သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ တပ်စခန်း ၉၀ ခန့် သိမ်းနိုင်ကြောင်း ညီနောင် ၃ ဖွဲ့ကြေညာ


စစ်ကောင်စီ တပ်စခန်း ၉၀ ခန့် သိမ်းနိုင်ကြောင်း ညီနောင် ၃ ဖွဲ့ကြေညာ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
စစ်ကောင်စီ တပ်စခန်း ၉၀ ခန့် သိမ်းနိုင်ကြောင်း ညီနောင် ၃ ဖွဲ့ကြေညာ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင်တပ်တွေရဲ့ ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့မှာတော့ စခန်းပေါင်း ၉၀ ခန့် သိမ်းယူရရှိကြောင်း ညီနောင်မဟာမိတ် ၃ ဖွဲ့ကပြောပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းက လောက်ကိုင်၊ ကွမ်းလုံ၊ မုံးကိုးဒေသတွေမှာ စစ်ကောင်စီတပ်စခန်း တချို့ကို သိမ်းခဲ့ကြောင်း MNDAA က ပြောသလို ကျောက်မဲဘက်မှာတော့ စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လေကြောင်းကပါ ဗုံးကြဲနေတယ်လို့ TNLA တအာင်းတပ်ကသတင်းထုတ်ပြန်ပါတယ်။ ဒီနေ့ရှမ်းမြောက်ဒေသ တိုက်ပွဲအခြေအနေကို ကိုဝင်းခန့်မောင်က စုစည်းတင်ပြထားပါတယ်။

ကိုးကန့် ( MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင် မဟာမိတ် ၃ ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ၆ ရက်မြောက်နေ့မှာတော့ ကိုးကန့်ဒေသဘက်မှာ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေဆဲပါ။ ဒီနေ့ ဒေသတွင်းတိုက်ပွဲအခြေအနေကို MNDAA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက VOA ကို အခုလို ပြောပါတယ်။

“ ဒီနေ့အခြေအနေကတော့ ကိုးကန့်ခရိုင် တုံရှန်းဒေသမှာရှိတဲ့ ဒီမန်တုံးပမှာ အခြေချတဲ့ စစ်ကောင်စီစခန်းကို ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ကွမ်းလုံမြို့နယ်မှာကတော့ တပ်ရင်း ၁၂၇ရဲ့ တပ်စခန်းကို ကျနော်တို့က စစ်ရေး Operation ဖော်ဆောင်နေတယ်။ ဒါပေမဲ့ အခုချိန်ထိ မြေပြင်သတင်းအသေးစိတ်ကတော့ မသိရသေးပါဘူး။ မုံးကိုးဘက်မှာတော့ နယ်မြေရှင်းလင်းရေးတွေ ဆက်လုပ်နေတဲ့ နည်းတူ မုံးကိုးခရိုင် ဟုန်ဇူကျိ ဒေသမှာရှိတဲ့ စစ်ဆေးရေး ဂိတ်တခုကို ကျနော်တို့ ချေမှုန်းခဲ့တယ်။”

စစ်ဆင်ရေး ၆ ရက်မြောက်နေ့အထိမှာ စစ်ကောင်စီစခန်းပေါင်း ၉၀ခန့်ကို သိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။

“ စုစုပေါင်း ၉၀လောက်ရှိပါပြီဗျ။”

ဒီကနေ့မှာ မူဆယ်မြို့နယ် ပန်ဆိုင်း(ကြူကုတ်)က ရဲစခန်းကို သိမ်းယူကြောင်း ဒေသခံတွေက ပြောဆိုပေမဲ့ MNDAA ပြောရေးဆိုခွင့်ရှိသူက သူတို့ဆီ သတင်းမရောက်သေးကြောင်း ပြောပါတယ်။ ပန်ဆိုင်းဒေသခံတဦးကတော့ တနေ့ကုန် ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေပြီး ရဲစခန်း သိမ်းယူတဲ့ သတင်းကို ကြားသိရကြောင်း ပြောပါတယ်။

“ ပန်ဆိုင်း ဆက်တိုက်အသံတွေ ကြားနေတယ်။ ဗုံးသံတွေ သေနတ်သံတွေ၊ ဒီ ရဲစခန်းဝင်တယ် ဆိုတာကြားလိုက်တယ်။ လေယာဉ်ပျံနဲ့ လာဗုံးကြဲတာလေ။ မြို့ထဲမှာဖြစ်လို့ သွားမကြည့်ဘူး။ ”

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ဦးသေဆုံးကြောင်း ကြားသိပေမဲ့ အတိအကျ မသိရကြောင်းနဲ့ လောလောဆည်မှာတော့ ပန်ဆိုင်းဒေသခံ အများစုဟာ ဘေးလွတ်ရာကို တိမ်းရှောင်နေကြောင်း ပြောပါတယ်။

ကျောက်မဲမြို့နယ်ဘက်မှာတော့ ကျောက်မဲအခြေစိုက် ၅၀၂ တပ်စခန်းကနေ လက်နက်ကြီးနဲ့ နောင်ပစ်ကျေးရွာဘက်ကို ပစ်ခတ်နေကြောင်း နဲ့ နောင်ချိုမြို့အနောက်ဘက် ပြည်ထောင်စုလမ်းမကြီး အနီးက အုမ်မခါးနဲ့ ဆမ်မဆယ်ကျေးရွာကိုလည်း လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း TNLA တအာင်းတပ်က သတင်းထုတ်ပြန်ထားပါတယ်။ TNLA သတင်းနဲ့ပြန်ကြားရေး ဌာနကတော့ မြေပြင်တိုက်ပွဲအချို့ဖြစ်ပွားတာရှိပေမဲ့ သတင်းတက်လာတာ မရှိသေးကြောင်း ပြောပါတယ်။

ကွမ်းလုံမြို့ တောင်ဘက်မှာ ကံမိုင်းမှာ အခြေစိုက်တဲ့ ခလရ ၁၄၃က တပ်ရင်း တရင်းလုံး အောက်တိုဘာလ ၃၀ရက်နေ့က လက်နက်ချခဲ့ကြောင်း နဲ့ ဒုတပ်ရင်းမှုးအပါအဝင် အရာရှိ စစ်သည် ၄၁ဦးပါဝင်ကြောင်း MNDAA ကိုးကန့်တပ်က ဒီကနေ့ မနက်ပိုင်းက သတင်းထုတ်ပြန်ပါတယ်။ ဒါ့အပြင် အောက်တိုဘာ ၃၁ရက်နေ့က ကိုးကန့်ဒေသက ပြည်သူ့စစ် ၁၅ဦး လက်နက်ခဲယမ်း တွေနဲ့အတူ လက်နက်ချလာကြောင်း သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG