သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခလရ ၁၄၃ တပ်ရင်းတရင်းလုံး လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်


ခလရ ၁၄၃ တပ်ရင်းတရင်းလုံး လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်
ခလရ ၁၄၃ တပ်ရင်းတရင်းလုံး လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ထုတ်ပြန်

ရှမ်းပြည်နယ်မြောက်ပိုင်း ကွမ်းလုံမြို့အနီးမှာ အခြေစိုက်တဲ့ ခလ၇ ၁၄၃ တပ်ရင်းက တပ်ရင်း တရင်းလုံး ဒီလ ၃၀ ရက်နေ့ လက်နက်ချခဲ့ကြောင်း ညီနောင်မဟာမိတ် ၃ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ လက်နက်ချရာမှာ အရာရှိ စစ်သည် စုစုပေါင်း ၄၁ ဦးပါဝင်ကြောင်း MNDAA ကိုးကန့်တပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ လီကျာဝင်းက VOA ကို ပြောပါတယ်။

“ ကွမ်းလုံမြို့နယ်ရဲ့ တောင်ဘက်ခြမ်း ကံမိုင်းမှာ တပ်ထိုင်တဲ့ ခြေလျင်တပ် ၁၄၃ ဖြစ်ပါတယ်။ လူအင်အားကတော့ ၄၁ယောက်ရှိတယ်ပေါ့နော။ အဲဒီ ၄၁ယောက်ထဲမှာ ဒုတိယ တပ်ရင်းမှုး တယောက်ရယ် ဒုတိယတပ်ခွဲမှုး ၂ယောက်ပါတယ်။ သူတို့ရဲ့ ရာထူး အပွင့်တော့ အသေးစိတ် မသိရသေးပါဘူးခင်ဗျ။ သူတို့က လက်နက်တွေကို တပ်စခန်းမှာ ချပြီးတော့မှ တပ်စခန်းကနေ ဆုတ်ထွက်လာခဲ့တယ်။ လက်နက်ခဲယမ်းအကုန်လုံးကို ကျနော်တို့က ရရှိခဲ့တယ်ပေါ့။ ”

သိမ်းဆည်းရမိတဲ့ စစ်လက်နက်ပစ္စည်းတွေထဲမှာ ဆက်သွယ်ရေးစက် (၃) ခု၊ ရိုင်ဖယ်သေနတ် (၂၇) လက်၊ စက်လက်အငယ် (၅) လက်၊ RPG (၂) လက်၊ Sniper (၁) လက်၊ စက်လက်အကြီး (၂) လက်၊ Type -82 စိန်ပြောင်း (၁) လက်၊ ၆၀မမ စိန်ပြောင်း (၂) လက်၊ ၅.၅၆ ကျည် (၁၁) ဖာ၊ ၅.၅၆ Shot Gun ကျည် (၈၀၀၀)တောင့်၊ အီနာဂါ (၃) ဖာ၊ ရိုင်ဖယ်ကျည်ကပ် (၁၃၀) ခု၊ MA-4 ဗုံးသီး(၈၀) လုံး၊ ဗုံးသီးအမျိုးမျိုး (၂၄၇) လုံး၊ ၈၂မမ ဗုံးသီး (၉၁) လုံး၊ ၁၀၀မမ ဗုံးသီး (၄၆) လုံး ၊ MA-4 (၄)လက် ၊ လက်ကိုင်ဖုန်း (၂၈) လုံး၊ စကားပြောစက် (၇) ခုပါဝင်ကြောင်း MNDAA ရဲ့လူမှုကွန်ရက် သတင်းစာမျက်နှာဖြစ်တဲ့ The Kokang မှာဖော်ပြထားပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့က လက်နက်ချတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို တဦလျှင် ကျပ်ငွေ ၁၅သိန်းဆီထောက်ပံ့ခဲ့ကြောင်း အခုလို ဆက်ပြောပါတယ်။

“ ကျနော်တို့ အနေနဲ့လည်း သူတို့ကို တယောက်ကို ၁၅သိန်းပေးပြီးတော့မှ ဆောင်ရွက်ထားတယ်ပေါ့နော်။ ”

လက်ရှိသူတို့ကို ဆက်လက် ထိန်းသိမ်းထားသလား ၊ နေရပ်ပြန်လွှတ်လိုက်ပြီးလားဆိုတာကိုတော့ သူတို့လုံခြုံရေးအရ ထုတ်ဖော်ပြောပြလို့ မရသေးကြောင်း MNDAA ရဲ့ ပြောခွင့်ရသူက ဆိုပါတယ်။

ကိုးကန့် ( MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ဖွဲ့ဟာ အောက်တိုဘာလ ၂၇ရက်နေ့မှာ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့တာဖြစ်ပြီး ဒီစစ်ဆင်ရေးကာလအတွင်း အခုလို ဒုတပ်ရင်းမှုအဆင့်အပါအဝင် တပ်ရင်း တခုလုံး လက်နက်ချလာတာကတော့ ဒါဟာ ပထမဆုံးလည်း ဖြစ်ပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့တွေကတော့ ၁၀၂၇စစ်ဆင်ရေး စတင်တဲ့ ၅ရက်အတွင်းမှာ စစ်ကောင်စီ တပ်စခန်းပေါင်း ၈၀ကျော် သိမ်းယူရခဲ့ကြောင်း သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ပွဲသတင်းတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာ မရှိပါဘူး။

XS
SM
MD
LG