သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အုပ်ချုပ်ရေး သက်တမ်းတိုးမယ့် အလားအလာ 


နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)

တရားဥပဒေ စိုးမိုးရေး အပြည့်အဝ ဆောင်ရွက်နိုင်ဖို့ လိုအပ်ချက်တွေ ရှိနေသေးတယ်လို့ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က စစ်ကောင်စီအဖွဲ့ အစည်းအဝေးမှာ ပြောဆိုလိုက်တာမို့ အရေးပေါ်ကာလ သက်တမ်းထပ်တိုးမယ့် အလားအလာများနေတယ်လို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ်ကြပါတယ်။ ဒီလိုသက်တမ်းတိုးလာနိုင်တဲ့ အခြေအနေအပေါ် မြန်မာ့နိုင်ငံရေး အကဲခတ်တွေရဲ့ အမြင်တွေကို မခင်ဖြူထွေးက စုစည်းတင်ပြထားပါတယ်။

မနေ့ ဇူလိုင် ၁၃ ရက်နေ့က နေပြည်တော်မှာလုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဒီနှစ်အတွင်း ဇူလိုင် ၁၁ ရက်အထိ ရရှိထားတဲ့ အချက် အလက်တွေအရ ပြည်တွင်းမှာ ဖောက်ခွဲဖျက်ဆီးမှု အကြိမ် ၅၀၀ နီးပါးအတွင်း သေဆုံးသူ ၇၈၂ ဦးရှိခဲ့တယ်လို့ ထုတ်ဖော် ပြောဆိုခဲ့ပြီး တည်ငြိမ်အေးချမ်းဖို့ လိုနေတယ်လို့ သူက ပြောဆိုခဲ့ပါတယ်။ ဒါဟာဖြင့် အရေးပေါ်ကာလ အနေနဲ့ သက်တမ်းတိုး အုပ်ချုပ်နေတာ ဒီလကုန်မှာ ပြည့်တော့မှာမို့ အရေးပေါ် ကာလကို သက်တမ်း ထပ်တိုးဖို့ အလားအလာ ပြနေတာပဲလို့ နိုင်ငံရေး အကဲခတ်တွေက သုံးသပ် ပြောဆိုကြပါတယ်။

တကယ်တော့ ခုလို သက်တမ်း အကြိမ်ကြိမ် တိုးတာနေတာက တရားမဝင်သလို၊ နောက်ထပ် ၆ လ သက်တမ်းတိုးရင်လည်း အခြေအနေတွေ ပိုဆိုးလာဖို့သာရှိပြီး တိုင်းပြည်အတွက်ပဲ နစ်နာစေလိမ့်မယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ပြောပါတယ်။

"တိုင်းပြည်အခြေအနေက သူတို့ဖွဲ့စည်းပုံ ၂၀၀၈အရ သာမန် အခြေအနေ မဟုတ်လို့ ၆ လ တခါ သက်တမ်းတိုးတာက တကယ်တော့ တရားမဝင်ဘူးပေါ့နော်။ အခြေအနေကတော့ ယေဘူယျ ပိုဆိုးလာဖို့ပဲ ရှိတယ်။ နိုင်ငံရေး၊ စီးပွားရေး တိုင်းပြည်ရဲ့ လူမှုရေး အရာရာပေါ့။ ပိုဆိုးလာဖို့ပဲ ရှိတယ်။ သူ့ဘာသာသူ ထိန်းနိုင်ဦးမယ်။ ငါ့လက်ထဲ တိုင်းပြည်ရှိနေဦးမယ်။ ငါ့လူတွေ ထိန်းနိုင်ဦးမယ် ဆိုပြီး ကြိုးစားနေမှာပဲ။ အခြေအနေက ကောင်းလာမယ်လို့ တိုင်းပြည်မှာ မရှိဘူး။ သူ ဒီအခြေအနေ ထိန်းနိုင်မယ် သူ့အခြေအနေက ဟန်နိုင်သေးတယ်လို့ သူ တကယ်မထင်တောင် သူလုပ်နေဦးမှာပဲ။ ဒါမှလည်း သူ့လူတွေကို သူ ထိန်းရမှာကို။"

အာဏာသိမ်းခါင်းဆောင်ကတော့ အရေးပေါ်ကာလ ကြေညာထားတာကို ရုတ်သိမ်း၊ ရွေးကောက်ပွဲ ပြန်လည်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးဖို့ စီစဉ်ထားပေမဲ့ တည်ငြိမ်အေးချမ်းရေး လုပ်ဆောင်ဖို့ လိုအပ်နေတယ်လို့ ပြောဆိုပါတယ်။ စစ်ကိုင်းတိုင်း၊ ချင်းပြည်နယ်နဲ့ ကယား ပြည်နယ်တို့မှာ လုံခြုံရေး အခြေအနေက အဆိုးဆုံး ဖြစ်နေတဲ့အကြောင်းနဲ့ အဲ့ဒီဒေသတွေမှာ လုံခြုံရေး အတွက် ပိုမိုဆောင်ရွက်ဖို့ လိုအပ်နေတယ် လို့လည်း စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မနေ့က ပြောဆိုသွားပါတယ်။ အရေးပေါ်ကာလ သက်တမ်းတိုးမယ့် အကြောင်း တရားဝင် ကြေညာတာ မဟုတ်ပေမဲ့လို့ တိုးဖိုလိုအပ်တဲ့ အခြေအနေတွေအဖြစ် ပြောသွားခဲ့တာပါ။

နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)
နေပြည်တော်မှာကျင်းပပြုလုပ်တဲ့ အစည်းအဝေးအတွင်း အမှာစကားပြောနေတဲ့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (ဇူလိုင် ၁၃၊ ၂၀၂၃)

ဒါကိုကြည့်ရင် ဒီလကုန်မှာ သက်တမ်းတိုးနိုင်သလို၊ လာမယ့် ၆ လအတွင်း တွေ့ဆုံဆွေးနွေးဖို့ ကြိုးစားတာလို အပြောင်းအလဲတွေလည်း ဖြစ်လာနိုင်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးရဲထွန်း က ပြောပါတယ်။

"၆လအတွင်း ဘာတွေ လုပ်ခဲ့တာလဲ ဆိုတော့ စစ်ရေးနည်းနဲ့ ပုန်ကန်နေတဲ့ နေရာဒေသတွေကို နှိမ်နင်းတာပေါ့နော်။ စစ်ရေးအရ ချုပ်ကိုင်နိုင်ဖို့ကြိုးစားခဲ့တာ။ စစ်ရေးနည်းအရ လုပ်တာမရတဲ့အခါကျတော့ ဘာတွေနဲ့လုပ်လာလဲဆိုရင် နိူင်ငံရေးနည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ ဆွေးနွေးပြီး တဲ့ အခါကျတော့ ဖမ်းဆီးထားတဲ့ NLD ခေါင်းဆောင်တွေ လွှတ်ပေးပြီးတဲ့အခါ ကျတော့ သူတို့လုပ်မယ့် ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့အတွက် ဆွေးနွေးညှိုနှိုင်းတာ မျိုးလုပ်လာနိုင်တယ်။"

စစ်ကောင်စီဟာ ၂၀၂၁ ခုနှစ် ဇန်နဝါရီလမှာ အာဏာသိမ်းပြီးတဲ့နောက် ဖွဲ့စည်းပုံနဲ့အညီ လုပ်ဆောင်တာလို့ ဆိုပြီး အရေးပေါ်ကာလ ၆ လ သက်တမ်းကို အကြိမ်ကြိမ် တိုးလာခဲ့တာ ဖြစ်ပါတယ်။ ဒီနှစ် ဇန်နဝါရီလ ၃၁ ရက်နေ့က နောက်ဆုံးအကြိမ် သက်တမ်းတိုးခဲ့တာက အခု ဇူလိုင်လ ကုန်မှာ ၆ လ သက်တမ်း ပြည့်မှာ ဖြစ်ပါတယ်။ စစ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ ကာလအတွင်း နိုင်ငံတဝန်း ဆန့်ကျင်ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ လက်နက်ကိုင် လှုပ်ရှားမှုတွေ ပေါ်ပေါက်ခဲ့သလို၊ အကြမ်းဖက်မှုတွေ တနေ့တခြား ပိုဆိုးလာနေတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG