သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်းငွေလိမ်မှုသံသယရှိသူ တရုတ်နိုင်ငံသား ၂၃၀၀ ကျော် မြန်မာထပ်လွှဲ


ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)
ယခင်မှတ်တမ်းရုပ်ပုံ | အွန်လိုင်းရာဇဝတ်မှုအတွက် မသင်္ကာသူတွေ တရုတ်ထံ မြန်မာလွှဲအပ် (အောက်တိုဘာ၊ ၂၀၂၃)

အင်တာနက် အွန်လိုင်းပေါ်ကနေ တရားမဝင် စီးပွားရေးလုပ်ငန်းမျိုးစုံကို လုပ်ကိုင်နေတဲ့ မြန်မာနိုင်ငံထဲက တရုတ်နိုင်ငံသား ၂,၃၀၀ ကျော်ကို မြန်မာဘက်က နောက်ထပ် လွှဲပြောင်းပေးခဲ့တယ်လို့ တရုတ်အစိုးရက တနင်္လာနေ့က ပြောပါတယ်။ အခုလို လုပ်ဆောင်မှုဟာ မြန်မာအခြေစိုက် ဆိုက်ဘာရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ ကြိုးပမ်းတာ ဖြစ်ပေမဲ့ မြန်မာထဲမှာတော့ ဒီလုပ်ငန်းတွေက ကြီးထွားနေဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုဝင်းခန့်မောင်က ပြောပြမှာပါ။

တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး လိမ်လည်နေတဲ့ မြန်မာမြောက်ပိုင်းက အွန်လိုင်းအခြေပြု လုပ်ငန်းပေါင်းစုံ လုပ်ကိုင်နေသူ ၂၃၄၉ ယောက်ကို မြန်မာဘက်ကနေ လက်ခံရရှိခဲ့တယ်လို့ တရုတ် ပြည်သူ့လူခြုံရေး ဝန်ကြီးဌာနကို ကိုးကားပြီး နိုင်ငံပိုင် သတင်းဌာနတွေက ရေးသားကြပါတယ်။ မြန်မာနဲ့ တရုတ်ယူနန်အစိုးရအကြား နယ်စပ်ဒေသ လုံခြုံရေးအတွက် ဥပဒေစိုးမိုးရေးလုပ်ငန်းတွေ ပူးပေါင်းဆောင်ရွက်နေပြီး အခုတကြိမ် ဖမ်းဆီးရမိတဲ့အရေအတွက်ဟာ အများဆုံးဖြစ်တယ်လို့ တရုတ်သတင်းတွေက ဖော်ပြကြပါတယ်။

ဒါပေမဲ့ တရုတ်-မြန်မာနယ်စပ်မြို့တွေမှာ ဒီလုပ်ငန်းတွေက ဆက်ရှိနေတာဖြစ်ပြီး ဒီလုပ်ငန်းတွေ အတွက် လိုအပ်တဲ့ ဝန်ထမ်းတွေခန့်ဖို့ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာ ကျွမ်းကျင်တဲ့ အသက်၃၀အောက် မြန်မာ လူငယ်တွေကို ဆက်ပြီး ခေါ်ယူနေဆဲ ဖြစ်ပါတယ်။ မြန်မာစစ်ကောင်စီရဲ့ ပြည်သူ့စစ်တွေ ကြီးစိုးတဲ့ လောက်ကိုင်မြို့မှာဆိုရင် ကျားဖြန့်လို့ခေါ်တဲ့ ဒီလို အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေ အများအပြား ကြီးစိုးထားတာ ဖြစ်ပါတယ်။

တချို့ဆိုရင် လောက်ကိုင်မြို့မှာ အခြေစိုက်ထားပေမဲ့ ရန်ကုန်နဲ့ မန္တလေးမှာ အလွယ်တကူ အလုပ်ဆင်းလို့ရနိုင်ကြောင်း ကျားဖြန့်ပွဲစားတဦးက ဗွီအိုအေကို ပြောပါတယ်။ လောက်ကိုင်မြို့မှာ လုပ်မယ်ဆိုရင် တလကို အခြေခံလစာ တရုတ်ယွမ်ငွေ ၃,၀၀၀ (ဆယ်သိန်းဝန်းကျင်) ပေးပြီး၊ ရန်ကုန်မှာ အလုပ်ဆင်းမယ်ဆိုရင်တော့ ကျပ် ၂၈၀,၀၀၀ နဲ့ ဆုကြေးပေါင်းပြီး ပေးနေတယ်လို့ သူကပြောပါတယ်။ ရန်ကုန်မှာတော့ ဖောက်သည်တွေ ရနိုင်သလောက်များများ ရှာပြီး အချက်အလက်တွေ မေးမြန်း၊ စုဆောင်းရတာကိုပဲ အဓိက လုပ်ရမယ်လို့ သူကပြောပါတယ်။

"ရုံးမှာပဲလာဆင်းရမှာ အလုပ်က ညဆိုင်းဆင်းရမှာ။ ညဘက်အလုပ်လာလုပ်ပြီး နေ့ဘက် အိမ်ပြန်ရမှာ ကိုယ့်အိမ်မှာ ကိုယ်နေရမှာ။ အလုပ်ဆင်းရမှာက တာမွေမှာ ဆင်းရမှာ။ ရှစ်သိန်းလောက်ရနိုင်တယ် ရန်ကုန်မှာ။ လစာကသက်သက် ဘောနပ်က သက်သက်။ တလကို target အယောက် ၃၀ပေးတယ် အယောက် ၃၀အထက် ရခဲ့မယ်ဆိုရင် တယောက်တသောင်းနဲ့ တွက်ပေးတယ်။ ဥပမာ ဒီနေ့ကို customer တယောက် သတ်မှတ်ပေးတယ်၊ တယောက်ထက်ကျော်ပြီး ရှာနိုင်ရင် တလမှာ ၃၅ယောက် ရှာနိုင်ရင် သုံးသိန်းခွဲ၊ လေးဆယ်ရှာနိုင်ရင် လေးသိန်းခွဲ။ လစာသက်သက် ဘောနပ်သက်သက်။ ရှာရတယ်ပြောပေမဲ့ customer ဆီက information ယူရတာ အရမ်းခက်တဲ့ အလုပ်တော့ မဟုတ်ဘူး။ အလုပ်အတူတူ လုပ်နေရင်းတူပေမဲ့ လစာချင်း တူချင်မှ တူလိမ့်မယ်။ ကိုယ်ကြိုးစားရင် ကြိုးစားသလို ဘောနပ်က ရလာမှာဆိုတော့လေနော့။"

တရုတ်ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းရှာဖွေတာမှာ မြန်မာနယ်စပ်ဒေသတွေကနေ ဖမ်းဆီးရမိသူတွေထဲမှာ မြန်မာနိုင်ငံသားတွေလည်း ပါဝင်နေပါတယ်။ မြန်မာနိုင်ငံသား တချို့ကိုတော့ ယွမ်ငွေတသိန်း ဒဏ်တွေရိုက်၊ ခံဝန်ရေး ထိုးခိုင်းပြီး တရုတ်ဘက်က ပြန်လွှတ်ပေးခဲ့တယ်လို့ တချို့က ဗွီအိုအေကို ပြောပါတယ်။

အရှေ့တောင်အာရှက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တရုတ်အစိုးရက နှိမ်နင်းနေပေမဲ့ အိမ်နီးချင်း မြန်မာဘက်မှာတော့ ဒီရာဇဝတ်မှုတွေက လွတ်ကင်းနေတယ်လို့ လေ့လာသူတချို့က ပြောပါတယ်။ မြန်မာနဲ့ တရုတ်အရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောကတော့ အခုလိုသုံးသပ်ပါတယ်။

" မြန်မာနိုင်ငံတင်မဟုတ်ဘူး တော်တော် နိုင်ငံများများမှာ ဖြစ်နေတာ၊ ဥပမာ စင်္ကာပူတို့ အင်ဒိုနီးရှားတို့ အဲဒီနိုင်ငံတွေမှာလည်း ငွေလိမ်ဂိုဏ်းတွေ တော်တော်များများ ပေါ်နေတယ်လို့ကြားတယ်။ အထူးသဖြင့် တရုတ်ဟွာချောင်တွေ ပင်လယ်ရပ်ခြား တရုတ်အမျိုးသားတွေ ရှိတဲ့ အရပ်တွေမှာ ပေါ်နေတာ တောက်လျောက်ပဲ။ တရုတ်ကလည်း အကြီးအကျယ်ကို လိုက်ဖျက်နေရတာ။ လိုက်ပြီးတော့ ဖမ်းနေရတာပဲ၊ ဒါပေမဲ့ မရပါဘူး။ ကြည့်ရတာတော့ နိုင်ငံပေါင်းစုံမှာ ပြန့်နေပုံရတယ်၊ အဲဒီတော့ အိမ်နီးနားချင်းဆိုတော့ ပိုလွယ်တာပေါ့ သွားရ၊ လာရတာ။ ကျမတို့နိုင်ငံကို ပြောနေတာကြာပြီး ဒါမင့် မဖြစ်မြောက်ဘူး။ ကျန်တဲ့နိုင်ငံတွေ ကြာနေပြီ။ ဟိုးလွန်ခဲ့တဲ့၂နှစ်၊ ၃နှစ်ကထင်တယ် ဖိလစ်ပိုင်ကနေ လေယာဉ် စင်းလုံးတိုက်ကြီးနဲ့တောင် အဲဒီ ငွေလိမ်ဂိုဏ်းတွေကို ဖမ်းလာတာ။"

မြန်မာဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်း (Mr. Chen Hai) နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဝန်ကြီးဦးသန်းဆွေတို့ ၂၀၂၃၊ ဇူလိုင်လ ၂၅ရက်မှာ တွေ့ဆုံပြီး ဒီကိစ္စကို ဆွေးနွေးခဲ့ပါတယ်။ တရုတ်အစိုးရဟာ 'ဝ'ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသက တာဝန်ရှိသူတွေကိုပါ ဖိအားပေးခဲ့ပါတယ်။ UWSA အဖွဲ့က သူတို့ဒေသမှာရှိတဲ့ တရုတ်နိုင်ငံသား ၁၂၀၀ ကျော်ကို ပထမဆုံး လွှဲပြောင်း ပေးခဲ့တာပါ။ အောက်တိုဘာလ ၇ရက်မှာတော့ မြန်မာစစ်ကောင်စီနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ရေးအဖွဲ့ဟာ လောက်ကိုင်မြို့ ရန်လုံကျိုင်း နယ်စပ်ဂိတ်ကနေ အယောက် ၄၀၀ နီးပါးကို လွှဲပြောင်းပေးခဲ့ပါတယ်။

ဒါပေမဲ့ တရုတ်အစိုးရကတော့ မြန်မာနိုင်ငံထဲက အဖွဲ့အစည်းတွေကို ဆက်ပြီးဖိအားပေးနေဆဲ ဖြစ်ပါတယ်။ အောက်တိုဘာလ ၁ရက်မှာ တရုတ်လွတ်လပ်ရေးနေ့ အခမ်းအနားကို တက်ရောက်လာတဲ့ ကိုးကန့်လုပ်ငန်းရှင် ၁၁ ယောက်ကို တရုတ်ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။ UWSA 'ဝ'အဖွဲ့က ဆောက်လုပ်ရေးဌာနက တာဝန်ရှိသူတွေကို ငွေလိမ်ဂိုဏ်းတွေနဲ့ ဆက်စပ်တယ်ဆိုပြီး အောက်တိုဘာ ၁၂ရက်မှာ ဖမ်းဝရမ်း ထုတ်ခဲ့ပါတယ်။ 'ဝ' ဘက်ကတော့ တရုတ်နိုင်ငံရဲ့ စည်းမျဉ်းတွေကို ချိုးဖောက်ခဲ့တဲ့ အရာရှိနှစ်ဦးကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ 'ဝ' ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရန်းကတော့ သူ့အနေနဲ့ အသေးစိတ်ကို မသိရှိရကြောင်း ဗွီအိုအေကို စာနဲ့ ဖြေကြားခဲ့ပါတယ်။

အောက်တိုဘာလ ၁၄ရက်အထိ ဖမ်းဆီးရမိတဲ့ စာရင်းထဲမှာ ချိန်အတော်ကြာ ထွက်ပြေးလွတ်မြောက်နေတဲ့ ရာဇဝတ်သား ၁၀၀ ကျော်အထိ ပါတယ်လို့ တရုတ်ဘက်က ပြောပါတယ်။ အခုဆိုရင် မြန်မာစစ်ကောင်စီ၊ UWSA နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တာဝန်ရှိသူတွေက တရုတ်အစိုးရဆီ လွှဲပြောင်းပေးခဲ့တဲ့ အရေအတွက်ဟာ တလအတွင်းမှာ ၄,၆၀၀ ကျော်သွားပြီ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG