သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်သုံ့ပန်း ၄၀ နီးပါး မြောက်ပိုင်းအဖွဲ့တွေ ဖမ်းဆီးထား


မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း သုံးရက်တာစစ်ဆင်ရေးအတွင်း သိမ်းပိုက်ရခဲ့တဲ့ စ်ကောင်စီ တပ်အခြေစိုက် စခန်းပေါင်း ၆၀ ဝန်းကျင်အနက် သိန္နီမြို့ရဲစခန်း။ (ဓာတ်ပုံ-The Kokang fb/ Oct 30, 2023)
မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း သုံးရက်တာစစ်ဆင်ရေးအတွင်း သိမ်းပိုက်ရခဲ့တဲ့ စ်ကောင်စီ တပ်အခြေစိုက် စခန်းပေါင်း ၆၀ ဝန်းကျင်အနက် သိန္နီမြို့ရဲစခန်း။ (ဓာတ်ပုံ-The Kokang fb/ Oct 30, 2023)

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ရဲ့ ရှမ်းပြည်မြောက်ပိုင်း သုံးရက်တာစစ်ဆင်ရေးအတွင်း စစ်ကောင်စီ တပ်အခြေစိုက် စခန်းပေါင်း ၆၀ ဝန်းကျင်ကို သိမ်းပိုက်ခဲ့ပြီး စစ်သုံ့ပန်း ၃၇ ဦးကို ဖမ်းဆီးရမိထားတယ်လို့ ကိုးကန့်သတင်းမီဒီယာက မနေ့က ထုတ်ပြန်ထားပါတယ်။

ဒီအထဲမှာ စစ်ကော်စီဩဇာခံ ကိုးကန့်ပြည်သူ့စစ်အဖွဲ့ဝင်တွေလည်း ပါဝင်ပါတယ်။ ချင်းရွှေဟော်မြို့ကို ထိန်းချုပ်ထားတဲ့ ကိုးကန့်တပ်ဖွဲ့တွေဟာ အနီးအနားစစ်စခန်းကြီးတွေကိုပါ ထပ်မံသိမ်းယူခဲ့ပြီး သိန္နီမြို့နဲ့ နောင်ချိုမြို့ကိုပါ ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာတွေ့ရပါတယ်။ နောင်ချိုမြို့နယ်ထဲကစစ်ကောင်စီတပ်စခန်းတခုကိုလည်း TNLA တအောင်းတပ်ဖွဲ့နဲ့ ပြည်သူ့ကာကွယ်ရေး(မန္တလေး)တို့က မနေ့က သိမ်းယူခဲ့ပါတယ်။ တချိန်တည်းမှာပဲ လားရှိုးမြို့နယ်တွင်းနဲ့ မူဆယ်မြို့နယ်တွင်းမှာလည်း တိုက်ပွဲတွေရှိနေပြီး၊ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုံအနီးမှာ မနေ့ညပိုင်းက တိုက်ပွဲတွေ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်းမှာလည်း ညီနောင်မဟာမိတ်သုံးဖွဲ့ထဲက AA ရခိုင်တပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်နေပါတယ်။ မြန်မာစစ်ကောင်စီဘက်ကတော့ စစ်စခန်းတွေ တိုက်ခိုက်ခံရတယ်ဆိုတာကို ဝန်ခံထားပြီး တဖက်မှာ မြေပြင်စစ်ထက် လေကြောင်းတိုက်ခိုက်မှုတွေ ပိုပြီးလုပ်လာတာတွေ့ရပါတယ်။ စစ်ဆင်ရေး ၁၀၂၇ လို့ အမည်ပေးထားတဲ့ ရှမ်းပြည်မြောက်ပိုင်းစစ်ဆင်ရေးတခုကို MNDAA ကိုးကန့်၊ TNLA တအောင်းပလောင်တပ်နဲ့ AA ရခိုင်တပ်တွေက ဦးဆောင်နေပြီး တချိန်တည်းမှာပဲ BPLA ဗမာပြည်သူ့လွတ်မြောက်ရေးတပ်၊ PLA ပြည်သူ့လွတ်မြောက်ရေးတပ်နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ်တွေပါ ပူးပေါင်းပါဝင်နေတယ်လို့ သိရပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ အခုလို တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စခန်းဟာ တရုတ်နိုင်ငံမှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုက္ကဋ္ဌနဲ့တွေ့ဆုံပြီး တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေးကိစ္စတွေ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG