သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာပြဿနာဖြစ်လာတဲ့ တရုတ်အွန်လိုင်းငွေလိမ်မှုများ 


အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)
အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)

မြန်မာနယ်စပ်နဲ့ အရှေ့တောင်အာရှ နိုင်ငံတချို့မှာ အခြေစိုက်ပြီး အုပ်စုဖွဲ့ လှုပ်ရှားနေကြတဲ့ ငွေလိမ်ဂိုဏ်းတွေ၊ အွန်လိုင်း လောင်းကစားလုပ်ငန်းတွေဟာ ဒေသတွင်းမှာသာမက နိုင်ငံတကာအတွက်လည်း ခြိမ်းခြောက်မှုတခု ဖြစ်လာတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP က ဩဂုတ်လကုန်ပိုင်းက သတိပေးခဲ့ပါတယ်။ အထူးသဖြင့် ကိုဗစ်လွန် စစ်အာဏာသိမ်းမှုဆက်ဖြစ်ခဲ့တဲ့ မြန်မာနိုင်ငံမှာ တရားဥပဒေစိုးမိုးမှု ကျဆင်းလာချိန်မှာ ဒီလုပ်ငန်းတွေ ပိုကျယ်ပြန့်လာတဲ့အကြောင်း ရန်ကုန်ကလာတဲ့ သုံးသပ်ချက်ကို အခြေခံပြီး ကိုရန်နိုင်က တင်ပြထားပါတယ်။

တရုတ်-မြန်မာနယ်စပ်မှာ ခြေကုပ်ယူပြီး အွန်လိုင်းပေါ်ကနေ ငွေကြေး လိမ်လည်၊ လှည့်ဖြားနေတဲ့ တရားမဝင် တရုတ်စီးပွားရေး လုပ်ငန်းတွေဟာ မြန်မာအပါအဝင်၊ အိမ်နီးချင်း နိုင်ငံတွေအတွက် စိုးရိမ်စရာ ဖြစ်လာပါတယ်။ အထူးသဖြင့် တရုတ်နိုင်ငံသားတွေအကြီးအကျယ် လိမ်လည်ခံနေရတဲ့ ကိစ္စကို စိုးရိမ်လာပြီး မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံတွေကို နှိမ်နှင်းပြီး ဖိအားပေးလာတာပါ။ မြန်မာနဲ့ လာအိုနယ်စပ်က အွန်လိုင်း အလိမ်အညာတွေက အလုပ်လက်မဲ့ တရုတ်လူငယ်တွေ၊ သက်ကြီး ပင်စင်စားတွေကို ပစ်မှတ်ထားပြီး လိမ်လည်နေကြပါတယ်။ တရုတ် ယူနန်ပြည်နယ်က တရုတ်-မြန်မာအရေး လေ့လာသုံးသပ်သူ ဒေါက်တာလှကျော်ဇောက သူ့ရဲ့အမြင်ကို အခုလိုပြောပါတယ်။

" မြန်မာပြည်ဘက်ဆိုတာဒီလို လက်နက်ကိုင်အဖွဲ့တချို့ ရှိတယ်မလား။ တရုတ်ပြည်နဲ့ ကပ်နေတဲ့၊ အဲဒီဒေသတွေမှာ တရုတ်ပြည်နဲ့လည်း သူတို့က အစကလည်းက ဆက်ဆံနေတော့ တရုတ်ပြည်က အလုပ်လက်မဲ့ကလေးတွေ၊ ဘာတွေ ညာတွေပေါ့ဗျာ။ အဲဒီကလေးတွေကို လခကောင်းကောင်းပေးမယ် ဆိုပြီးတော့ အဲဒီဂိုဏ်းတွေလည်းရှိတယ်။ အစိုးရက အဲဒါကိုလည်း အကြီးအကျယ်တော့ ရှင်းနေတယ်။ နိုင်ငံခြားထွက်ပြီး တရုတ်ပြည်ကို လိမ်လည်တာပေါ့ဗျာ၊ အင်တာနက်ကနေပြီးတော့၊ တရုတ်သံ ပီပီသသနဲ့ပြောရင် ဒီကပြည်သူတွေကလည်း ယုံကြည်တာကိုး။"

တရုတ်နိုင်ငံသား လူငယ် ၁၁ ယောက်ဟာ မြန်မာနိုင်ငံထဲမှာ လှုပ်ရှားနေတဲ့ အွန်လိုင်း အလိမ်အညာဂိုဏ်းတခုမှာ ပိတ်မိနေတဲ့ဆိုတဲ့သတင်းတခု ဩဂုတ်လ ၂၂ ရက်က တရုတ်လူမှုကွန်ယက် Weibo မှာ ပျံ့နှံ့ခဲ့ပြီး လူအများ အာရုံစိုက်ခံရတဲ့ သတင်းတခု ဖြစ်ခဲ့ပါတယ်။ Weibo ပေါ်က ထင်ရှား ကျော်ကြားသူတွေကလည်း ဒီအကြောင်းကို တဆင့်ဖြန့်ဝေခဲ့ကြပါတယ်။ အဲဒီ တရုတ်လူငယ်တွေဟာ ကြားပွဲစားတယောက်ကို တရုတ်ယွမ်ငွေ ၂၀,၀၀၀ (အမေရိကန်ဒေါ်လာ ၂,၇၀၀ ကျော်) ပေးပြီး မတ်လထဲမှာ မြန်မာနိုင်ငံထဲကို ရောက်လာကြတာပါ။ သူတို့ထဲကတချို့က အသက် ၁၅ နှစ် ၁၆ နှစ်ပဲ ရှိကြသေးတယ်လို့ တရုတ်သတင်းတွေက ပြောပါတယ်။

ပင်စင်လစာကို တရုတ်အစိုးရက တိုးပေးပြီးတဲ့နောက်မှာ သက်ကြီးပိုင်းတွေလည်း ငွေကြေးလိမ်လည်သူတွေရဲ့ ပစ်မှတ်ဖြစ်လာတယ်လို့ ဒေါက်တာလှကျော်ဇောက ပြောပါတယ်။

" ပရော်ဖက်ဆာတွေဆိုရင် ပင်စင်ကို တရုတ်ငွေ တသောင်းကျော်လောက်ရတာ၊ တအားရတာ။ အိမ်တွေကလည်း ရှိပြီးသား၊ ကျန်းမာရေးစရိတ်ကလည်း အစိုးရက အကုန်အပြည့်လှူထားတော့ ဒီငွေတွေကို သူတို့က။ လူတွေရဲ့ လောဘစိတ်ကိုလည်း ငွေလိမ်ဂိုဏ်းတွေကသိတယ်။ အသက်ရှည်ဆေးတို့၊ အလှပြင်တဲ့ဆေးတို့၊ ဘာတို့ညာတို့ အားဆေးတို့၊ မဟုတ်တရုတ်ဆေးတွေပေါ့ဗျာ၊ အဟုတ်ကြီးထင်ပြီးဝယ်ကြ။ အဲဒီဟာ လိမ်တဲ့ဂိုဏ်းတွေတော့ အစိုးရက တော်တော်တော့ နှိမ်နေရတယ်။"

မြန်မာဆိုင်ရာ တရုတ်သံအမတ် မစ္စတာချန်ဟိုင်း (Mr. Chen Hai) နဲ့ မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဌာနက ဝန်ကြီးဦးသန်းဆွေတို့ နေပြည်တော်မှာ ဇူလိုင်လ ၂၅ရက်မှာ တွေ့ဆုံခဲ့ပါတယ်။ နောက်ရက်မှာတော့ တရုတ်သံအမတ်ကြီးက သူတို့အနေနဲ့ အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို တိုက်ဖျက်ဖို့ ထိုင်း၊ မြန်မာ၊ လာအိုနိုင်ငံတွေနဲ့ ပူးပေါင်းနေကြောင်း ထုတ်ပြန်ပါတယ်။ မြန်မာနယ်စပ်က ဆက်သွယ်ရေး အလိမ်အညာတွေ၊ အွန်လိုင်း လောင်းကစားတွေကို နှစ်နိုင်ငံ ပူးပေါင်းနှိမ်နင်းခဲ့တာမှာ ရလဒ်ကောင်းတွေ ရှိခဲ့တယ်လို့ တရုတ်ဘက်က ပြောခဲ့တာပါ။ မြန်မာထဲမှာ ခိုအောင်းနေတဲ့ လုပ်ငန်းတွေကို ထပ်မံရှင်းလင်းပြီး ပိတ်မိနေတဲ့ သူ့နိုင်ငံသားတွေကို ကယ်တင်သွားမယ်လို့ တရုတ်သံရုံးက ထုတ်ပြန်ထားပါတယ်။

အွန်လိုင်းပေါ်က လောင်းကစားတွေ၊ ငွေလိမ်လည်မှုလုပ်ငန်းတွေဟာ Wa ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကချင်ပြည်နယ်နဲ့ ထိုင်းမြန်မာနယ်စပ် မြဝတီမြို့ဘက်တွေအထိ ခြေကုပ်ယူ လှုပ်ရှားနေကြပါတယ်။ ' ဝ' ဒေသရဲတပ်ဖွဲ့ကတော့ သူတို့ဒေသက အွန်လိုင်း ငွေလိမ်ဂိုဏ်းတွေကို ဖမ်းဆီးပြီး တရုတ်နိုင်ငံသား ၁,၂၀၇ ယောက်ကို အခုစက်တင်ဘာ ၆ ရက်နဲ့ ၇ ရက်မှာ တရုတ်ရဲတပ်ဖွဲ့ဆီကို လွှဲပြောင်းပေးခဲ့တာကို သတင်းထုတ်ပြန်ခဲ့ပါတယ်။ 'ဝ' ဆက်ဆံရေးရုံး တာဝန်ရှိသူတဦးဖြစ်တဲ့ ဦးညီရန်းကတော့ သူတို့ကို တရုတ်ဘက်က လာရောက်တွေ့ဆုံ ညှိနှိုင်းပြီးနောက်ပိုင်း ဖမ်းဆီးလွှဲပြောင်းပေးခဲ့တယ်လို့ ဗွီအိုအေကို စာနဲ့ဖြေကြားခဲ့ပါတယ်။

အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)
အွန်လိုင်းငွေလိမ်ဂိုဏ်းတရုတ်နိုင်ငံသား ၁၂၀၇ ဦးကို ဝ ဒေသရဲတပ်ဖွဲ့က တရုတ်နိုင်ငံရဲတပ်ဖွဲ့ဆီလွှဲပြောင်းပေးခဲ့ (စက်တင်ဘာ ၇)

ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လောက်ကိုင်မှာလည်း အွန်လိုင်းနဲ့ ဆက်စပ်တဲ့ ပြစ်မှုတွေကို နှိမ်နင်းသွားမယ်လို့ ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ တာဝန်ရှိသူတွေက အခု စက်တင်ဘာ ၆ ရက် အစည်းအဝေးမှာ ပြောခဲ့ပါတယ်။ ရာဇဝတ်မှာ ပါဝင်သူတွေကို တရုတ်ဆီလွှဲပြောင်းပေးတာမှာ အကာအကွယ်ပေးသွားမှာ မဟုတ်ကြောင်းလည်း ပြောပါတယ်။ ဒီပွဲကို အမှတ် (၁၀၀၆) နယ်ခြားစောင့်တပ်ရင်းမှူး ရန်ရှောက်ကျင့်လည်း တက်ခဲ့ပါတယ်။ တကယ်တော့ တရုတ်နိုင်ငံသားတွေရဲ့ ဒီလုပ်ငန်းတွေကို စစ်ကောင်စီလက်အောက်က နယ်ခြားစောင့်တပ်တွေက အကာအကွယ်ပေးထားတယ်လို့ ဒေသတွင်း သတင်းတွေက ရေးသားကြပါတယ်။ စစ်ကောင်စီရဲ့ ရှမ်းပြည်နယ်အစိုးရပြောခွင့်ရက သူတို့အနေနဲ့ ဒီကိစ္စကို မသိရှိကြောင်း ဗွီအိုအေကို ပြောပါတယ်။

" အဲဒါတော့ လုံခြုံရေးဆိုက်ကတော့ ကျနော်နဲ့ နည်းနည်း အလှမ်းဝေးတော့ ကျနော်တို့ ရုံးချုပ်ကနေ ဆောင်ရွက်တဲ့လုပ်ငန်းဆိုတော့ အဲဒီလောက် ဂဃနဏ မသိဘူးဗျ။ လူမှုကွန်ရက်မှာတော့ ကျနော်တို့လည်း ဖတ်ရပါတယ် 'ဝ'မှာ တထောင်ကျော်ဆိုလား အဲလိုဖမ်းတာတို့၊ ဆီးတာတို့ အဲဒါတွေပဲ ဖတ်ရတာပါ။"

တရုတ်နိုင်ငံက ရာဇဝတ်မှုနဲ့ အလိုရှိနေသူတွေဟာ မြန်မာပြည်တွင်းက မူဆယ်၊ လားရှိုး၊ လောက်ကိုင်နဲ့ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေမှာ အွန်လိုင်းလောင်းကစားတွေလုပ်ပြီး ကင်းလွတ်နေပါတယ်။ တရုတ်၊ မြန်မာ၊ ထိုင်း သုံးနိုင်ငံ ပူးပေါင်းပြီး နှိမ်နင်းဖို့ တရုတ်အစိုးရက ဖိအားပေးနေပေမဲ့ စစ်ကောင်စီဟာ သူရဲ့ ပြည်သူ့စစ်အဖွဲတွေကို ကောင်းကောင်း မထိန်းချုပ်နိုင်ဘူးလို့ သတင်းတွေက ဝေဖန်ရေးသားကြပါတယ်။ တရုတ်ဂိုဏ်းတွေဟာ ကိုဗစ်လွန်နောက်ပိုင်းမှာ လောင်းကစားရုံလုပ်ငန်းတွေကနေ အွန်လိုင်းလောင်းကစားဘက်ကို အာရုံစိုက်ပြီး လူမှုကွန်ရက်ကတဆင့် လူတွေကို ဖျားယောင်း လိမ်လည်လာခဲ့ကြတာ ဖြစ်ပါတယ်။

နယ်စပ်ဖြတ်ကျော် ဒုစရိုက်မှုတွေဟာ လောင်းကစားတွေ၊ ငွေကြေးလိမ်လည်မှုတွေ၊ ဖျားယောင်းသွေးဆောင်ပြီး လူကုန်ကူးတာတွေလို လုပ်ငန်းတွေနဲ့ အရှေ့တောင်အာရှမှာ သူတို့ရဲ့ ကွန်ယက်ကို တည်ဆောက်ထားတယ်လို့ အမေရိကန် ငြိမ်းချမ်းရေး အင်စတီကျု USIP က ဩဂုတ်လ ၃၁ရက်က ထုတ်ပြန်ပါတယ်။ ဒီကွန်ယက်တွေက ဒေသတွင်း နိုင်ငံအများအပြား အထူးသဖြင့် မြန်မာနိုင်ငံမှာ ရှိနေပေမဲ့ တကမ္ဘာလုံး အတိုင်းအတာနဲ့ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။ လိမ်လည်မှုတွေက အမေရိကန်ဒေါ်လာ ဘီလီယံချီပြီး ရှိနေတာပါ။ သူတို့ဟာ အလုပ်အကိုင်ရှာဖွေရေး ကုမ္ပဏီလိုလို၊ ဝန်ထမ်းရှာဖွေရေးလိုလို လုပ်ငန်းတွေအဖြစ် ဟန်ဆောင်ခဲ့ကြပြီး တကမ္ဘာအနှံ့က လူတိုင်းကို ပစ်မှတ်ထား လိမ်လည်ကြကြောင်း USIP ရဲ့ ဌာနေ ညွှန်ကြားရေးမှူ Jason Tower က ဌာနတွင်းအင်တာဗျူးတခုမှာ ပြောပါတယ်။

အခုလို နယ်စပ်ဖြတ်ကျော် ရာဇဝတ်မှု ပူးပေါင်းနှိမ်နင်းဖို့ အထူးသဖြင့် အရှေ့တောင်အာရှကို အဓိကထားတာမှာ လိုအပ်တဲ့အရင်းအမြစ်တွေကို အမေရိကန်က ပေးသွားမယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ ပဋိပက္ခတွေဖြစ်နေတဲ့ မြန်မာနဲ့ ပူးပေါင်းလုပ်ဖို့ကတော့ ခက်ခဲလိမ့်မယ်လို့ သူကပြောသွားပါတယ်။

" မြန်မာထဲက ဒီပြဿနာကို ဖြေရှင်းဖို့ကတော့ တကယ့်ကို ခက်ပါလိမ့်မယ်၊ ဘာလို့လဲဆိုတော့ မြန်မာစစ်တပ်ကစတဲ့ ပဋိပက္ခတွေ ဖြစ်ပွားနေတာကြောင့်ပါ။ မဲခေါင်ဒေသ၊ အာဆီယံနိုင်ငံတွေမှာ အုပ်ချုပ်ရေးခိုင်မာဖို့၊ ဘဏ်လုပ်ငန်းတွေမှာ လစ်ဟာမှုတွေမရှိဖို့၊ ရာဇဝတ်သားတွေက ငွေကြေးနဲ့ နည်းပညာပိုင်း ရယူသုံးစွဲ၊ လွှဲပြောင်းနေတာတွေကို ပိတ်ဆို့နိုင်ဖို့ အမေရိကန်အနေနဲ့ အတူလက်တွဲသွားနိုင်ပါတယ်။ အပြစ်ကလွတ်မြောက်နေတဲ့ ရာဇဝတ် ကွန်ရက်တွေကို ရှင်းလင်းတာမှာ အားကောင်းတဲ့ စီမံအုပ်ချုပ်ရေးဖြစ်ဖို့ အမေရိကန်ရဲ့ ဦးဆောင်မှုနဲ့ အများကြီး လုပ်နိုင်လိမ့်မယ်လို့ ကျနော် ထင်ပါတယ်။"

လိမ်လည်သူတွေက တရုတ်နိုင်ငံသားတွေဖြစ်လို့ တရုတ်နိုင်ငံနဲ့ ဒီကိစ္စက အဓိက ဆက်စပ်နေတယ်လို့ သူကပြောပါတယ်။ နိုင်ငံတကာရဲတပ်ဖွဲ့ (INTERPOL) ကလည်း ဒီလို လိမ်လည်မှုတွေကို ကမ္ဘာအနှံ့မှာ သတိပေးထားပါတယ်။ သတိပေးတာမှာ ဘယ်နေရာက ဘယ်သူမဆို လူကုန်ကူးခံရနိုင်တယ်ဆိုတဲ့ အထိကို သတိပေးထားပါ။ NLD လက်ထက်မှာ လောင်းကစားလုပ်ငန်းတွေရှိနေတဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်က ရွှေကုက္ကိုလ်မြို့သစ်စီမံကိန်းကို စပြီးစုံးစမ်းခဲ့ပါတယ်။ ဒီနောက်ကွယ်မှာ တရုတ်နိုင်ငံပိုင် လုပ်ငန်းကြီးတချို့လည်း ပါဝင် ပတ်သက်နေတာပါ။ ဒါကို မြန်မာဘက်က တရုတ်အစိုးရကို သတိပေးခဲ့ပေမဲ့ အစပိုင်းမှာ မျက်ကွယ်ပြုခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ ဒါက တရုတ်အစိုးရရဲ့ BRI စီမံကိန်းနဲ့ ပတ်သက်မှုမရှိဘူးဆိုတာ တရုတ်ဘက်က ထုတ်ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ တရုတ် အွန်လိုင်း လောင်းကစားတွေ၊ အွန်လိုင်းပေါ်က ငွေလိမ်ဂိုဏ်းတွေဟာ နယ်စပ်မှာတင်မက မန္တလေးလို မြို့ပေါ်မှာတောင် တွင်တွင်ကျယ်ကျယ် ဖြစ်နေပြီလို့ ဒေသခံတချို့က ပြောနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG