သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး တွေ့ဆုံခဲ့


ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်
ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai နဲ့ ဒေါ်အောင်ဆန်းစုကြည်

ဒေါ်အောင်ဆန်းစုကြည်နဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံခဲ့

၂၀၂၁ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ သွားရောက် တွေ့ဆုံခဲ့တဲ့အကြောင်း ထိုင်းနိုင်ငံခြားရေးဝန်ကြီး Don Pramudwinai က ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစု ကျန်းကျန်းမာမာ ရှိနေပြီး ကောင်းမွန်တဲ့ တွေ့ဆုံ ဆွေးနွေးမှု ဖြစ်ခဲ့တဲ့အကြောင်း အင်ဒိုနီးရှားနိုင်ငံ ဂျကာတာ မြို့မှာ ကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဆွေးနွေးပွဲ အပြင်ဘန်းမှာ ဝန်ကြီး Pramudwinai က ဒီကနေ့ သတင်းထောက်တွေကို ပြောဆိုသွားတာပါ။

တနင်္ဂနွေနေ့က ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေဆုံခဲ့တာဖြစ်ပြီး ပဋိပက္ခတွေ အဆုံးသတ်နိုင်ဖို့အတွက် တွေ့ဆုံဆွေးနွေးမှုတွေ ပြန်လည်စတင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့တယ်လို့လည်း ဝန်ကြီး Pramudwinai က ပြောပါတယ်။ ဒီတွေ့ဆုံမှုဟာဖြင့် အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံခြား သံတမန်တဦးနဲ့ ဒေါ်အောင်ဆန်းစုကြည် ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Pramudwinai ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံကို သွားရောက်ခဲ့တာ ဖြစ်ပြီး ဒီခရီးစဉ်နဲ့ပတ်သက်လို့ မြန်မာစစ်ကောင်စီ ဘက်ရော ထိုင်းအစိုးရဘက်ကပါ အစောပိုင်းမှာ တရားဝင် ထုတ်ပြန်ပြောဆိုခဲ့တာ မရှိခဲ့ပါဘူး။

အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ ဆက်စပ် အစည်းအဝေးတွေ မစတင်ခင် ရက်ပိုင်း အလိုမှာပဲ မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ ထိုင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ခရီးစဥ်ဟာ “စစ်ကောင်စီ တက်ခွင့်မရတဲ့ အာဆီယံ အစည်းအဝေးထဲမှာ စစ်ကောင်စီဘက်က အသံကို ကိုယ်စားပြု သယ်လာဖို့ လုပ်တဲ့ခရီးစဉ် ဖြစ်မယ်” လို့ သုံးသပ်နိုင်တဲ့အကြောင်း NUG ကြားကာလအမျိုးသားညီညွတ်ရေးအစိုးရ နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောပါတယ်။ ထိုင်းဟာ မြန်မာ့အရေးနဲ့ ပတ်သက်လို့ ပုံစံသစ်နဲ့ ချဥ်းကပ်လာနေပြီး မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲ တချို့ကိုလည်း ထိုင်းနိုင်ငံမှာ ကျင်းပခဲ့ပါသေးတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG