သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်တွင်းအရေးပါသူ ဖယ်ရှားခံရမှုနဲ့ နောက်ဆက်တွဲရိုက်ခတ်နိုင်ခြေ 


မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ ရာထူးအပါအဝင် တခြားအရေးပါတဲ့ ရာထူးတာဝန်တွေကနေ ဖယ်ရှားလိုက်ပြီး သူ့နေရာမှာ ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောင်းလဲတာဝန် ယူမယ့်အကြောင်း စစ်ကောင်စီက မကြာသေးခင်က ထုတ်ပြန်လိုက်ပါတယ်။ လောလောဆယ် နေအိမ်အကျယ်ချုပ် ချထားပြီး စစ်ဘက်ဆိုင်ရာ ဥပဒေအရရော၊ အဂတိလိုက်စားမှုအရပါ အရေးယူဖို့ ပြင်ဆင်နေတယ်လို့လည်း စစ်ဘက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီအခြေအနေက မြန်မာ့စီးပွားရေးနဲ့ တပ်တွင်း ရိုက်ခတ်မှု ဘာတွေ ဖြစ်လာနိုင်ပါလဲ။ မခင်ဖြူထွေးက စုစည်းတင်ပြပေးပါမယ်။

တိုင်းပြည်စီးပွားရေး စီမံခန့်ခွဲရာမှာ အရေးပါတဲ့ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌ၊ နိုင်ငံ ခြားငွေ ကြီးကြပ်ရေးကော်မတီ (FESC) ဥက္ကဋ္ဌနဲ့ ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟိုကော်မတီ ဥက္ကဋ္ဌ စတဲ့ အရေးပါတဲ့ နေရာတွေကို ထိပ်တန်း စစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယ ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းက စစ်အာဏာသိမ်းပြီး နောက်ပိုင်း ကိုင်တွယ်လာခဲ့တာပါ။ ဒါပေမဲ့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ သူ့ကို ဒီတာဝန်တွေကနေ ရုပ်သိမ်းပြီး သူ့နေရာမှာ တချိန်က စစ်အာဏာရှင် ဦးသန်းရွှေရဲ့ လူယုံတဦးဖြစ်တဲ့ ဗိုလ်ချုပ်ကြီး မြထွန်းဦးကို ပြောင်းလဲတာဝန်ပေးခဲ့တာ ဖြစ်ပါတယ်။

နိုင်ငံရေး စီးပွားရေး လေ့လာသုံးသပ်သူတဦးကတော့ ဒီလိုပြောင်းရွှေ့လိုက်တာက စီးပွားရေးအရ ပြုပြင်ပြောင်းလဲဖို့ လုပ်ဆောင်တာထက် စစ်ကောင်စီ တပ်တွင်းပဋိပက္ခ အကျိုးဆက်ဖြစ်နိုင်တယ်လို့ ဗွီအိုအေကို ပြောပါတယ်။

"ထူးတယ်ပြောရမယ်။ အကဲခတ်ကြည့်တာတော့လေ။ မိုးမြင့်ထွန်းကို ဘာကြောင့် လုပ်ရတာလဲ။ ဒေါ်လာ ဈေးတက်တာ ဆီ ၂ ဆီ (စားသုံးဆီ၊ စက်သုံးဆီ) ကိစ္စမှာ ကိုင်ရင်းနဲ့ မလွှဲသာလို့ လုပ်ရတာလား။ ဒါကတချက်။ နောက်တချက်က Power struggle (အာဏာ အားပြိုင်မှု) ပေါ့။ အဲ့ ၂ ချက် ဖြစ်နိုင်တယ်ပေါ့။ မျက်မှန်ကြီး တင်ဦးလို တထီးတနန်း အုပ်စုဖွဲ့ ထူထောင်ဖို့ လုပ်လာတာမျိုး။ အဲ့လို အာဏာအားပြိုင်လာတာရှိလို့ ကြိုရှင်းတာ။ အဲဒါ ခြုံ သုံးသပ်ရင်တော့ မင်းအောင်လှိုင်ရဲ့ အာဏာအနေအထားက အားနည်းလာတယ်ပြောရမယ်။"

ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်ရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဗိုလ်ချုပ် ရန်နောင်စိုးနဲ့ စီးပွားကူးသန်း ဒုဝန်ကြီး ဦးညွန့်အောင်တို့လည်း ဒေါ်လာ ကိစ္စ နဲ့ ကုန်သွယ်မှုကိစ္စတွေနဲ့ ပတ်သတ်လို့ စစ်ဆေးမေးမြန်းခံရပြီး နောက်ပိုင်းမှာ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို ဆက်လက် အရေးယူတာဖြစ်ပြီး ခုချိန်မှာ နေအိမ်အကျယ်ချုပ်အပြင် စစ်ဘက်ဆိုင်ရာ ဥပဒေအရရော၊ အဂတိလိုက် စားမှုအရပါ အရေးယူဖို့အတွက် ပြင်ဆင်နေတယ်လို့ စစ်ဘက်နဲ့ နီးစပ်သူတွေက ပြောပါတယ်။ ဒီအတိုင်းသာ ဖြစ်ခဲ့မယ်ဆိုရင်တော့ အာဏာသိမ်းမှု နောက်ပိုင်း ထိပ်တန်းစစ်ဘက်အရာရှိတဦးကို အပြင်းထန်ဆုံး အရေးယူမှု ဖြစ်မှာပါ။ ဒါနဲ့ပတ်သက်ပြီး အခြေအနေ အသေးစိတ် သိရဖို့ စစ်ကောင်စီ ပြောခွင့်ရကို ဗွီအိုအေက ဆက်သွယ် မေးမြန်းပေမဲ့ အကြောင်းပြန်ကြားတာ မရှိသေးပါဘူး။

မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း
မြန်မာစစ်ကောင်စီ ထိပ်ပိုင်းစစ်ခေါင်းဆောင်တဦးဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြီး စစ်တပ်ကနေ ထွက်လာခဲ့တဲ့ CDM ဗိုလ်ကြီးညီသုတ ကတော့ လက်ရှိ ထုတ်ပယ်လိုက်မှုက စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အနေနဲ့ တပ်တွင်း သူ့အာဏာပြပြီး သတိပေးလိုက်တာဖြစ်သလို တိုင်းပြည်ကို ဆက်လက် အုပ်ချုပ်နိုင်ဖို့ အပြောင်းအလဲတခု လုပ်ဆောင်တာ ဖြစ်တယ်လို့ မြင်တဲ့အကြောင်း ပြောပါတယ်။

"ရှေ့က အာဏာရှင်တွေ လက်ထပ်မှာလည်း သူတို့ သုံးခဲ့တဲ့နည်းက ပြည်သူတွေကို ဗိုက်ပြည့်အောင်သာ ထား။ ပြည်သူတွေက ဗိုက်ပြည့်ရင် ငြိမ်သွားလိမ့်မယ် ဆိုတဲ့ အဲ့အယူအဆ သူတို့ဆီမှာ ကောင်းကောင်း ရှိတယ်။ ဒါကြောင့်မလို့ ဒီလို စီးပွားရေး မငြိမ်ဘူး။ ဒေါ်လာဈေးငွေဈေး အတက်အကျ ဖြစ်တဲ့အခါမှာ သူတို့ ပြိုလဲမယ့် လက္ခဏာလို့ ကောင်းကောင်းမြင်တယ်။ အဲ့လူတွေက လာဘ်စားမှုတွေမှာ ပါဝင်လို့ ဖြုတ်ချတယ်။ လာဘ်စားမှုက မင်းအောင်လှိုင် အပါအဝင် စစ်ဗိုလ်ချုပ်တိုင်းမှာ ရှိတယ်။ သို့သော် တခြားသူတွေကို ဘာလို့မလုပ်လဲဆိုရင် တခြားဝန်ကြီးဌာနမှာ လုပ်တာတွေက လက်ရှိ သူတို့ပလ္လင်ပေါ်က ဆင်းရလောက်အောင် အရေးမကြီးဘူး။ ဒီမတည်ငြိမ်မှု ဖြစ်စေတဲ့ ဌာနတွေက သူတို့အတွက် အရေးကြီးလို့ သူတို့လူကို ရင်းလိုက်တဲ့ သဘောပါပဲ။ ထိပ်ပိုင်း ၁၀ ယောက်ကို ဖြုတ်နိုင်သေးတယ်ဆိုထဲကိုက လက်ရှိ စစ်တပ်အာဏာက တပ်ချုပ်နဲ့ ဒုချုပ်ကပဲ ကိုင်ထားတဲ့ သဘော ရှိပါတယ်။"

စစ်ဦးစီးအရာရှိချုပ် (ကြည်း) ရာထူးရှိတဲ့ ဒုတိယဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းဟာ စစ်ကောင်စီ ထိပ်တန်းခေါင်းဆောင် ၁၀ ဦးထဲမှာ ပါဝင်သူတဦး ဖြစ်ပြီး စစ်ကောင်စီ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ယုံကြည်စိတ်ချရဆုံး သူတယောက်အဖြစ် လူသိများသူလည်း ဖြစ်ပါတယ်။ ဒီလို ထိပ်တန်း အရေးပါတဲ့ စစ်ခေါင်းဆောင်တယောက်ကို တာဝန်တွေက ဖယ်ရှားပြီး အရေးယူဖို့ လုပ်ဆောင်တာနဲ့ပတ်သက်ပြီး စစ်ကောင်စီ အသိုင်းအဝိုင်းကတော့ စီးပွားရေးအရ ပြုပြင်ပြောင်းလဲဖို့အတွက် လုပ်ဆောင်တာလို့ ပြောပေမဲ့၊ လေ့လာသုံးသပ်သူ တချို့ကတော့ ဒါဟာ တပ်တွင်း အားပြိုင်မှုတွေကို ထင်ဟပ်စေတယ်လို့ သုံးသပ် ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG