သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ ဒေါ်စုတွေ့ဆုံမှုအပေါ် ပြည်တွင်းသုံးသပ်ချက်များ


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်
စစ်ကောင်စီရဲ့ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲတက်ရောက်ချိန် သတင်းထောက် တွေကိုပြောဆိုခဲ့တဲ့အပေါ် ပြည်တွင်းမှာ ထင်မြင်ချက်အမျိုးမျိုးနဲ့ သုံးသပ်မှုတွေရှိနေပါတယ်။ ဒီအကြောင်း စုံစမ်းမေးမြန်းသတင်း ပေးပို့ချက်ကို ကိုရဲမွန်ပြောပြမှာပါ။
အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာ မြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ အပြင်ပန်းမှာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinaiက သူရဲ့ နေပြည်တော် ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နဲ့တွေ့ခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည် ကျန်းကျန်း မာမာ ရှိနေပြီး ကောင်းမွန်တဲ့တွေ့ဆုံဆွေးနွေးမှု ဖြစ်ခဲ့တဲ့အကြောင်း ပြောဆိုခဲ့ပေမယ့် ဘယ်လောက်ကြာ ဆွေးနွေးခဲ့သလဲ၊ ဘယ်နေရာမှာဘယ်လိုတွေ့ခဲ့လဲဆိုတာကိုတော့သူက မပြောခဲ့ပါဘူး။
ဒီသတင်းထွက်ပေါ်လာတဲ့တချိန်ထဲမှာပဲ ပြည်တွင်းမှာဒီအပေါ် ထင်မြင်ချက်အမျိုးမျိုးနဲ့ သုံးသပ်မှု အမျိုးမျိုး ထွက်ပေါ်လာခဲ့ပါတယ်။ တွေ့ဆုံမှုနဲ့ပတ်သက်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုမှုအပေါ် သံသယ ဝင်သူတွေလည်းရှိပါတယ်။
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူဦးရဲထွန်းကတော့ မကြာခင်အာဏာစွန့်ရတော့မယ့် ထိုင်းနိုင်ငံခြား ရေးဝန်ကြီးအနေနဲ့ သူအာဏာမစွန့်ခင်မှာ အာဆီယံမှာ မျက်နှာကောင်းရဖို့ ရည်ရွယ်ပြီး တွေ့ဆုံခဲ့တာ ဖြစ်နိုင်သလို၊ မတည်မငြိမ်ဖြစ်နေတဲ့ အိမ်နီးချင်းနိုင်ငံကြောင့် သူတို့နိုင်ငံအကျိုးစီးပွားထိခိုက်မှုမရှိအောင် လာရောက်တွေ့ဆုံတာဖြစ်နိုင်တယ်လို့ သူကယူဆပါတယ်။ ဒီတွေ့ဆုံမှု အကျိုးဆက်နဲ့ပတ်သတ်လို့ကတော့ သူကအခုလိုသုံးသပ်ပါတယ်။
" တွေ့တယ်ဆိုတာဖြစ်ကောင်းဖြစ်နိူင်တယ်ပေါ့။ သွားတွေ့လို့ရှိရင်လဲသူတို့လိုချင်တဲ့၊ သူတို့လိုချင်တဲ့ပုံစံ အတိုင်း န.စ.ကနဲ့ ဆွေးနွေးဖို့ပေါ့။ ရွေးကောက်ပွဲမှာပါဖို့ပေါ့နော်။ အဲလိုဘဲ ပြောမယ်ယူဆလို့ တွေ့ခွင့် ပေးတယ် လို့ကျနော်တော့ယူဆတယ်။ ‌ဒီလောက်နဲ့တော့လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်လျော့မယ်လို့ တော့ ကျနော်မထင်ဘူး။ ဒီကနေထပ်ပြီးဆင့်ပွားပေါ်လာတဲ့ ရလဒ်တွေပေါ့။ ဥပမာ အားဖြင့် န.စ.ကနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့တွေ့ဆုံပြီးတဲ့အခါကျတော့ နိုင်ငံရေးအကျဉ်းသားလွှတ်ပေးတယ်။ အဲဒါပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဖြစ်ပြီးတဲ့ အခါပေါ့ ကျနော်ထင်တယ်။ နောက်ဖြစ်မယ့် သက်ရောက်မှုတွေ ကတော့ကြီးတယ်။ ဒါက ၂၀၁၀၊ ၂၀၁၅ပုံစံမျိုးဖြစ်သွားနိုင်တာပေါ့"
ထိုင်းနိုင်ငံခြားရေးဝန်ကြီးအပြောအရ ဒေါ်အောင်ဆန်းစုကြည်ဖက်က ပဋိပက္ခတွေအဆုံးသတ်နိုင်ဖို့ တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ လိုလားနေတယ်လို့ သူကပြောထားပါတယ်။ ကျန်တာကိုတော့ အသေးစိတ်ပြောဆိုခဲ့တာမရှိခဲ့ပါဘူး။ စစ်ကောင်စီဖက်ကလည်း ဒါနဲ့ပတ်သက်လို့ မီဒီယာတွေကိုရှောင်ပြီး နှုတ်ပိတ်နေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Pramudwinai ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့တာဖြစ်ပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီဖက်ကရော ထိုင်းအစိုးရဖက်ကပါ အစောပိုင်းမှာ တရားဝင် ထုတ်ပြန်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေ မစတင်ခင် ရက်ပိုင်း အလိုမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ထိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ “စစ်ကောင်စီ တက်ခွင့်မရတဲ့ အာဆီယံအစည်းအဝေးထဲမှာ စစ်ကောင်စီဖက်က အသံကို ကိုယ်စားပြုသယ်လာဖို့ လုပ်တဲ့ခရီးစဉ် သာဖြစ်တယ်လို့ သုံးသပ်မှုတွေရှိနေပါတယ်။ စစ်ကောင်စီအနေနဲ့လည်း ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟာ သူတို့သဘောထားအတိုင်း လုပ်ပေးနိုင်မယ့်သူလို့ယူဆတာမို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ပေးတာ ဖြစ်တယ်ဆိုတဲ့သုံးသပ်မှုတွေလည်းရှိနေပါတယ်။
မြန်မာနိုင်ငံရေးလေ့လာသုံးသပ်သူ တဦးကတော့ ဒီတွေ့ဆုံမှုဟာ မြန်မာနိုင်ငံရေးအတွက် ကြီးမားတဲ့ သက်ရောက်မှု တခုခုဖြစ်လာနိုင်တယ်လို့ သူကသုံးသပ်ပါတယ်။
" ဒီအခြေအနေတွေကို အရင်ကဘာသဘောထားမှတ်ချက်မပေးဘဲနေနေတဲ့ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အခုထိုင်းနိုင်ငံခြားရေးဝန်ကြီးတွေ့မှ သူ့ကိုသဘောထားမှတ်ချက်ပေးတာမျိုးကသိပ်ဖြစ်နိုင်ချေ မများဘူးထင်တယ်။ တကယ်လို့ သူကတခုခုပြောခဲ့ရင်အဲဒါကလူထုအပေါ်တော်လှန်ရေးအပေါ်သက် ရောက်မှုရှိမယ်။ စိုးရိမ်စရာကတော့ သူက သဘောမတူဘူးဆိုတာမျိုးသော်လည်းကောင်း၊ ကြိုတင်သတ် မှတ်ချက်မထားဘဲ ဆွေးနွေးမယ်ဆိုတာမျိုးပြောခဲ့တယ်ဆိုတာက ဒီတိုင်းပြည်က လက်ခံပါ့မလား။ တိုင်း ပြည်ကသဘောတူနိုင်ပါ့မလား။ တိုင်းပြည်မှာသဘောထားတွေကွဲပြီးတော့ တော်လှန်ရေးအတွက် ရော ဖက်ဒရယ်အတွက်ရော အားလုံးအတွက်ထိခိုက်နစ်နာမလား။ အဲဒါကတော့အားလုံးအတွက်စိုးရိမ်စရာ ရှိတယ်"

ဒီတွေ့ဆုံမှုဟာဖြင့် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံခြား သံတမန်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ်တွေ့ဆုံမှု ဖြစ်ပါတယ်။ မြန်မာနိုင်ငံကို အရင်လာရောက်ခဲ့တဲ့ ကုလအတွင်းရေးမှုးရဲ့ အထူးကိုယ်စားလှယ်၊ ကုလအတွင်းရေးမှုးချုပ်ဟောင်း ဘန်ကီမွန်း၊ တရုတ်အထူးကိုယ်စားလှယ်၊ ဂျပန်ငြိမ်းချမ်းရေးကိုယ်စားလှယ် စသဖြင့် နိုင်ငံတကာကိုယ်စားလှယ်တချို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။ တချိန်တည်းမှာ ဒေါ်အောင်ဆန်စုကြည်အမှုအတွက် ရှေ့နေဖြစ်သူတွေကလည်း သူ့ကို တွေ့ဆုံခွင့်တောင်းထားတာ အခုအချိန်ထိ တွေ့ခွင့်မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG