သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလားတန်စီမံကိန်းရဲ့ စစ်တွေဆိပ်ကမ်း ဖွင့်ဖို့ပြင်ဆင်


Kaladan Project (CJ)
Kaladan Project (CJ)

ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေ ဆိပ်ကမ်းကို မေလ ၉ ရက်မှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။ ဒီစီမံကိန်းကြောင့် ရခိုင်ပြည်နယ်ရဲ့ စီပွားရေးနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေတိုးလာနိုင်ပေမယ့် လက်ရှိမှာတော့ ရခိုင်ပြည်နယ်ကထုတ်ကုန်တွေ အိန္ဒိယဘက်ကိုပို့နိုင်မယ့် အခြေအနေမရှိသေးဘူးလို့လည်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်တွေက ပြောကြပါတယ်။ ရန်ကုန်ကပေးပို့တဲ့ဒီသတင်းကို ကိုရဲမွန်က တင်ပြပေးထားပါတယ်။

မြန်မာအစိုးရနဲ့ အိန္ဒိယအစိုးရကြား ၂၀၁၉ ခုနှစ်ကတည်းကတည်ဆောက်နေတဲ့ ကုလားတန်မြစ်ကြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းရဲ့တစိတ်တပိုင်းဖြစ်တဲ့ စစ်တွေ ဆိပ်ကမ်းကို မေလ ၉ ရက်နေ့မှာ ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည်နယ် စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက ပြောပါတယ်။

“၉ ရက်နေ့ဖွင့်မယ်။ ဖွင့်မယ်ဆိုတာ၊ အတည်ပြုတယ်ဆိုတာကတော့ ဒီလိုပေါ့ကွာ၊ ငါတို့ကလည်း ၉ ရက်နေ့ ဖွင့်မယ်ဆိုတာလောက်ပဲ ပြောနိုင်တာပေါ့။ အိန္ဒိယက ပြည်ထောင်စုအစိုးရနဲ့ ပေါင်းလုပ်မှာ။”

အိန္ဒိယနိုင်ငံက ဒီစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ သန်း ၅၀၀ အကုန်ကျခံ တည်ဆောက်ပေးခဲ့တာပါ။ ဆိပ်ကမ်းဖွင့်ပွဲအထိမ်းအမှတ် ပထမဆုံးခရီးစဉ်အဖြစ်နဲ့ အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ Syama Prasad Mookerjee ဆိပ်ကမ်းကနေ မေလ ၄ ရက်နေ့မှာ မြန်မာနိုင်ငံ၊ စစ်တွေဆိပ်ကမ်းကို သင်္ဘောစတင် ထွက်ခွာမယ်လို့ အိန္ဒိယ သတင်းမီဒီယာတွေမှာ ရေးပါတယ်။

ဒီစီမံကိန်းဟာ အိန္ဒိယနိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကုန်းတွင်းပိုင်းဒေသတွေအတွက် လိုအပ်တဲ့ ကုန်ပစ္စည်းတွေကို စစ်တွေဆိပ်ကမ်းကနေတဆင့် ချင်းပြည်နယ်က ပလက်ဝမြို့နယ်တွေကိုဖြတ်ပြီး ရေလမ်း၊ ကုန်းလမ်းကနေ ပို့ဆောင်ဖို့ရည်ရွယ်ထားတာ လည်းဖြစ်ပါတယ်။

ဒီစီမံကိန်းဟာ လည်ပတ်လာလို့ရှိရင် ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ရခိုင်ပြည်နယ်ရဲ့ စီးပွားရေးတွေလည်း ပြန်လည် ဦးမော့လာနိုင်သလို ဒေသခံတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေ ရလာနိုင်တယ်လို့ ရခိုင်ပြည်နယ် ဆီစက်လုပ်ငန်းရှင်များနဲ့ ဆီကုန်သည်ကြီးများအသင်း ဥက္ကဋ္ဌ ဦးကျော်အေးမောင်က ပြောပါတယ်။

“ဒီကုလားတန် စီမံကိန်းသာ ကောင်းကောင်းမွန်မွန်လည်ပတ်နိုင်လို့ရှိရင် စစ်တွေနဲ့ ကာလကတ္တားကို ကုန်သွယ်မှုတကယ်လုပ်နိုင်ပြီဆိုရင်တော့ ရခိုင်ပြည်နယ်အတွက်လည်း တော်တော်ကို စီးပွားရေးအခွင့်အလမ်းတွေ ကောင်းလာမယ်။ ဘာကြောင့်လဲဆိုတော့ ရခိုင်ပြည်နယ်ကထွက်တဲ့ကုန်ပစ္စည်းတွေကို အိန္ဒိယကိုပို့လို့ရမယ်။ တခြား ရခိုင်ပြည်နယ်မှာမရှိတဲ့၊ တခြားတိုင်းနဲ့ ပြည်နယ်တွေကထွက်တဲ့ ပဲတို့၊ နနွင်းတို့၊ ဂျင်းတို့လိုအပ်တဲ့ဟာတွေကို စစ်တွေဆိပ်ကမ်းကနေပြီးတော့ အိန္ဒိယကိုပို့ဖို့ အခွင့်အလမ်းတွေ ရလာမယ်။”

ဒါပေမယ့်လည်း ရခိုင်ပြည်နယ်မှာ အိန္ဒိနိုင်ငံကလိုအပ်နေတဲ့ ကုန်ပစ္စည်းတွေကိုပို့ဖို့ ထုတ်ကုန်တွေ လတ်တလောမရှိသေးတာကြောင့် ပြည်မဘက်ကထွက်တဲ့ ကုန်ပစ္စည်းတွေ တဆင့်ခံအနေနဲ့ပို့နိုင်မယ့် အနေအထားရှိတယ်လို့လည်း ဦးကျော်အေးမောင်က ပြောပါတယ်။

“လောလောလတ်လတ်တော့ ရခိုင်ပြည်နယ်က အိန္ဒိယဘက်ကို တင်ပို့လို့ရနိုင်မယ့် ကုန်ပစ္စည်းတွေ မရှိဘူးဗျာ။ အမှန်အတိုင်းပြောရရင် အိန္ဒိယဘက်က မတ်ပဲတို့၊ ဂျင်းတို့ အဲဒါတွေ လိုအပ်တယ်။ ဒါပေမယ့် ကျနော်တို့ ရခိုင်ပြည်နယ်မှာ အဲဒါကို တရားဝင်စိုက်ပျိုးတာ တကယ်ကိုနည်းသေးတယ်။ ရရင်တောင် တန်ချိန် အဲလောက်ထိ အများကြီး မရနိုင်သေးဘူး။ အဓိက ဟိဘက်ကသွင်းကုန်တွေ ဓာတ်မြေသြဇာတွေ သွင်းလို့ရမယ်၊ ဘိလပ်မြေတွေ သွင်းလို့ရမယ်၊ အဲဒါတွေ ရှိမယ်။ ကျနော်တို့က အိန္ဒိယနိုင်ငံကိုတင်ပို့ဖို့ ဘာအဆင်သင့်ဖြစ်မလဲဆိုလို့ရှိရင် တခြားတိုင်းနဲ့ ပြည်နယ်တွေက ပစ္စည်းတွေကို တဆင့်ခံကုန်သွယ်ရေးပဲ အရင်လုပ်ရပါလိမ့်မယ်။”

ဒါ့ကြောင့်မို့လို့ စီမံကိန်းအမှန်တကယ် လှည်ပတ်ပြီဆိုရင် အိန္ဒိယနိုင်ငံက လိုအပ်တဲ့ ကုန်ပစ္စည်းတွေ ပို့နိုင်ဖို့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေကို အရင်လုပ်ဆောင်ဖို့လို အပ်နေသလို နည်းပညာနဲ့ ငွေကြေးအထောက်အပံ့တွေလည်း လိုအပ်တယ်လို့ စီးပွားရေး လုပ်ငန်းရှင်တွေက ထောက်ပြပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံထဲက တိုင်းနဲ့ ပြည်နယ် ၁၄ ခုထဲက ဖွံ့ဖြိုးတိုးတက်မှု နောက်အကျဆုံး ပြည်နယ်တခုဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုတွေကြောင့် နှစ်စဉ် ပြည်ပထွက်ခွာသူ များပြားနေတဲ့ ပြည်နယ်တခုလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG