သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မြန်မာနယ်စပ်တည်ငြိမ် လုံခြုံဖို့ တရုတ် တောင်းဆို


တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Mao Ning
တရုတ်နိုင်ငံခြားရေးဌာနပြောခွင့်ရသူ Mao Ning

ရှမ်းပြည်မြောက်ပိုင်းက တရုတ်-မြန်မာနယ်စပ်မှာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေအပေါ် တရုတ်နိုင်ငံအနေနဲ့ အထူးစိုးရိမ်ကြောင်းနဲ့ အမြန်ဆုံးအပစ်ခတ်ရပ်စဲဖို့ တောင်းဆိုပါတယ်။ တရုတ် မြန်မာနယ်စပ် တည်ငြိမ် လုံခြုံရေးအတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြဖို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က သောကြာနေ့က သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့တာပါ။

"တရုတ်နိုင်ငံအနေနဲ့ ဒီတိုက်ပွဲတွေအပေါ် အထူးပဲ စိုးရိမ်ပါတယ်။ အမြန်ဆုံး အပစ်အခတ်ရပ်စဲပြီး၊ သဘောထားကွဲလွဲမှုတွေကို ငြိမ်းချမ်းစွာနဲ့ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ ပဋိပက္ခမှာ ပတ်သက်နေသူ တွေအားလုံးကို တောင်းဆိုပါတယ်။ အခြေအနေတွေ ပိုကျယ်ပြန့်မလာအောင် ရှောင်ရှားကြဖို့နဲ့ တရုတ် မြန်မာနယ်စပ်လုံခြုံရေးနဲ့ တည်ငြိမ်မှုရှိဖို့အတွက် လက်တွေ့ကျကျနဲ့ ထိထိရောက်ရောက်လုပ်ကြဖို့လိုပါတယ်" လို့တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ Mao Ning က ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်
တရုတ်-မြန်မာနယ်စပ်

ရှမ်းပြည်မြောက်ပိုင်းမှာ ကိုးကန့် MNDAA တအာန်း TNLA ရခိုင် (AA) တို့ရဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ်တပ်ဖွဲ ၃ ဖွဲ့က စစ်ကောင်စီကို စစ်ဆင်တယ်လို့ ကြေညာပြီးသောကြာနေ့ထဲက တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ၂ ဘက်အပြန်အလှန် ပစ်ခတ်မှုအတွင်း တရုတ်နိုင်ငံဘက်ခြမ်းက ဝမ်တိန်မြို့ကို လက်နက်ကြီးကျည်ကျတယ်လို့ ဒေသခံတချို့က ပြောနေသလို Video ပုံတွေကိုလည်း လူမှုကွန်ရက်ပေါ်မှာ တင်နေပါတယ်။ အဲဒီ Video တွေကိုတော့ VOA အနေနဲ့ အတည်မပြုနိုင်ပါဘူး။

ဒါပေမဲ့ ဝမ်တိန်မြို့ထဲက ရပ်ကွက် ၃ ခုကို နေရာရွှေ့ထားရပြီး ကျောင်းတွေလည်း ပိတ်ထားရတယ်လို့ ဒေသခံတွေက ဗီအိုအေကိုပြောပါတယ်။ ဒီနေ့မှာတော့ ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ စစ်ဆင်ရေး ၁၀၂၇ ကို ဒီနေ့ ဆက်လုပ်တာမှာ ကိုးကန့်တပ်ဖွဲ့က မူဆယ်အရှေ့ဘက် မုံးကိုးနယ်ထဲက စစ်ကောင်စီရဲ့ တပ်စခန်း ၃ ခုကို သိမ်းယူခဲ့ပြီး ချင်းရွှေဟော်မြို့ကိုတော့ ဒီနေ့မှာလည်း ဆက်ပြီးတော့ ထိန်းချုပ်ထား တယ်လို့ ကိုးကန့်တပ်ဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ နောင်ချိုနဲ့ နမ့်ခမ်းမြို့နယ်တွေဘက်မှာတော့ TNLA တအာင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေဖြစ်ပွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG