ပြည်တွင်းမှာ အခြေစိုက် လုပ်ကိုင်နေကြတဲ့ အွန်လိုင်းလုပ်ငန်း အားလုံး လာမယ့် အောက်တိုဘာ လဆန်းကစပြီး မှတ်ပုံတင်ရမယ်လို့ စီးပွားကူးသန်း၊ ကုန်သွယ်ရေးဦးစီးဌာနက အသိပေးလိုက်ပါတယ်။ လူမှုကွန်ရက် အမျိုးမျိုးကိုသုံးပြီး ရောင်းချနေတဲ့ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု လုပ်ငန်းတွေအားလုံး အကျုံးဝင်မှာဖြစ်ပြီး မလိုက်နာသူတွေကို ဥပဒေအတိုင်း အရေးယူသွားမယ်လို့ သတိပေးထားတာကြောင့် အွန်လိုင်းက လုပ်ငန်း လုပ်ကိုင်သူတွေကြား စိုးရိမ်မှုတွေ ရှိနေတဲ့အကြောင်း ရန်ကုန်က ပေးပို့တဲ့သတင်းကို ကိုဇော်ဝင်းလှိုင် တင်ပြထားပါတယ်။
ဖေ့စ်ဘွတ်၊ ယူကျုနဲ့ တစ်တော့လို အွန်လိုင်း လူမှုကွန်ရက်ပေါ်မှာ ရောင်းချနေတဲ့ ပြည်တွင်းက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုလုပ်ငန်း အားလုံးကို အခုလာမယ့် အောက်တိုဘာလ ၂ ရက်နေ့က စပြီး မှတ်ပုံတင်ကြဖို့ ကုန်သွယ်ရေးဦးစီးဌာနက တနင်္လာနေ့က အသိပေးလိုက်တာပါ။ လုပ်ငန်းလုပ်ကိုင်နေပြီး မှတ်ပုံမတင်ဘူးဆိုရင် အရေးကြီးကုန်စည်နဲ့ ဝန်ဆောင်မှုဥပဒေအတိုင်း အရေးယူသွားမယ်လို့လည်း စစ်ကောင်စီရဲ့ ကနဦး ထုတ်ပြန်ထားတဲ့ အမိန့်ကြော်ငြာတွေထဲမှာ ဖော်ပြထားပါတယ်။
မှတ်ပုံတင် လျှောက်ထားရာမှာတော့ ကုမ္ပဏီ (သို့မဟုတ်) စီးပွားရေး အဖွဲ့အစည်းတွေနဲ့ တဦးချင်း စီးပွားရေး လုပ်ငန်းများဆိုပြီး နှစ်မျိုး လျှောက်ထားနိုင်ပါတယ်။ ပညာရေး၊ ရုပ်သံ၊ ငွေကြေးဆိုင်ရာလုပ်ငန်း၊ ခရီးသွားလုပ်ငန်း၊ အပန်းဖြေလုပ်ငန်း၊ ကျန်းမာရေးနဲ့ စားသောက်ဆိုင်လို ဝန်ဆောင်မှုလုပ်ငန်း အမျိုးအစားပေါင်း ၂၀ အပြင် အဝတ်အထည်နဲ့ အလှကုန်လို ပစ္စည်းတွေရောင်းချတဲ့ လုပ်ငန်းတွေ အကျုံးဝင်ပါတယ်။
ခုလို အွန်လိုင်း စီးပွားရေးလုပ်ငန်းတွေကို မှတ်ပုံတင်ခိုင်းတာနဲ့ပတ်သက်လို့ အမြင်တွေကတော့ အမျိုးမျိုး ရှိနေပါတယ်။ အွန်လိုင်းပေါ်မှာ ဥပဒေနဲ့ ကင်းလွတ်နေတဲ့ လုပ်ငန်းတွေကို ထိန်းချုပ်နိုင်မှာဖြစ်လို့ စားသုံးသူ အခွင့်အရေးဘက်ကကြည့်ပြီး တချို့က သဘောတူ လက်ခံကြတာ ရှိသလို၊ တချို့ကလည်း မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတခုက အွန်လိုင်းလုပ်ငန်းတွေ လွတ်လွတ်လပ်လပ်နဲ့ ရှင်သန်ခွင့် ရှိသင့်တယ်လို့ မြင်ကြပြီး လုပ်ငန်းတွေကို အသေးစိတ် စောင့်ကြည့်ထိန်းကြောင်းတာကို လက်မခံနိုင်သူတွေလည်း ရှိနေပါတယ်။
ဂျပန် စက်ပစ္စည်းတွေ ရောင်းချတဲ့ အွန်လိုင်းလုပ်ငန်း ပိုင်ရှင်တဦးကတော့ မဖြစ်မနေ မှတ်ပုံတင်ရမယ် ဆိုရင်လည်း လိုက်လုပ်ဖို့သာ ရှိတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
" ကျနော်တို့က ကျနော်တို့တယောက်တည်း လုပ်တာ မဟုတ်တဲ့အတွက်ကြောင့် အများနောက်ကို ကျနော်တို့ လိုက်ရမှာပဲ။ ကောင်းခြင်း၊ မကောင်းခြင်း၊ ဆိုးခြင်း၊ မဆိုးခြင်းကတော့ ကျနော်တို့ ဘာမှဝေဖန်လို့ မရဘူးလေ။ ဂျပန်နိုင်ငံကသုံးပြီးသား ပစ္စည်းအဟောင်းကို ရောင်းတဲ့အတွက် ကျနော်တို့ မြဝတီမှာ ဝင်လာတဲ့ ကွန်တိန်နာထဲက ကျနော်တို့ရောင်းချင်တဲ့ ပစ္စည်းရွေးဝယ်ပြီး ထိုင်ရောင်းတာ ဒါပဲရှိတယ်။ ဟိုဘက် ဘန်ကောက်ကနေ မြဝတီကိုဝင်နေတဲ့ ပစ္စည်းကလွဲလို့ ဝင်လာသမျှကလည်း သူတို့ဂျူတီဆောင်ပြီး တရားဝင် ဝင်လာတဲ့ ပစ္စည်းတွေချည်းပဲ။"
မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးကာစပဲ ရှိသေးတဲ့ အွန်လိုင်းလုပ်ငန်းတွေကို အရေးကြီးကုန်စည် သတ်မှတ်ပြီး အခွန်ကောက်ဖို့က အချိန်မတန်သေးဘူးလို့ ဥပဒေ ပညာရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ အွန်လိုင်းလုပ်ငန်း ဆိုတဲ့ ခေါင်းစဉ်အောက်မှာ သတ်သတ်မှတ်မှတ်နဲ့ တပြေးညီ အခွန်ကောက်တာက ရေရှည်မှာ ရှုပ်ထွေးမှုတွေ ရှိလာနိုင်တယ်လို့ တချို့က ပြောပါတယ်။ စားသုံးသူအခွင့်အရေး ကာကွယ်ရေးအဖွဲ့တခုရဲ့ တာဝန်ခံတဦးကလည်း သူ့အမြင်ကို အခုလို ပြောပြပါတယ်။
" အွန်လိုင်းက လိမ်လို့ကောင်းတဲ့ စျေးကွက်တခု ဖြစ်နေတာပဲ။ ဒါပေမဲ့ တဘက်က ပြန်ကြည့်ပြန်တော့လည်း အမှန်အကန်လုပ်တဲ့ သူတွေလည်း ရှိတယ်။ အွန်လိုင်းမှာ ပစ္စည်းမှန် စျေးမှန်နဲ့။ အမြင်နှစ်မျိုးလုံးက သူ့ဟာနဲ့သူ သင့်တော် လျှောက်ပတ်နေတာပဲ။ ထိန်းချုပ်ဖို့ကြတော့လည်း ခက်ခဲသွားပြန်ရော။ အဲဒီတော့ အခွန်ကောက်ဖို့ အတွက်ကြတော့ ဖွံ့ဖြိုးဆဲနိုင်ငံ တနိုင်ငံအနေနဲ့တော့ တချို့ဆို တပိုင်တနိုင်ကလေးတွေ လုပ်တာရှိတယ်။ သူတို့အတွက် အခွန်ဆောင်ဖို့ အခက်အခဲရှိမှာပဲ။ ဒီတော့ အွန်လိုင်းမှာ အောင်မြင်ချင်မှ အောင်မြင်မှာလေ။"
အွန်လိုင်းစနစ်နဲ့ ရောင်းချတဲ့ လုပ်ငန်းတွေကို အရေးကြီးဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး သူနဲ့ပတ်သက်တဲ့ စည်းမျဉ်း သတ်မှတ်မိန့်တွေကို လိုသလို ဆောင်ရွက်သွားမယ်လို့ နစကအစိုးရအဖွဲ့က ဒီနှစ် ဇူလိုင်လထဲမှာ အမိန့်ကြော်ငြာစာ တစောင်ကို ထုတ်ပြန်ခဲ့ဖူးပါတယ်။
စားသုံးသူရေးရာနဲ့ ဥပဒေပညာရှင်တချို့ကတော့ ဒီအမိန့်ညွန်ကြားချက်နောက်မှာ အခွန်ကောက်တာ အပါအဝင် လုံခြုံရေးစိစစ်ဖို့အထိ ရည်ရွယ်ချက်မျိုးတွေ ပါနိုင်တယ်လို့ သုံးသပ်ကြပါတယ်။ စစ်ကောင်စီရဲ့ စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးကတော့ အွန်လိုင်းစနစ် ပုံစံမျိုးစုံဖြစ်နေတာကို အကာအကွယ်ပေးဖို့နဲ့ စားသုံးသူတွေ မနစ်နာဖို့ မှတ်ပုံတင်ခိုင်းရတာလို့ ပြန်ပြီးတုံ့ပြန်ခဲ့ပါတယ်။ ဒီလို မှတ်ပုံတင်ကြမယ့် သူတွေကို ကုန်သွယ်ရေး ဦးစီးဌာနက ဒီဇင်ဘာလ ၃၁ ရက်အထိ မှတ်ပုံတင်ကြေး ကင်းလွတ်ခွင့် ပေးထားပါတယ်။
မြန်မာနိုင်ငံမှာ အရေးကြီးကုန်စည်နှင့် ဝန်ဆောင်မှုဥပဒေကို ၂၀၂၂ ခုနှစ်ကတည်းက ပြဋ္ဌာန်းခဲ့တာပါ။ ကုန်ပစ္စည်းတခုဟာ အရေးကြီးကုန်စည်လို့ သတ်မှတ်ခံထားရပြီဆိုရင် သူနဲ့ဆက်စပ်တဲ့ တင်သွင်း၊ ရောင်းချ၊ လက်ဝယ်ထားမှု၊ သိုလှောင်၊ သယ်ဆောင်၊ ဖြန့်ဖြူး အသုံးပြုမှုတွေကို သက်ဆိုင်ရာအဖွဲ့က လိုသလိုကြီးကြပ်၊ တားမြစ်နိုင်တယ်လို့ ဒီဥပဒေရဲ့ အခန်း(၃)၊ ပုဒ်မ(၄)မှာ ဖော်ပြထားပါတယ်။
ဒါကိုချိုးဖောက်တယ်ဆိုရင် ထောင်ဒဏ် ၆ လကနေ ၃ နှစ်အထိ ကျခံရတာဖြစ်စေ၊ ဒါမှမဟုတ် ကျပ်ငွေ ၅ သိန်းထက်မပိုတဲ့ ငွေဒဏ်ကို ပေးဆောင်ရမှာ ဖြစ်ပါတယ်။ ဒီဥပဒေပါ ပြစ်မှုအားလုံးကို ရဲက အရေးယူပိုင်ခွင့် ရှိတယ်လို့လည်း ဥပဒေမှာ ဖော်ပြထားပါတယ်။ အွန်လိုင်းလုပ်ငန်းတွေကို စားသုံးသူ အခွင့်အရေး ကာကွယ်ဖို့အတွက် NLD အရပ်သားအစိုးရ လက်ထက်ကတည်းက ကြပ်မတ်ဖို့ ကြိုးပမ်းခဲ့ပေမဲ့ အသေးစားလုပ်ငန်းတွေ ဖွံ့ဖြိုးဖို့ ဦးစားပေးနေချိန်ဖြစ်လို့ ဒါကို ဆိုင်းငံ့ထားခဲ့တာ ဖြစ်ပါတယ်။