သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်လျှပ်စစ်ကား တင်သွင်းမှုတွေ တိုးလာနိုင်ကြောင်း လုပ်ငန်းရှင်တွေခန့်မှန်း



ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်သွင်းလာတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်များ
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်သွင်းလာတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်များ

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ်-မြန်မာနယ်စပ် မူဆယ်ကုန်သွယ်ရေးဇုန်ကနေ တရုတ်လျှပ်စစ်ကားတွေ အများအပြား ဝင်လာဖို့ အလားအလာ ရှိနေတယ်လို့ စီးပွားရေး အသိုင်းအဝိုင်းက ခန့်မှန်းနေကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ဥရောပက တရုတ်နိုင်ငံက ကားထုတ်လုပ်မှုတွေအပေါ် စုံစမ်းဖို့ ကြေညာချက်ကြောင့် တရုတ်လျှပ်စစ်ကားလုပ်ငန်းတွေ မေးခွန်းထုတ်ခံနေရချိန်မှာ မြန်မာနိုင်ငံကို ဝင်လာမယ့်အပေါ် လုပ်ငန်းရှင်တွေရဲ့ အမြင်တွေကို စုစည်းပြီး ရန်ကုန်က သတင်းပေးပို့ထားတာကို ကိုဝင်းခန့်မောင် တင်ဆက်ပေးမှာပါ။

တရုတ်နိုင်ငံထုတ် EV လျှပ်စစ်ကားတွေ နှစ်နိုင်ငံနယ်စပ်ကနေ မြန်မာဘက်ကို ဝင်ရောက်လာနေပြီး မကြာခင်မှာလည်း အများအပြား ဝင်ရောက်လာနိုင်ခြေရှိတယ်လို့ ကားဝယ်ရောင်း လုပ်ငန်းရှင်တွေနဲ့ နယ်စပ်ကုန်သွယ်ရေး လုပ်ငန်းရှင်တွေက ပြောပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရက်ကို တရုတ်ကားလျှပ်စစ်ကား အစီးရေ ၂၀နဲ့ ၃၀ ကြား ဝင်ရောက်နေတယ်လို့ မူဆယ်က လုပ်ငန်းရှင်တချို့က ဗွီအိုအေကို ပြောပါတယ်။ လျှပ်စစ်ကား တင်သွင်းခွင့်ရထားတဲ့ မြန်မာလုပ်ငန်းရှင်တချို့က မကြာသေးခင်က တရုတ်လျှပ်စစ်ကား ရောင်းချတဲ့ ကိုယ်စားလှယ်တွေနဲ့ သဘောတူမှုတွေ ရခဲ့ကြောင်း ကားအရောင်းပြခန်း ဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက အခုလိုပြောပါတယ်။

"လက်ရှိမူဆယ်တို့ ၁၀၅မိုင်ဂိတ်တို့မှာလည်း ကားအစီးရေ ပြီးခဲ့တဲ့တပတ်လောက် ကတည်းက ဝင်လာမစဲပေါ့ တသဲသဲပုံစံမျိုး ကားတင်တဲ့ကားတွေနဲ့ တင်လာတာ တွေ့ရှိရပါတယ်။ ဒါပေမဲ့ ဟိုဘက်နိုင်ငံမှာက ဘယ်လိုမျိုးရှိလဲ။ ဒါပေမဲ့ သေချာတဲ့သူငယ်ချင်းကတော့ ပြောတယ် တို့နိုင်ငံကို EV တွေလာဖို့ တော်တော်လေးတော့ များတယ်ပေါ့နော်။ ဆိုတော့ ဒီဘက်ကနေ ပြန်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ နှစ်လခွဲလောက်က ကျနော်တို့ရဲ့ မြန်မာပြည်ဘက်က အဓိက ကားshowroom ပုဂ္ဂိုလ်တွေပေါ့နော် လေးငါးရှစ်ဦး၊ ဆယ်ဦးရှိတဲ့ ပုဂ္ဂိုလ်တွေက တရုတ်ပြည်ကို သွားပြီးတော့ ဒီ agreement ဖြစ်ထားတဲ့ စာချုပ်၊ စာတမ်းတွေပေါ့ဗျာ သဘောတူညီချက်တွေကို သူတို့ကိုယ်တိုင် ရယူသွားခဲ့တာတွေရှိတယ်။"

အခုဆိုရင် လျှပ်စစ်ကားကလွဲလို့ ပြည်ပကနေ တခြားကားအမျိုးအစားတွေ တင်သွင်းခွင့်မရပါဘူး။ တနှစ် စမ်းသပ်ကာလအနေနဲ့ တရုတ်နိုင်ငံလုပ် လျှပ်စစ်ကားတွေကို အခုနှစ် ဇန်နဝါရီလမှာ စစ်ကောင်စီက ပထမအသုတ်ကို တင်သွင်းခဲ့ပါတယ်။ လျှပ်စစ်ကား တင်သွင်းသူတွေအတွက် အခု ၂၀၂၃ နိုဝင်ဘာလ ၂ရက်ကစပြီး ၂၀၂၄ မတ်လ ၃၁ရက်အထိ တင်သွင်းခွန်ကို ပယ်ဖျက်ပေးထားပါတယ်။ လျှပ်စစ်ကား အားသွင်းရုံတွေကိုလည်း စစ်ကောင်စီက တိုးချဲ့ဆောက်လုပ်နေပါတယ်။ ဒါပေမဲ့ လျှပ်စစ်မီးမမှန်တဲ့ နိုင်ငံဖြစ်လို့ အလုပ်မဖြစ်နိုင်ဘူးလို့ ဝေဖန်နေကြတာပါ။

"တခြားမူဝါဒလည်း ဘာမှပြင်ဆင်ခွင့်မရှိဘဲနဲ့ EV တမျိုးတည်းကိုပဲ ဖွင့်ပေးထားတဲ့အပေါ်မှာ ဒါကတော့ ဟုတ်ဟုတ်၊ မဟုတ်ဟုတ် ဒီစက်ပစ္စည်းဆိုတာသည် နေ့စဉ်နဲ့အမျှ ပျက်စီးတာတွေရှိမယ်၊ ဆုံးရှုံးတာတွေရှိမယ်၊ ယာဉ်တိုက်မှုကြောင့် အစားထိုးရတာတွေရှိမယ်၊ အဲဒါတွေကြောင့် ဒီကားတွေက နောင်တချိန်မှာ၊ နောက်ငါးနှစ်၊ ဆယ်နှစ်ဆိုရင် EV တွေပဲ ကားပေါ်မှာကား ဆင့်သွားမဲ့သဘောကတော့ ဧကမုချပဲလေ၊ အမှန်ပဲ။"

ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်သွင်းလာတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်များကို အကောက်ခွန်ဌာနမှ ကြည့်ရှုစစ်ဆေးနေစဉ်
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်သို့ တင်သွင်းလာတဲ့ လျှပ်စစ်သုံးမော်တော်ယာဉ်များကို အကောက်ခွန်ဌာနမှ ကြည့်ရှုစစ်ဆေးနေစဉ်

လက်ရှိမှာတော့ ဂျပန်နိုင်ငံထုတ် ကားအဟောင်းဈေးက ပြီးခဲ့တဲ့လကထက် ကျနေပါတယ်။ ဂျပန်ထုတ် လျှပ်စစ်ကားတွေကတော့ အမျိုးအစားပေါ်မူတည်ပြီး သိန်းထောင်ချီရှိနေပါတယ်။ တရုတ်နယ်စပ်ကဝင်လာမဲ့ လျှပ်စစ်ကားတွေကတော့ ဒီထက်ဈေးအများကြီး သက်သာနေပါတယ်။ ဈေးပေါ်မူတည်ပြီး ဝယ်သူတွေရဲ့ ဆန္ဒလည်း ပြောင်းလဲသွားနိုင်တယ်လို့ ရန်ကုန်မြို့က ကားအရောင်းအဝယ် လုပ်ငန်းရှင်တဦးက ဗွီအိုအေကို ပြောပါတယ်။

" နယ်စပ်ကဝင်မယ်၊ ၂၀၀တန်အထိဝင်မယ် ပြောနေကြတာ၊ EV တွေဝင်တော့ ကျနော်တို့ဒီဘက်မှာ အဝယ်မရှိသလောက် ဖြစ်သွားတယ်။ ကျနော်တို့က သုံးတဲ့သူကိုကြ ဘယ်လိုပြောရမှန်းမသိဘူး၊ ကိုယ်တွေက ဂျပန်ကားရောင်းချင်လို့ အဲဒါတွေပြောတယ် ဖြစ်မှာစိုးလို့ အမှန်တော့ ကျနော်တို့ မြန်မာနိုင်ငံကနေ အပြင်ထွက်ကြည့်လိုက်တာနဲ့ ဘန်ကောက်၊ စက်ာပူဘာညာ ဒီလောက်တိုးတက်တဲ့ နိုင်ငံတွေတောင် EV မှ မဖြစ်သေးတာ။ ပြီးခဲ့တဲ့ နှစ်ပတ်ကတော့ တရုတ် Ice-cream လေးတွေက ၄၀၀ ကျော်နဲ့ပေးတယ် ၄၇၀၊ ၄၈၀၊ ၅၀၀ ဂရိတ်ပေါ်မူတည်ပြိး ပေးတယ်။ အဓိကတော့ ဈေးပဲဗျ ဈေးသက်သာတယ် ကောင်းတယ်ဆို စီးကြမှာပဲ။"

တရုတ်နိုင်ငံထုတ် လျှပ်စစ်ကားတွေ မြန်မာနိုင်ငံထဲ အလုံးအရင်းနဲ့ ဝင်လာဖို့ ခန့်မှန်းနေချိန်မှာပဲ နိုင်ငံတကာ ဈေးကွက်မှာတော့ အငြင်းပွားစရာတွေ ပေါ်ပေါက်နေပါတယ်။
တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ လျှပ်စစ်ကားတွေနဲ့ ပတ်သက်လို့ ဥရောပကော်မရှင်က စုံစမ်းစစ်ဆေးမယ့်အကြောင်း ပြီးခဲ့တဲ့ သီတင်းပတ်ထဲမှာပဲ ကြေညာခဲ့ပြီးနောက် တရုတ်နိုင်ငံရဲ့ လျှပ်စစ်ကားထုတ်လုပ်တဲ့ အစုရှယ်ယာဈေးကွက်တွေလည်း ကျဆင်းခဲ့တာပါ။ အစိုးရရဲ့ ထောက်ပံ့ငွေ အမြောက်အများရတာကြောင့် တရုတ်နိုင်ငံဟာ လျှပ်စစ်ကားတွေကို ဈေးပေါပေါနဲ့ ထုတ်လုပ်ပြီး ကမ္ဘာ့ဈေးကွက်ကို လွှမ်းမိုးနိုင်ဖို့ ကြိုးပမ်းနေတယ်ဆိုတဲ့ စွပ်စွဲချက်အပေါ် ဥရောပကော်မရှင်က စုံစမ်းဖို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG