သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ကြေညာချက် NUG ကြိုဆို


၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား
၁၀၂၇ စစ်ဆင်ရေးကြေညာပြီး ရှမ်းမြောက်မှာ နေရာတချို့ တပြိုင်တည်းတိုက်ပွဲဖြစ်ပွား

မြောက်ပိုင်း ညီနောင်မဟာမိတ်(၃)ဖွဲ့ ကြေညာချက် NUG ကြိုဆို

မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ရဲ့ စစ်အာဏာရှင်စနစ် အမြစ်ဖြတ် ချေမှုန်းရန် စစ်ဆင်ရေး စတင်ကြောင်း ကြေညာချက်ကို ကြာားကာလ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း အောက်တိုဘာ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက် ထုတ်ပြန်ပြီး ဟန်ချက်ညီ စစ်ဆင်ရေးတွေ ဖော်ဆောင်သွားမယ်လို့ ပြောပါတယ်။ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ကြေညာချက်ထဲမှာ စစ်အာဏာရှင်စနစ် ခုခံတွန်းလှန်စစ်မှာ နိုင်ငံတဝန်း တိုင်းရင်းသား တော်လှန်ရေးအင်အားစု အသီးသီးနဲ့ အင်အားစုအားလုံး အားသွန်ခွန်စိုက် ဆက်လက် ပူးပေါင်းပါဝင်ကြဖို့လည်း တိုက်တွန်းထားပြီး ဖယ်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး မမှိတ်မသုန် ဆောင်ရွက်သွားကြရမယ်လို့ ဖော်ပြထားပါတယ်။

တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA)၊ ရက္ခိုင့်တပ်တော် (AA) နဲ့ မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) တို့နဲ့ ဖွဲ့စည်းထားတဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် (၃) ဖွဲ့ရဲ့ “၁၀၂၇ စစ်ဆင်ရေး” လို့ အမည်ပေးထားတဲ့ စစ်ဆင်ရေး တရပ်ကို စတင်ကြောင်း သောကြာနေ့က ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းမှာ နေရာအများအပြားမှာ စစ်ကောင်စီ စခန်းတွေကို အချိန်ကိုက် တပြိုင်တည်း တိုက်ခိုက်ခဲ့ကြတာပါ။ စစ်တပ်ထောက်ခံတဲ့ Telegram လူမှုကွန်ရက်မှာတော့ သူတို့ အခေါ် သူပုန်တပ်တွေဟာ ရှမ်းမြောက်မှာ ၆၂ မိုင် လောက် ဖြန့်ကျက်ပြီး မြို့ပေါင်း ၁၂ မြို့ နဲ့ စစ်တပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နေကြောင်း ရေးသားထားတာကို တွေ့ရပါတယ်။ မြန်မာစစ်တပ်က လက်နက် လူသူ အင်အား အမြဲ အားသာချက် ရှိနေလို့ အခုလို စစ်တပ်ကို တော်လှန်ရေးတပ်ဖွဲ့တွေက အချိန်ကိုက် တိုက်ခိုက်တာမျိုးက ဖြစ်တောင့်ဖြစ်ခဲ့ ဖြစ်စဥ်တခု ဖြစ်ပါတယ်။

“ဒီစစ်ဆင်ရေးကို ဆင်နွှဲရာမှာ ကျွန်တော်တို့ရဲ့ အဓိက ရည်ရွယ်ချက်က အရပ်သားတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို အကာအကွယ်ပေးဖို့၊ ကျွန်တော်တို့ရဲ့ ခုခံကာကွယ်ပိုင်ခွင့်ကို အခိုင်အမာ ရပ်တည်ပြီး နယ်မြေစိုးမိုးရေးကို ထိန်းသိမ်းဖို့နဲ့ စစ်ကောင်စီတပ်တွေရဲ့ အမြောက်နဲ့ လေကြောင်းတိုက်ခိုက်မှုတွေကို ပြတ်ပြတ်သားသား တုံ့ပြန်တဲ့အနေနဲ့ ဘက်ပေါင်းစုံက တွန်းအားပေးလုပ်ဆောင်တာဖြစ်တယ်” လို့ မြောက်ပိုင်း မဟာမိတ် (၃) ဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းကတော့ တရုတ်နဲ့ နယ်စပ်ချင်း ထိစပ်နေတဲ့ လောက်ကိုင်မြို့နယ်ထဲက ချင်းရွှေဟော်မြို့ အပါအဝင် ရှမ်းမြောက်ဒေသ တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့ဝင်နဲ့ ပြည်သူ့စစ်တချို့ကျဆုံးခဲ့ကြောင်း ဗွီအိုအေမြန်မာပိုင်းကို အတည်ပြုထားပေမယ့် အရေအတွက် အတိအကျကိုတော့ ထုတ်ပြန်ခြင်းမရှိဘဲ အရပ်သားတချို့ကို ဖမ်းခေါ်သွားကြတယ်လို့ ဆိုပါတယ်။

ချင်းရွှေဟော်မြို့ကို ကိုးကန့် တပ် MNDAA က သိမ်းယူလိုက်ကြောင်း ပြည်တွင်း သတင်းတချို့မှာ ရေးသားကြပေမယ့် ညီနောင်မဟာမိတ်အဖွဲ့ဝင်ဖြစ်တဲ့ တအာင်း(PSLF/ TNL) ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး တာအိုက်ကျော်ကတော့ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က အသေးစိတ် မသိရသေးဘူးလို့ ဗွီအိုအေကို ပြောပါတယ်။ လက်ရှိ အချိန်အထိတော့ ညီနောင် (၃) ဖွဲ့က အသေအပျောက် စာရင်းနဲ့ နယ်မြေသိမ်းယူမှုဆိုင်ရာ အသေးစိတ်အချက်အလက်တွေကို ချက်ချင်း ထုတ်ပြန်တာမျိုး မရှိသေးဘူးလို့ AFP သတင်းကလည်း ဆိုပါတယ်။ ဂျာမန်သတင်းဌာန DPA ရဲ့ ဖော်ပြချက်မှာတော့ စစ်ကောင်စီ တပ်တွေ ထိန်းချုပ်ထားတဲ့ လားရှိုး၊ ကျောက်မဲ၊ နောင်ချို၊ ချင်းရွှေဟော်နဲ့ လောက်ကိုင် အစရှိတဲ့ မြို့တွေက အခြေစိုက်စခန်းတွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တယ်လို့ ဆိုပြီး သောကြာနေ့ နံနက်ပိုင်းက ချင်းရွှေဟော် ကောက်ခွန်ရုံးကို လက်နက်ကိုင်အဖွဲ့တဖွဲ့က သိမ်းပိုက်နိုင်ခဲ့ပြီး စစ်သား ၂၀ ခန့် ကျဆုံးခဲ့ကြောင်း ဖော်ပြာထားပါတယ်။

ကိုးကန့် တပ် MNDAA ရဲ့ ကြေညာချက်ထဲမှာတော့ ကုန်သွယ်ရေးအချက်အချာကျတဲ့ လားရှိုးကနေ တရုတ်နိုင်ငံနယ်စပ်ရှိ ချင်းရွှေဟော်နဲ့ မူဆယ်အထိ လမ်းမကြီးတွေကို ပိတ်ဆို့ထားတယ် ဆိုပါတယ်။ MNDAA အဖွဲ့ရဲ့ မီဒီယာချန်နယ်မှာ မျှဝေထားတဲ့ ဗီဒီယိုဖိုင် တခုထဲမှာ စစ်ကောင်စီတပ် စွန့်ပစ်ထားခဲ့တဲ့ စခန်း တခု ဖြစ်ဖွယ်ရှိတဲ့ စခန်းတခု မြင်ကွင်းမှာ လက်နက်ကြီးတွေနဲ့ ခဲယမ်းမီးကျောက် သေတ္တာတွေ မြေပြင်အနှံ့ ပြန့်ကျဲနေတာကို တွေ့မြင်ရပေမယ့် ဒီရုပ်သံကို ဘယ်မှာရိုက်ခဲ့တယ်ဆိုတာတော့ မပြောပါဘူး။

ချင်းရွှေဟော် ကနေ ၆ မိုင် သာသာ လောက် အဝေးမှာရှိတဲ့ ဟိုပန်မြို့ခံ တဦးရဲ့ AFP သတင်းဌာနကို ပြောဆိုချက်မှာတော့ “လေယာဉ်နဲ့ သေနတ်သံတွေ အဆက်မပြတ်ကြားနေရတယ်” လို့ဆိုပြီး “မြို့မှာ ဆိုင်တွေအကုန်ပိတ်ပြီး ဘယ်သူမှ အပြင်မထွက်ဘူး” လို့ ပြောပါတယ်။ လုံခြုံရေးကြောင့် အမည်မဖော်လိုသူ လားရှိုးမြို့က ကယ်ဆယ်ရေးဝန်ထမ်းတဦးကလည်း မြို့အနီးရှိ စစ်အခြေစိုက်စခန်းကို သောကြာနေ့မှာ စတင်ပစ်ခတ်ခံခဲ့ရပြီး စစ်ကောင်စီဘက်ကလည်း အမြောက်တွေနဲ့ တုံ့ပြန်ခဲ့ကြောင်း ပြောတယ်လို့ AFP သတင်းမှာ ဖော်ပြထားပါတယ်။ လတ်တလော အခြေအနေကြောင့် လားရှိုးလေဆိပ်က လေယာဉ်ခရီးစဉ်အားလုံးကို သောကြာနေ့မှာ ဖျက်သိမ်းထားရပါတယ်။

မြန်မာနိုင်ငံမှာ ကိုယ်ပိုင် အုပ်ချုပ်ခွင့် ရဖို့ တောင်းဆိုတိုက်ပွဲဝင်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ တဒါဇင်ကျော် ရှိပြီး အရင်ကတည်းက ဆယ်စုနှစ်တွေချီ လက်နက်ကိုင် ပဋိပက္ခတွေ တွေရှိနေချိန်မှာ ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ လက်နက်ကိုင် ခုခံမှုတွေက ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG