သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လုံခြုံရေးဝန်ကြီး မြန်မာခရီးစဉ်အပေါ် အကဲခတ်တွေအမြင်


မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ Mr. Wang Xiaohong နေပြည်တော်မှာတွေ့ဆုံ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ Mr. Wang Xiaohong နေပြည်တော်မှာတွေ့ဆုံ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

တရုတ်- မြန်မာနယ်စပ် ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ တိုက်ပွဲတွေပြင်းထန်နေချိန်မှာ မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong တို့ နေပြည်တော်မှာ မနေ့က အောက်တိုဘာလ ၃၁ရက်နေ့က တွေ့ဆုံခဲ့တာပါ။ နိုင်ငံရေးသုံးသပ်သူတွေကတော့ တရုတ် လုံခြုံရေးဝန်ကြီးရဲ့ မြန်မာပြည်ကို လာရောက်တဲ့ ခရီးစဉ်မှာ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေးကိစ္စက ပိုမို အဓိကကျဖို့ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ ဒီသတင်းအပြည့်အစုံ ကိုတော့ ကိုငြိမ်းချမ်းက တင်ပြထားပါတယ်။

တရုတ်နိုင်ငံတော်ကောင်စီဝင်၊ ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန ဝန်ကြီး Mr. Wang Xiaohong နဲ့ မြန်မာစစ်ကောင်စီဥက္ကဋ္ဌတို့ရဲ့ မနေ့က တွေ့ဆုံမှုမှာ တရုတ်-မြန်မာနယ်စပ်တည်ငြိမ်ရေး၊ အွန်လိုင်းလောင်းကစားနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ Belt and Road စီမံကိန်း အရှိန်မြှင့် ဆောင်ရွက်ရေး စတာတွေ ဆွေးနွေးကြောင်း သတင်းထုတ်ပြန်ထားတာပါ။

မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ Mr. Wang Xiaohong နေပြည်တော်မှာတွေ့ဆုံ (အောက်တိုဘာ ၃၁၊ ၂၀၂၃)
မြန်မာစစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တရုတ်နိုင်ငံတော်ကောင်စီဝင်၊ Mr. Wang Xiaohong နေပြည်တော်မှာတွေ့ဆုံ (အောက်တိုဘာ ၃၁၊ ၂၀၂၃)

၂ နိုင်ငံ နယ်စပ် ရှမ်းပြည် မြောက်ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်ချိန် လာရောက်တဲ့ ဒီခရီးစဉ်မှာ နယ်စပ်ဒေသတိုက်ပွဲတွေ နဲ့ပတ်သက်ပြီး ထည့်သွင်းဆွေးနွေးကြောင်း သတင်းထုတ်ပြန်ထားပေမဲ့ အဓိက လာရောက်တဲ့ ကိစ္စဟာ ကျားဖြန့် ခေါ် ဆက်သွယ်ရေးလိမ်လည်မှုနဲ့ အွန်လိုင်းလောင်းကစား တိုက်ဖျက်ရေး ဖြစ်နိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူ ဦးသန်းစိုးနိုင်က VOA ကို ပြောပါတယ်။

“ သူလာတဲ့ခရီးစဉ်ကတော့ ကြိုတင်စီစဉ်ထားတဲ့အတိုင်း ရောက်ရှိလာတဲ့ ခရီးစဉ်ဖြစ်တယ်လို့ ကျနော်က ယေဘူယျ သုံးသပ်ပါတယ်။ ဒီခရီးစဉ်နဲ့ပတ်သက်ပြီး ဘာကြောင့်စီစဉ်ရတာလဲဆို တရုတ်က အထူးသဖြင့် တရုတ်ပြည်သူလူထုတွေရဲ့ အကျိုးစီးပွားကို နယ်စပ်ဒေသမှာ ရှိနေတဲ့ လောင်းကစား ဝိုင်းတွေနဲ့ အင်တာနက် လိမ်လည်မှုပြဿနာက တရုတ်ပြည်မှာ အတော်ဂယက်ရိုက် နေတဲ့အခါ ကျတော့ ဒါကို အကြောင်းပြုပြီး ဆွေးနွေးဖို့ ကြိုတင်ချိန်းဆိုထားတဲ့ ကိစ္စပါ။ ရှီကျင့်ဖျင်ကိုယ်တိုင်က လည်း အဲဒီကိစ္စတွေကို နိုင်ငံတကာမှာ နံမည်ပျက်နေတဲ့အခါကျတော့ တော်တော် မကြည်မလင် ဖြစ်နေပြီး ဒါတွေနဲ့ပတ်သက်ပြီး ညွှန်ကြားပုံရပါတယ်။ အဲဒီဟာတွေ စီစဉ်နေတဲ့အချိန်မှာ ၁၀၂၇ စီမံကိန်းက မပေါ်သေးပါဘူး။ ”

တွေ့ဆုံဆွေးနွေးချိန်မှာတော့ လက်ရှိ ဖြစ်ပွားနေတဲ့ နယ်စပ်ဒေသတိုက်ပွဲအခြေအနေကို မြန်မာဘက် အဓိက တင်ပြဖွယ်ရှိကြောင်းလည်း သုံးသပ်ပါတယ်။ ရှမ်းပြည်နယ်အရေး လေ့လာစောင့်ကြည့်နေသူ စိုင်းထွန်းအောင်လွင်ကလည်း အလားတူ ခန့်မှန်းပါတယ်။

“ ကျနော်ထင်တာကတော့ ဒါ Formal meeting တခုပဲဗျ။ ကြိုစီစဉ်ထားတာပေါ့လေ။ နိုင်ငံတော် ကောင်စီဝင်တယောက် ဒီတိုင်း ချက်ချင်း ကောက်လာဖို့ဆိုတာ နည်းနည်းတော့ ခက်တယ်လေနော်။ အဲဒီမှာ သူအရေးကြီးနေတဲ့ ကိစ္စတွေက ကမ္ဘာမှာ မျက်နှာပျက်စရာ ဖြစ်နေတာကတော့ အွန်လိုင်း လိမ်လည်မှုတို့ ဘာတို့ကတော့ ပိုပြီးမှ သူ့အတွက် အရေးကြီးတယ်လို့ ကျနော် မြင်တယ်။ တရုတ်ရဲ့ Position ကတော့ မြန်မာပေါ်မှာ Position ကတော့ သူက နယ်စပ်တည်ငြိမ်ရေးတို့ ငြိမ်းချမ်းစွာ ဖြေရှင်းရေး နောက်တခုက သူ့စီးပွားရေးလုပ်ငန်းတွေ ပြန်စရေးပေါ့နော်။ အဓိကကတော့ ကိုဗစ်အလွန် ကာလမှာ ပြန်လည်ထူထောင်ရေးတွေ ဘာတွေကို သူ မထိခိုက်ချင်ဘူးပေ့ါနော်။”

စစ်ကောင်စီဘက်ကတော့ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်နဲ့ Mr. Wang Xiaohong တို့ ဟာ သံတမန် ဆက်ဆံရေး၊ ရှမ်းမြောက်ဒေသ MNDAA ကိုးကန့်အဖွဲ့က တိုက်ခိုက်လာတဲ့ အခြေအနေ၊ အွန်လိုင်းလောင်းကစားနဲ့ လိမ်လည်မှု၊ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တွေကို ဆွေးနွေးကြောင်း သတင်းထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးရဲ့ ထုတ်ပြန်ချက်မှာတော့ Belt and Road စီမံကိန်း အရှိန်မြှင့်ဖို့၊ အွန်လိုင်းလောင်းကစား နဲ့ အကြမ်းဖက်မှု တိုက်ဖျက်ဖို့၊ အရေးပါတဲ့ စီမံကိန်းတွေနဲ့ လုံခြုံရေးဆိုင်ရာတွေ ဆွေးနွေးကြောင်း ဖော်ပြထားတာပါ။

တရုတ်နိုင်ငံတော်ကောင်စီဝင် Mr. Wang Xiaohong ဟာ စစ်ကောင်စီ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့လည်း နေပြည်တော်မှာ တွေ့ဆုံခဲ့ပြီး နယ်စပ်တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးတွေ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အောက်တိုဘာလ ၂၉ ရက်နေ့ကလည်း စစ်ကောင်စီ ဒုတိယဝန်ကြီးချုပ်လည်းဖြစ် ကာကွယ်ရေးဝန်ကြီး လည်းဖြစ်တဲ့ ဗိုလ်ချုပ်ကြီးတင်အောင်စန်း ဟာ ဘေဂျင်းမှာ တရုတ်ဗဟိုစစ်ကော်မရှင် ဒုတိယ ဥက္ကဋ္ဌ Zhang Youxia နဲ့တွေ့ဆုံခဲ့တာဖြစ်ပြီး ၂ နိုင်ငံ စစ်ဘက်ပူးပေါင်းဆောင်ရွက်ဖို့ အပြင် နယ်စပ်တည်ငြိမ်ဖို့နဲ့ ဘက်ပေါင်းစုံပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG