သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အွန်လိုင်း ရာဇဝတ်ဂိုဏ်းတွေ မြန်မာနိုင်ငံမှာ ပိုမိုအခြေစိုက်လာ


ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)
ရွှေကုက္ကိုလ်မြို့ အပေါ်စီးမြင်ကွင်း (ပုံ− ကောင်းကင်ဂြိုလ်တုဓါတ်ပုံ / Courtesy: The People's Map)

အာရှတလွှား အွန်လိုင်းက လိမ်လည်နေတဲ့ ရာဇဝတ်ဂိုဏ်းတွေဟာ မြန်မာနိုင်ငံမှာ ပိုမိုအခြေစိုက်လာနေကြောင်း ကုလသမဂ္ဂရဲ့ အစီရင်ခံစာသစ်က ဖော်ပြလိုက်ပါတယ်။ လုံခြုံရေးတပ်ဖွဲ့တွေ လက်လှမ်းမမှီတဲ့ ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းတွေက အတင်းအကြပ် ခိုင်းစေခံရသူတွေဟာလည်း လွတ်မြောက်နိုင်တဲ့ အခွင့်အလမ်း နည်းပါးကြောင်း မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာ ကုလသမဂ္ဂရုံး (UNODC) က ဒီကနေ့ ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားတာပါ။

တရုတ်နဲ့ ထိုင်ဝမ်က ရာဇဝတ်ဂိုဏ်းတွေဟာ မဲခေါင်ဒေသနိုင်ငံတွေအပြင် ဖိလစ်ပိုင်နိုင်ငံမှာပါ အခြေစိုက်ပြီး၊ အင်တာနက်ကနေ လူမှုရေး အရှုပ်အထွေးတွေနဲ့ ခြိမ်းခြောက် လိမ်လည်တာ၊ ငွေညစ်တာ၊ ရင်းနှီးမြှုပ်နှံမှုတွေမှာ လိမ်လည်မှုတွေ ကျုးလွန်နေတာပါ။ အစီရင်ခံစာရေးသားရာမှာ ပါဝင်သူလည်းဖြစ်၊ UNODC ဒေသဆိုင်ရာကိုယ်စားလှယ်လည်း ဖြစ်တဲ့ Jeremy Douglas ကတော့ ဥပဒေစိုးမိုးမှုတွေ အားနည်းတဲ့ ဒေသတွေမှာ ရာဇဝတ်ဂိုဏ်းတွေ ကြီးစိုးနေတာလို့ ပြောပါတယ်။

ကမ္ဘောဒီးယားနဲ့ ဖိလစ်ပိုင်နိုင်ငံတွေမှာ ဒီလိမ်လည်မှုတွေကို နှိမ်နင်းမှု တချို့ ရှိခဲ့ပေမယ့် ပဋိပက္ခဖြစ်ပွားနေတဲ့ မြန်မာနိုင်ငံမှာတော့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တချို့ရဲ့ အကာအကွယ်အောက်မှာ ဒီအွန်လိုင်း လိမ်လည်တဲ့ ဂိုဏ်းတွေက ကြီးထွားနေတယ်လို့ ကုလသမဂ္ဂ မူးယစ်ဆေးဝါးနဲ့ ရာဇဝတ်မှုဆိုင်ရာရုံးရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)
တရုတ်အာဏာပိုင်တွေရဲ့ သတင်းပေးချက်အရ အင်ဒိုနီးရှားနိုင်ငံ Riau ကျွန်းက Batam မြို့မှာ ဖမ်းဆီးမိတဲ့ အွန်လိုင်းလိမ်လည်မှုနဲ့ မသင်္ကာသူ တရုတ်လူမျိုးများ (သြဂုတ် ၂၉၊ ၂၀၂၃)

ထိုင်းနိုင်ငံနဲ့နယ်စပ် လက်နက်ကိုင်အုပ်စုတွေ ကြီးစိုးတဲ့ မြဝတီမြို့နယ် ရွှေကုက္ကိုလ်မှာ အများစု ရှိနေပြီး၊ တရုတ်နဲ့ ထိစပ်နေတဲ့ ရှမ်းမြောက် "ဝ" နဲ့ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေ ပါဝင်တယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ အစိုးရလက်လှမ်းမမှီတဲ့ ဒီဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဟာ မူးယစ်ဆေးဝါးနဲ့ ရှားပါး တောရိုင်းတိရစ္ဆာန် ရောင်းဝယ်ဖောက်ကားမှုတွေကို လုပ်ဆောင်နေသလို၊ ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူတွေက စစ်တပ်ကို ကျယ်ကျယ်ပြန့်ပြန့် ပုန်ကန် ဆန့်ကျင်နေတဲ့နေရာလည်း ဖြစ်ပါတယ်။

လိမ်လည်ခံရသူအများစုဟာ လူငယ် ပညာတတ်တွေဖြစ်ပြီး၊ မြန်မာနိုင်ငံမှာ လစာမြင့် အလုပ်အကိုင်ကောင်းတွေ ရမယ်ဆိုတဲ့ တရားဝင်ခေါ်ယူတဲ့ ပုံစံမျိုး မက်လုံးပေး ခေါ်ယူတာကို ခံကြရသလို၊ လိမ်လည်ခံရတာကို သိတဲ့ အချိန်မှာလည်း မိသားစုဝင်တွေ၊ ဒါမှမဟုတ် သံရုံးနဲ့ NGO တွေကနေ ပိုက်ဆံပေးပြီး ကယ်ထုတ်နေရတယ်လို့လည်း အစီရင်ခံစာမှာ ပါရှိပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မြန်မာအစိုးရထံမှာ မှတ်ချက်တောင်းခံပေမယ့် ဆက်သွယ်လို့ မရဘူးလို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်နဲ့ အရှေ့တောင်အာရှနိုင်ငံအချို့ကတော့ လိမ်လည်မှုအကျပ်အတည်းကို အတူတကွ ကိုင်တွယ်ဖြေရှင်းဖို့ သဘောတူညီခဲ့တယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG