သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုန်းကိုး၊ နောင်ချို၊ နမ့်ခမ်းဘက်မှာ ၁၀၂၇ စစ်ဆင်ရေး တိုက်ပွဲတွေဆက်ဖြစ်


ရှေ့တန်းစစ်မျက်နှာမှ TNLA တပ်ဖွဲ့တချို့၊ ဇန် ၁၂၊ ၂၀၁၅
ရှေ့တန်းစစ်မျက်နှာမှ TNLA တပ်ဖွဲ့တချို့၊ ဇန် ၁၂၊ ၂၀၁၅

ကိုးကန့်၊ တအာင်းနဲ့ ရက္ခိုင် တိုင်းရင်းသားလက်နက်ကိုင် တိုင်းရင်းသား ညီနောင်မဟာမိတ် ၃ ဖွဲ့က ၁၀၂၇ စစ်ဆင်ရေးကို ရှမ်းပြည်မြောက်မိုင်းမှာ ဒီနေ့လည်း ဆက်လက်လုပ်နေပါတယ်။ ဒီနေ့မှာတော့ ကိုးကန့် MNDAA နဲ့ တအာင်း TNLA တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ စစ်တပ်ကြား ဒီနေ့ တိုက်ပွဲ ပြင်းထန်နေပါတယ်။ မုန်းကိုးနယ်က စခန်း ၃ ခုကိုသိမ်းယူခဲ့တယ်လို့ ကိုးကန့်တပ်ဖက်က VOA ကိုပြောသလို၊ နောင်ချိုနဲ့ နမ့်ခမ်းနယ်ဘက်မှာတော့ တအာင်းတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ် နေတယ်လို့ ပြောပါတယ်။ ဒီနေ့ ရှမ်းပြည်နယ်မြောက်ပိုင်းက အခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က တင်ပြပါမယ်။

ကိုးကန့် (MNTJP/ MNDAA) ၊ တအာင်း(PSLF/ TNLA) နဲ့ ရက္ခိုင် ( ULA/AA ) တို့ပါဝင်တဲ့ ညီနောင်မဟာမိတ် ၃ ဖွဲ့က စစ်ဆင်ရေး ၁၀၂၇ စတင်တယ်လို့ အောက်တိုဘာ ၂၇ ရက်နေ့မှာ ကြေညာပြီး ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေကို တချိန်တည်း တိုက်ခိုက်နေပါတယ်။

ဒီကနေ့ အောက်တိုဘာ ၂၈ ရက်မှာလည်း ညီနောင်မဟာမိတ်တပ်တွေနဲ့ စစ်တပ်ကြား တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေတာမှာ ကိုးကန့်တပ်က မူဆယ်မြို့နယ် အရှေ့ပိုင်း၊ မုန်းကိုးနယ်ထဲက စစ်ကောင်စီတပ်စခန်း ၃ ခုကို သိမ်းယူလိုက်ကြောင်း ကိုးကန့်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းက VOA ကို ပြောပါတယ်။

“ မနက်ပိုင်း ၆ နာရီ ၄၀ မိနစ်မှာ မုန်းကိုးဒေသမှာ ရှိတဲ့ နမ့်ကျွမ်းဒေသမှာရှိတဲ့ ရှောင်ယင်ဖန်ဆိုတဲ့ တပ်စခန်း တခုကို ကျနော်တို့က သိမ်းပိုက်နိုင်ခဲ့တယ်။ ၇ နာရီခွဲမှာ အဲဒီ မုန်းကိုးဘက်မှာပဲ သံလွင်မြစ် အနောက်ဘက်ခြမ်း မှာပေါ့ အဲဒီ နမ့်ဟာဒေသ၊ အဲဒီနမ့်ဟာဒေသမှာရှိတဲ့ တပ်စခန်း ၂ ခုလည်း ကျနော်တို့ သိမ်းပိုက်နိုင်ခဲ့တယ်။ ပြီးတော့ ချင်းရွှေဟော်ရဲ့အနောက်ဖက်ခြမ်း ဟိုပန်ဒေသ အဲဒီဟိုပန် ဒေသမှာ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကိုလည်း ကျနော်တို့က ကြားဖြတ်တိုက်ခိုက်ခဲ့တယ် ဒီနေ့။ ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး အဲဒီနေရာမှာတော့ ပစ္စည်းအများအပြားရရှိခဲ့တယ်ပေါ့။ ”

ထိခိုက်သေဆုံးတဲ့စာရင်းတော့ အတိအကျ မရသေးကြောင်း ပြောပါတယ်။ ကိုးကန့်တပ်က ချင်းရွှေဟော်မြို့ ကို ၂၇ ရက်နေ့မှာ သိမ်းယူနိုင်ခဲ့ပြီး ဒီကနေ့ထိလည်း ဆက်လက် ထိန်းချုပ်ထားနိုင် တယ်လို့လည်းပြောပါတယ်။ လောက်ကိုင်မြို့မှာတော့ ဒီနေ့ တိုက်ပွဲ မရှိသေးဘူးလို့ အခုလို ဆက်ပြောပါတယ်။

“ မနေ့က ချင်းရွှေဟော်ကို သိမ်းပိုက်တယ်ဆိုတာကတော့ ဟုတ်ပါတယ်ဗျ။ ချင်းရွှေဟော်မြို့ကိုတော့ အခုချိန် ထိထိန်းချုပ်ထားပါတယ်ဗျ။ အဲဒီ ချင်းရွှေဟော်မြို့ရဲ့ ဘေးပတ်လည် တောင်ကုန်းတွေမှာရှိတဲ့ တော်တော်များ များ တပ်စခန်းကိုလည်း ကျနော်တို့ သိမ်းပိုက်ပြီးသွားပြီ။ တခု၊ နှစ်ခု ကျန်နေသေးတဲ့ ဟာလည်း နည်းနည်း ပါးပါးတော့ ရှိတာပေါ့။ ဒါပေမဲ့ ခြုံပြီးပြောရရင်တော့ ချင်းရွှေဟော်ဒေသက တော့ ကျနော်တို့ ရဲ့ ထိန်းချုပ်မှုမှာ ရှိတယ်လို့ ပြောလို့ ရပါတယ်ဗျ။ အဲဒီ လောက်ကိုင်အခြေအနေ ကတော့ ကျနော်သိသလောက်တော့ တည်ငြိမ် နေတဲ့ အခြေအနေမှာပဲ ရှိပါတယ်။ တိုက်ပွဲတွေလည်း မရှိဘူး။ ပြည်သူလူထုတွေလည်း တိမ်းရှောင်တာတွေ မရှိဘူးပေါ့နော။ ငြိမ်းငြိမ်းချမ်းချမ်းပဲ ရှိနေပါ သေးတယ်ဗျ။”

လောက်ကိုင်မြို့မှာ မနေ့ သောကြာနေ့ နေ့ခင်းပိုင်းထဲက ဖုန်း အဆက်အသွယ်တွေ ပြတ်တောက် နေပြီး ဒီနေ့မှာလည်း ဖုန်းတွေဆက်သွယ်လို့ မရခဲ့ပါဘူး။
အခုလို မုန်းကိုးနယ်ဘက်မှာ ကိုးကန့်တပ်‌တွေ ဒီနေ့တိုက်ခိုက်တဲ့ တချိန်တည်းမှာပဲ ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုနဲ့ နမ့်ခမ်းမြို့ဘက်မှာတော့ TNLA တအာင်းတပ်တွေနဲ့ စစ်တပ်တွေကြား တိုက်ပွဲတွေဖြစ်နေတယ်လို့ TNLA ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှုးကြီး တာ့အိုက်ကျော်က ပြောပါတယ်။

“ ဒီနေ့က ကျနော်တို့ ဒီတပ်မဟာ ၂နယ်မြေမှာဖြစ်တဲ့ နောင်ချိုမြို့နယ် သံဘိုရွာမှာလည်း ကျနော်တို့ MDY PDF နဲ့ ပူးပေါင်းပြီးတော့မှ စ.က.စ စခန်းတခုကို တိုက်ခိုက်တာ မနက် ၆နာရီတည်းကနေ ခုထိ တိုက်ပွဲက မငြိမ်သေးဘူး။ အဲဒီမှာ တနေရာဖြစ်တယ်။ နောက် တနေရာကတော့ ကျနော်တို့ တပ်မဟာ (၁) နယ်မြေ နမ့်ခမ်းဘက်မှာလည်း တကြိမ်ဖြစ်တယ်။ တိုက်ပွဲအသေးစိတ်ကတော့ မသိရသေးဘူး။”

၂၇ ရက်နေ့တုန်းက လားရှိုးမြို့နယ်နဲ့ နမ့်ခမ်းမြို့နယ်အတွင်းက စစ်ကောင်စီစခန်း ၄ ခုကို တအာင်း တပ်ကသိမ်းယူခဲ့တယ်လို့လည်း ပြောပါတယ်။

“ မနေ့ကတော့ စခန်းအားဖြင့်က လားရှိုးမြို့နယ်ထဲမှာတော့ တိန်းတန်စခန်းပေါ့။ နမ့်ခမ်းမြို့နယ်ထဲ မှာတော့ အများအခေါ်တော့ ၁၂ မိုင်စခန်းရယ်၊ ၁၃ မိုင်စခန်းရယ်၊ ပြီးတော့ မန်မိုင် တာဝါတိုင်စခန်းရယ် ၃ နေရာ၊ အားလုံးပေါင်းကတော့ ၄ နေရာဖြစ်တယ်။”

အခုလို စစ်တပ်စခန်းတွေ သိမ်းပိုက်နိုင်ခဲ့တဲ့အတွက် လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရ မိကြောင်း လည်း TNLA သတင်းပြန်ကြားရေးလူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။
အောက်တိုဘာ ၂၇ ရက်နေ့က ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ ဖြစ်ပွားတဲ့တိုက်ပွဲတွေအတွင်း ရဲတပ်ဖွဲ့နဲ့ ပြည်သူ့စစ်စခန်း ၂ ခု ကျသွားပေမဲ့ စစ်တပ်စခန်းတွေတော့ မကျဘူးလို့ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက VOA ကို အစောပိုင်းက ပြောဆိုထားပါတယ်။

လောလောဆည်မှာတော့ ရှမ်းပြည်နယ်မြောက်ပိုင်းက မြို့အတော်များများမှာ တယ်လီဖုန်းဆက်သွယ်ရေး အခက်အခဲတွေ ရှိနေသလို လားရှိုး- မူဆယ်လမ်းနဲ့ လားရှိုး- လောက်ကိုင် လမ်းတွေလည်း ပိတ်ထားတာ ကြောင့် နယ်စပ်ကုန်သွယ်ရေးလည်း ရပ်ဆိုင်းနေပါတယ်။ အထူးသဖြင့် လူနာတွေကို မြို့ကြီးတွေက ဆေးရုံတွေဆီ ပို့ဆောင်ရေးအတွက် အခက်အခဲတွေ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG