သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းရွှေဟော်၊ ဖောင်းဆိုင်နဲ့ သိန္နီမြို့တွေ ထိန်းချုပ်နိုင်ပြီလို့ ညီနောင်သုံးဖွဲ့ကြေညာ


အောက်တိုဘာ ၃၀ ရက် MNDAA မှ မူပန်(သိန္နီ) မြို့ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနကိုသိမ်းယူ။ (ဓာတ်ပုံ-The Kokang fb)
အောက်တိုဘာ ၃၀ ရက် MNDAA မှ မူပန်(သိန္နီ) မြို့ အထွေထွေအုပ်ချုပ်‌ရေးဦးစီးဌာနကိုသိမ်းယူ။ (ဓာတ်ပုံ-The Kokang fb)

ရှမ်းမြောက်ဒေသ ၁၀၂၇ စစ်ဆင်ရေး ၅ ရက်တာကာလအတွင်းမှာ စစ်ကောင်စီရဲ့ တပ်စခန်းပေါင်း ၈၀ ကျော်အပါအဝင် ချင်းရွှေဟော်၊ ဖောင်းဆိုင်၊ သိန္နီမြို့တွေကို အလုံးစုံထိန်းချုပ်လိုက်နိုင်တယ်လို့ ညီနောင်မဟာမိတ်သုံးဖွဲ့က အောက်တိုဘာ ၃၁ ရက် ရက်စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးအတွင်းမှာ သံချပ်ကာကား ၆ စင်းအပါအ၀င် စစ်လက်နက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းအများအပြား သိမ်းဆည်းရမိတယ်လို့ MNDAA ကိုးကန့်တပ်ဖွဲ့က ကြေညာထားပါတယ်။ တိုက်ပွဲကာလအတွင်း အလင်းဝင်လက်နက်ချသူ တရာကျော်ရှိပြီး အညံခံဖမ်းဆီးရမိသူတွေကို လုံခြုံဘေးကင်းစွာ နေရာချထားပေးခဲ့တယ်လို့လည်း ညီနောင်မဟာမိတ်သုံးဖွဲ့က ထုတ်ပြန်ထားပါတယ်။

စစ်ဆင်ရေးတွေကြောင့် လားရှိုး၊ ကျောက်မဲ၊ သိန္နီ၊ တာမိုးညဲ၊ ကွတ်ခိုင်တို့ကနေ ဘေးလွတ်ရာ တိမ်းရှောင်ရသူ စစ်ပြေးဒုက္ခသည် တသောင်းခွဲအထိ ရှိလာပြီလို့ အကူအညီပေးနေသူတွေက ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲတွေကြားမှာ အရပ်သားထိခိုက်သေဆုံးမှုတွေလည်း ရှိခဲ့ပေမယ့် အတိအကျ စာရင်းတော့ မသိရသေးပါဘူး။

MNDAA ကိုးကပ်တပ်၊ TNLA တအောင်းပလောင်နဲ့ AA ရခိုင်တပ်ဖွဲ့ သုံးဖွဲ့ပေါင်း စစ်ဆင်ရေးမှာ BPLA ဗမာပြည်လွတ်မြောက်ရေးတပ် PLA ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ ပြည်သူ့ကာကွယ်ရေးတပ် PDF တပ်တွေပါ ပါဝင်တယ်လို့ သိရပါတယ်။

တချိန်တည်းမှာ ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်အတွင်း KIA ကချင်လွတ်လပ်ရေးတပ်နဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေရှိနေသလို စစ်ကောင်စီတပ်ဘက်က KIA ဌာနချုပ်အနီးကို လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ လေကြောင်းတိုက်ခိုက်တာတွေရှိခဲ့တယ်လို့ KIA ပြောခွင့်ရသူက ပြောပါတယ်။

တောင်ပိုင်း ကရင်ပြည်နယ်အတွင်း ကော့ကရိတ်မြို့နယ်အတွင်းမှာလည်း KNLA ပူးပေါင်းတပ်တွေနဲ့ မြန်မာစစ်ကောင်စီကြား တိုက်ပွဲတွေရှိနေပါတယ်။

အခု နောက်ဆုံးဖြစ်နေတဲ့တိုက်ပွဲတွေနဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဘက်က သတင်းထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ အစောပိုင်းတုန်းကတော့ စစ်စခန်းတွေ လက်လွတ်ဆုံးရှုံးရတယ်ဆိုတာကို စစ်ကောင်စီက ငြင်းဆန်ပါတယ်။ ဒါပေမယ့် စစ်ကောင်စီစစ်စခန်းတချို့ကို ညီနောင်မဟာမိတ်တပ်တွေ သိမ်းယူထားတာ၊ စစ်လက်နက်ပစ္စည်းတွေသိမ်းယူရရှိထားတာတွေပါဝင်တဲ့ ဗွီဒီယိုဖိုင်တွေ လူမှုကွန်ယက်မှာပျံ့နှံ့နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG