သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယဆောက် စစ်တွေဆိပ်ကမ်းမှာ ကုန်တင်သင်္ဘောတွေဆိုက်ကပ် 


အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမြေပုံ
အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းမြေပုံ

အိန္ဒိယ-မြန်မာ ကုလားတန်မြစ် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ တစိတ်တပိုင်းအဖြစ် အိန္ဒိယက လာဆောက်လုပ်ထားတဲ့ စစ်တွေမြို့က ဆိပ်ကမ်းမှာ မြန်မာကုန်တင်သင်္ဘောတွေကို ဒီလ ၂ဝ ရက်နေ့စပြီး ပထမဆုံးအကြိမ် ဆိုက်ကပ် ခွင့်ပြုလိုက်ပါတယ်။ နိုင်ငံတကာအဆင့်မီ ဆိပ်ကမ်းမှာ ပြည်တွင်းသင်္ဘောတွေကို ဆိုက်ကပ်ခွင့် ပြုလိုက်တာကြောင့် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်းမှုတွေ မြန်ဆန်လာနိုင်တယ်လို့ စီးပွားရေးလုပ်ငန်းရှင်တချို့က မျှော်လင့်ကြပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုစံကျော်က တင်ပြပေးပါမယ်။

အိန္ဒိယအစိုးရ အဓိကဦးဆောင်ပြီး ပြီးခဲ့တဲ့ မေလ အစောပိုင်းက ဖွင့်လှစ်ခဲ့တဲ့ စစ်တွေမြို့က အိန္ဒိယဆောက် ဆိပ်ကမ်းမှာ ပြည်တွင်း ကုန်တင်သင်္ဘောတွေ ကို ဆိပ်ကပ်ခွင့် ပြုလိုက်တဲ့အကြောင်း ရခိုင်ပြည်နယ် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းက မကြာခင်က ထုတ်ပြန်ထားပါတယ်။

ဒီဆိပ်ကမ်းဟာ အိန္ဒိယနဲ့ မြန်မာ နှစ်နှစ်ငံကြား ကုန်သွယ်စီးပွား ဆက်ဆံမှုတွေ တိုးမြှင့်နိုင်ဖို့ ရည်ရွယ်တဲ့ အိန္ဒိယ-မြန်မာ ကုလားတန်မြစ်ကြောင်း ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းရဲ့ တစိတ်တပိုင်းဖြစ်ပါတယ်။

ဒီဆိပ်ကမ်းမှာ ဒီလ ၂ဝ ရက်နေ့က ပထမဆုံးအကြိမ် ပြည်တွင်း ကုန်တင်သင်္ဘောတစီး ဆိပ်ကပ်ခဲ့တာပါ။ အခုလို ပြည်တွင်းသင်္ဘောတွေကို နိုင်ငံတကာ အဆင့်မီဆိပ်ကမ်းမှာ ကပ်ခွင့် ပေးလိုက်တာကြောင့် ရခိုင်ပြည်နယ်အတွက် ကုန်စည်စီးဆင်မှုတွေ မြန်ဆန်လာပြီး သယ်ယူ ပို့ဆောင်ရေး စရိတ်တွေလည်း ကျဆင်းလာနိုင်တယ်လို့ ရခိုင်ပြည်နယ် ကုန်သည်ကြီးများနဲ့ စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးတင်အောင်ဦးက ပြောပါတယ်။

“အခု ဆိပ်ခံ တံတားကတော့ စတင် အသုံးပြုနိုင်ပြီ ဆိုလို့ရှိရင်တော့ ဒီဟာက အဓိက သင်္ဘောက ပစ္စည်းချတဲ့ အချိန် တော်တော်လေး တိုတောင်းသွားမယ်ဆိုတဲ့ အနေအထားတော့ တွေ့နေရပါတယ်ခင်မျာ။ အဓိကတော့ သင်္ဘောတစီးရဲ့ ကုန်ချတဲ့ ဟာက ပုံမှန် ဆိုလို့ရှိရင် သူတို့မှာ ၁ဝ ရက် ၂ ပတ်လောက် ချနေရပေမဲ့ ဒီဆိပ်ကမ်းမှာ ဆိုလို့ရှိရင် ၅ ရက်လောက်နဲ့ ပြီးနိုင်တာ၊ ၄ ရက်လောက်နဲ့ ပြတ်နိုင်တာ အဲလိုမျိုးပေါ့လေ။ သင်္ဘောအတွက်ကလည်း ခေါက်ရေတွေ များများရနိုင်မယ်။ ကုန်စည်စီးဆင်းမှုမှာလည်း မြန်ဆန်လာမယ်။ အဲတော့ သင်္ဘောသည်ယူ ပို့ဆောင်ခ တွေလည်း အထိုက်အလျောက် လျော့ကျလာမယ်။ အဲ့လို ရည်ရွယ်ချက်တွေနဲ့ စတင်ပြီးတော့ အကောင်အထည် ဖော်တာဖြစ်တယ်။”

ကုန်စည် ဖြန့်ဖြူးမှုတွေ မြန်ဆန်လာနိုင်တယ် ဆိုပေမဲ့လည်း လတ်တလော ရခိုင်ပြည်နယ်အတွင်း မိုခါမုန်တိုင်းဒဏ် ခံခဲ့ရပြီးနောက်ပိုင်း လူသားချင်းစာနာမှု အကူအညီတွေ လိုအပ်နေချိန်မှာ ကူညီကယ်ဆယ်ရေး လုပ်ငန်းတွေကို အာဏာပိုင်တွေက ကန့်သတ်ထားဆဲ ဖြစ်သလို၊ ကုန်ပစ္စည်းနဲ့ ဆေးဝါးသယ်ယူတာတွေကို တင်းတင်းကြပ်ကြပ် စစ်ဆေးကန့်သတ်ထားတာကြောင့် အကျပ်အတည်းတွေကတော့ ဆက် ရှိနေလိမ့်ဦးမယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်က စီးပွားရေးလုပ်ငန်းရှင် တဦးဖြစ်တဲ့ ဦးကျော်အေးမောင်ကတော့ အခုလို ပြည်တွင်းသင်္ဘောတွေကို စစ်တွေ အိန္ဒိယဆိပ်ကမ်းမှာ ကပ်ခွင့်ပေးလိုက်တာက ရခိုင်ပြည်နယ်အတွက် စီးပွားရေး အခွင့်အလမ်း တချို့ ရှိလာနိုင်ပေမဲ့ တခြား နိုင်ငံတကာအထိ ပြေးဆွဲနိုင်အောင်လည်း လုပ်ဆောင်သင့်တယ်လို့ ပြောပါတယ်။

“ဒါကတော့ မဆိုးပါဘူး။ စစ်တွေမှာ သင်္ဘောတွေ လာလို့ရှိရင် စစ်တွေမှာ ဆိပ်ကမ်းက တခုတည်းရှိတော့ ဟိုဘက် ဆိပ်ကမ်းကလည်း မြန်မာဆိပ်ကမ်း အာဏာပိုင်ဆိပ်ကမ်းကလည်း ကရိန်းတွေ ကောင်းကောင်းမရှိဘူးဆိုတော့ ဒီဘက် ဆိပ်ကမ်းမှာ ကပ်ခွင့်ရတာကတော့ ကျနော်တို့ ရခိုင်ပြည်နယ်အတွက် ကုန်တင်ကုန်ချ မြန်ဆန်လာမယ်။ ကုန်တင်ကုန်ချ မြန်ဆန်လာတဲ့ အတွက် ကုန်ဈေးနှုန်းတွေ ကျဆင်းဖို့ အတွက် အထောက်အကူတော့ ဖြစ်နိုင်တာပေါ့။ ဒါပေမဲ့ ကျနော်တို့ မျှော်လင့်တာက ပြည်တွင်း သင်္ဘောတွေသာမက အဲဒီဆိပ်ကမ်းကို အသုံးပြုပြီးတော့ စစ်တွေကနေ ဘင်္ဂလားဒေရှ့်ဘက်ကို သွားနိုင်အောင်၊ ပြီးတော့ အိန္ဒိယဘက်ကို သွားနိုင်အောင် အဲ့လိုသာ ဖြစ်နိုင်မယ် ဆိုလို့ရှိရင် ကျနော်တို့ ရခိုင်ပြည်နယ်အတွက် အင်မတန်ကောင်းမွန်တဲ့ စီးပွားရေး အခွင့်အလမ်းတွေ ရနိုင်တယ်။”

ကုလားတန်မြစ်ကြောင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို မြန်မာနဲ့ အိန္ဒိယ အစိုးရကြား ပြီးခဲ့တဲ့ ၂၀၀၈ ခုနှစ် ကတည်းက သဘောတူ လက်မှတ်ရေးထိုးခဲ့ကြပြီး ၂၀၀၉ ခုနှစ်မှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့တာပါ။ အဲ့ဒီနောက် ဒီနှစ် ၂၀၂၃ ခုနှစ် မေလ အစောပိုင်းမှာ နှစ်နိုင်ငံ အာဏာပိုင်တွေက တရားဝင် ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။ အဲဒီဆိပ်ကမ်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကုန်တွင်းပိုင်း ဒေသတွေအတွက် ဘင်္ဂလားပင်လယ်အော်ကနေတဆင့် ရခိုင်ပြည်နယ် စစ်တွေနဲ့ ပလက်ဝမြို့နယ်တွေကိုဖြတ်ပြီး ရေလမ်းကုန်းလမ်းကနေ ကုန်သွယ်နိုင်ဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

ဒါပေမဲ့လည်း လက်ရှိအချိန်ထိကတော့ အဲဒီဆိပ်ကမ်းကနေ အိန္ဒိယဘက်ကို သင်္ဘောတွေ ပြေးဆွဲတာ မရှိသေးပါဘူး။ ဒါကြောင့် အဲဒီဆိပ်ကမ်းကနေ ဘင်္ဂလားဒေရှ့် နဲ့ အိန္ဒိယနိုင်ငံဘက်ကို သင်္ဘောတွေ အမြန်ဆုံး ပြေးဆွဲနိုင်အောင် ဆောင်ရွက်ပေးဖို့ စစ်ကောင်စီဘက်ကို တင်ပြထားတယ်လို့ ရခိုင်စီးပွားရေး လုပ်ငန်းရှင်တွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG