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှမ်းပြည်မြောက်ပိုင်း မြို့ ၃ မြို့ ညီနောင်မဟာမိတ်အဖွဲ့ ထိန်းချုပ်


၁၀၂၇ စစ်ဆင်ရေး စစ်ကောင်စီတပ်စခန်းတချို့ ဆက်လက်သိမ်းပိုက်ခံရ
၁၀၂၇ စစ်ဆင်ရေး စစ်ကောင်စီတပ်စခန်းတချို့ ဆက်လက်သိမ်းပိုက်ခံရ

ရှမ်းပြည်မြောက်ပိုင်းက တိုက်ပွဲတွေ သီတင်းတပတ်ကြာလာချိန်မှာ ညီနောင် မဟာမိတ်တပ်ဖွဲ့တွေက အနည်းဆုံး မြို့ ၃ မြို့ကို ထိန်းချုပ်လိုက်ပြီလို့ စစ်ကောင်စီက ပြောပါတယ်။ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်း TNLA - မန္တလေး MDY PDF ပူးပေါင်းတပ်တွေ အကြား တိုက်ပွဲဆက်လက် ပြင်းထန်နေသလို နမ့်ခမ်းမြို့နယ်က ရဲကင်းစခန်းတခုကို TNLA က သိမ်းယူလိုက်ပါတယ်။ လောက်ကိုင်မြို့နယ်ထဲက စခန်း၂ ခုကို တော့ ကိုးကန့် MNDAA က ထပ်မံသိမ်းယူကြောင်း သတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ ၁၀၂၇ စစ်ဆင်ရေး တပတ်အကြာ နောက်ဆုံးအခြေအနေကို ကိုရန်နိုင်က တင်ပြထားပါတယ်။

၁၀၂၇ စစ်ဆင်ရေး ၇ ရက်မြောက်နေ့မှာ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး စစ်ကောင်စီဘက်က လေကြောင်းကနေပါ ဝင်ပြီး တိုက်ခိုက်ရတဲ့ အထိ ပြင်းထန်နေတာ ဖြစ်ပါတယ်။ လက်ရှိ နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲအခြေအနေကို TNLA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့မနက် အစောပိုင်းလောက်မှာတော့ သူတို့တွေဘက်ကနေ ထိုးစစ်တက်လာတဲ့ စကစ တပ်နဲ့ ကျနော်တို့အဖွဲ့နဲ့ MDY PDF တိုက်ပွဲဖြစ်သေးတယ်။ ဖြစ်တဲ့နေရာကတော့ နောင်ချိုမြို့နယ်ထဲက ရွှေညောင်ပင်နဲ့ အုမ်မတီးကြားမှာဖြစ်တယ်။ တနေရာကတော့ နမ့်ခမ်းမြို့နယ် မန်ဝိန်းကြီး တံတားနားမှာရှိတဲ့ ရဲကင်းစခန်းတခုကို ဒီနေ့လည်တုံးက သိမ်းဆည်းနိုင်ခဲ့တာတော့ ရှိတယ်။”

နောင်ချိုမြို့နယ်အတွင်း တိုက်ပွဲဟာ မနေ့က ဖြစ်ခဲ့တဲ့တိုက်ပွဲရဲ့ အဆက်ဖြစ်ကြောင်းနဲ့ ၂ ရက်ဆက်တိုက် စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့ကြောင်းလည်း ပြောပါတယ်။

“ အဲဒီမှာကတော့ မနေ့က အဆက်ပေါ့နော်။ မနေ့ကတော့ ပြင်ဦးလွင်ဘက်က စစ်ကား ၁၂ စီးနဲ့ သံချပ်ကာ ၂စီး ထိုးစစ်တက်လာတော့ အုမ်းမခါးနားမှာ စပြီး တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲကတော့ ညနေ မိုးချုပ်ခါနီးထိ ရောက် တယ်။ တင့်ကားတစီးကတော့ ပုခုံးထမ်းလောင်ချာနဲ့ ပစ်ခတ်တော့ နောက်ပြန်လှည့်သွားတဲ့ အနေအထားတော့ တွေ့ရတယ်။ ဖြစ်ပွားတဲ့နေရာ ပြန်လည် ရှင်းလင်းတဲ့ အချိန်ကျတော့ လက်နက်ငယ် ၆လက် သိမ်းဆည်းရ မိတာတော့ ရှိတယ်။ ထိုးစစ်တက်လာတဲ့ ယာဉ်တန်းလည်း အုမ်းမခါးဘက် ပြန်လှည့်သွားတယ်။ အဲဒါ ဒီမနက်မှာ ပြန်စဖြစ်တယ်။ ညနေ ၃နာရီလောက်မှ ပြီးတယ်။ အဲဒီဘက်မှာတော့ တောက်လျောက် လေကြောင်းပစ်ကူတွေ အသုံးပြုတိုက်ခိုက်တာတော့ မနေ့ညကတည်းက ဒီ အစောပိုင်းအထိ ဖြစ်ပွားတာ ရှိတယ်။ ”

ကိုးကန့်ဒေသဘက်က တိုက်ပွဲအခြေအနေကိုတော့ MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက အခုလို ပြောပါတယ်။

“ ဒီကနေ့မနက်တော့ တပ်စခန်း ၂ခုကို ထပ်မံ သိမ်းပိုက်ရရှိခဲ့တယ်။ နေရာကတော့ ကိုးကန့်ခရိုင် တုန်ရှန်းဒေသမှာရှိတဲ့ တပ်စခန်း ၂ခုပေါ့နော်။ အခုအားလုံး စုစုပေါင်းတော့ ၉၀ ကျော်တော့ ရှိပါပြီဗျ။ ”

တုန်ရှန်းဒေသဆိုတာကတော့ လောက်ကိုင်မြို့နယ်မှာ ဖြစ်ပါတယ်။ ရက်သတ္တတပတ်ကြာ တိုက်ပွဲအတွင်း မြို့ ၂ မြို့ကို ထိန်းချုပ်နိုင်ခဲ့ကြောင်း သိန္နီကိုတော့ တစိတ်တပိုင်း ထိန်းချုပ်ထားနိုင်ပြီး ပန်ဆိုင်း(ကြူကုတ်)ဘက်ကတော့ အခြေအနေ မသိရသေးကြောင်း ပြောပါတယ်။

“ ၇ ရက်တာ Operation အတွင်းမှာ ကျနော်တို့အနေနဲ့ ချင်းရွှေဟော်ရယ်၊ ဖောင်ဆိုင်းရယ်၊ ဒီနှစ်ခုကိုတော့ ပိုင်ပိုင်နိုင်နိုင် ထိန်းချုပ်ထားနိုင်တယ်။ သိန္နီကိုတော့ Operation တွေ ဆက်တိုက် ဖော်ဆောင်နေတယ်။ မြို့တွင်းပိုင်း တော်တော်များများကို ထိန်းချုပ်ထားနိုင်သော်လည်း စကစ ၁၆ တော့ ရှိနေပါသေးတယ်။ ဒီကြူကုတ်- ပန်ဆိုင်းရဲ့ အခြေအနေက သူက Update လာတာ နည်းနည်း နောက်ကျတယ်။ အခုအချိန်ထိ ကျနော် အတည်မပြုနိုင်သေးပါဘူးဗျ။ ”

တိုက်ပွဲအတွင်း ထိခိုက်သေဆုံးစာရင်း၊ သိမ်းဆည်းရမိတဲ့ လက်နက်ခဲယမ်း အရေအတွက်၊ သုံ့ပန်းဖမ်းဆီးရမိနဲ့ လက်နက်ချလာသူ အရေအတွက် စတာတွေကိုတော့ စာရင်းပြုစု နေဆဲ ဖြစ်ကြောင်း ပြောပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ရဲ့ Operation 1027 သတင်းစာမျက်နှာမှာတော့ ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီနဲ့ ကြူကုတ်(ပန်ဆိုင်း) ၄ မြို့ကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်းဖော်ပြထား ပေမယ့် စစ်ကောင်စီရဲ့ ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ ချင်းရွှေဟော်၊ ဖေါင်းဆိုင်နဲ့ ကြူကုတ်ကို လက်လွှတ်ခဲ့ရကြောင်း ပြောဆိုထားပါတယ်။

“ ဒီအချိန်မှာတော့ ကျနော်တို့ အစိုးရရဲ့ အုပ်ချုပ်ရေး အဖွဲ့အစည်းတွေ၊ လုံခြုံရေး အဖွဲ့အစည်းတွေ လက်လွှတ်ခဲ့ရတဲ့ နေရာတွေ ရှိပါတယ်။ ဒါကတော့ ချင်းရွှေဟော်ရယ်၊ ဖေါင်းဆိုင်ရယ်၊ ကျနော်တို့ ကြူကုတ်ရယ် ဒီ ၃ ခုတော့ ရှိပါတယ်။”

ညီနောင်မဟာမိတ် ၃ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ဆောင်ရွက်တာဟာ Online လိမ်လည်မှုကို တိုက်ဖျက်ဖို့ အဓိကဖြစ်ကြောင်း သတင်းထုတ်ပြန်ထား ပေမဲ့ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ကိုးကန့်စစ်ပွဲရဲ့ အဓိကအချက်ဟာ မျိုးနွယ်စုတွေအကြား အာဏာလွန်ဆွဲနေတာဖြစ်ကြောင်း ပြောဆိုပါတယ်။

၁၀၂၇ စစ်ဆင်ရေး စတင်လိုက်တဲ့နောက်မှာတော့ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက လမ်းကြောင်းတွေဖြစ်တဲ့ လားရှိုး- မူဆယ်လမ်းနဲ့ လားရှိုး- ကွမ်းလုံ- ချင်းရွှေဟော်-လောက်ကိုင်လမ်း ဟာ အသွားအလာရပ်ဆိုင်းသွားသလို နယ်စပ်ကုန်သွယ်ရေးဟာလည်း ရပ်တန့်သွားခဲ့ပါတယ်။ ၇ရက်တာ စစ်ပွဲကာလအတွင်း ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသမှာ စစ်ပြေးဒုက္ခသည် ၁၅၀၀၀ (တသောင်း ငါးထောင်) လောက်အထိ ရှိလာနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG