သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Tesla အမှုဆောင်အရာရှိချုပ် တရုတ်ဒုဝန်ကြီးချုပ်နဲ့တွေ့ဆုံ


တရုတ်ပြည် ဘေကျင်းမြို့တော် ဟိုတယ်တခုကနေ ထွက်ခွာလာတဲ့ Tesla အမှုဆောင်အရာရှိချုပ် Elon Musk (မေ ၃၁၊ ၂၀၂၃)
တရုတ်ပြည် ဘေကျင်းမြို့တော် ဟိုတယ်တခုကနေ ထွက်ခွာလာတဲ့ Tesla အမှုဆောင်အရာရှိချုပ် Elon Musk (မေ ၃၁၊ ၂၀၂၃)

တရုတ်နိုင်ငံကို သွားရောက်ခဲ့တဲ့ Tesla အမှုဆောင်အရာရှိချုပ် အီလွန်မာ့စ်ဟာ ကြာသပတေး နေ့မှာ ရှန်ဟိုင်းမြို့ကနေ ထွက်ခွာခဲ့ပြီး သူ့ရဲ့ ၂ ရက်ကြာ ခရီးစဥ်ကို အဆုံးသတ်ခဲ့ပါတယ်။ ဒီခရီးစဥ်အတွင်းမှာ အီလွန်မာ့စ်ဟာ ရာထူးအမြင့်ဆုံး ဒုတိယဝန်ကြီးချုပ် အပါအဝင် တရုတ်အစိုးရ အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပြီး လျှပ်စစ်ကား ထုတ်လုပ်ရေး အပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာတွေ ဆွေးနွေးခဲ့ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ တရုတ်ဒုတိယဝန်ကြီးချုပ် Ding Xuexiang နဲ့ တွေ့ဆုံခဲ့ကြောင်း နီးစပ်သူတစ်ဦးက ရိုက်တာသတင်းဌာနကို ပြောပါတယ်။ Ding ဟာ သမ္မတ ရှီကျင့်ဖျင် ဦးဆောင်တဲ့ ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီမှာ ဆဋ္ဌမမြောက် အဆင့်အမြင့်ဆုံး ခေါင်းဆောင်ဖြစ်ပါတယ်။ တရုတ်အစိုးရဟာ Tesla ကုမ္ပဏီနဲ့ ဆက်ဆံရေးကို တန်ဖိုးထားပြီး ၂၀၁၉ ခုနှစ် တုန်းကလည်း ၀န်ကြီးချုပ် Li Keqiang က အီလွန်မာ့စ်နဲ့ တဦးချင်းတွေ့ဆုံခဲ့ဖူးပါတယ်။

အီလွန်မာ့စ်ဟာ အခု ခရီးစဥ် စတင်တဲ့ အင်္ဂါနေ့တုန်းက တရုတ်နိုင်ငံခြားရေးဝန်ကြီး ချင်ဂန်း (Qin Gang) နဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒါ့အပြင် ဒီခရီးစဥ် အတွင်းမှာ စက်မှုနဲ့ စီးပွားကူးသန်း ဝန်ကြီးဌာနတွေက တာဝန်ရှိသူတွေနဲ့ လည်းတွေ့ဆုံခဲ့ပြီး တရုတ်နိုင်ငံထဲက Tesla လုပ်ငန်းတွေ ချဲ့ထွင်ရေးနဲ့ လျှပ်စစ်ကား လုပ်ငန်း ဖွံ့ဖြိုးရေးတွေ ဆွေးနွေးခဲ့တယ်လို့ တရုတ် အစိုးရရဲ့ သက်ဆိုင်ရာဌာန တွေက သတင်းထုတ်ပြန်ပေမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ မသိရပါဘူး။

အခု ခရီးစဥ် အတွင်းမှာ ရှန်ဟိုင်းမြို့ ပါတီအတွင်းရေးမှူး Chen Jining နဲ့ လည်း တွေ့ဆုံခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ဖို့နဲ့ စီးပွားရေးလုပ်ငန်းများ တိုးချဲ့ဖို့ ဆွေးနွေးခဲ့ကြောင်း ရှန်ဟိုင်းမြို့ မြူနီစပယ် အာဏာပိုင်တွေက ကြာသပတေးနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

အင်္ဂါနေ့မနက်က တရုတ်နိုင်ငံကို ရောက်ရှိလာပြီးကတည်းက အမေရိကန် ဘီလီယံနာ သူဌေးကြီးကို တရုတ်လူထုက အာရုံစိုက် ချီးကျူး ကြိုဆိုခဲ့ကြပေမယ့် အီလွန်မာ့စ် ကတော့ ထူးထူးခြားခြားပဲ နှုတ်ဆိတ်နေပြီး လူသိရှင်ကြား မှတ်ချက်ပေး ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်သေးပါဘူး။

ဒါပေမယ့် Tesla ကုမ္ပဏီ ကတော့ ဗုဒ္ဓဟူးနေ့နှောင်းပိုင်းတုန်းက ရှန်ဟိုင်းက Tesla မော်တော်ကားထုတ်လုပ်ရေးရဲ့ အကြီးဆုံးထုတ်လုပ်ရေး ပင်မစက်ရုံကို အီလွန်မာ့စ် သွားရောက် ခဲ့တဲ့မှတ်တမ်း ဓာတ်ပုံတွေနဲ့ ရုပ်သံ ဗီဒီယို တခု ထုတ်ပြန်ခဲ့ပါတယ်။ ဗီဒီယိုထဲမှာ သူက "အခက်အခဲတွေနဲ့ စိန်ခေါ်မှုများစွာကိုကျော်ဖြတ်" နိုင်ခဲ့လို့ သူ့ ဝန်ထမ်းတွေကို ချီးကျူးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG