အခုကျင်းပနေတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ မြန်မာနိုင်ငံအရေးကို အလေးအနက်ထား ဆွေးနွေးနေကြတယ်လို့ သိရပါတယ်။ ထိရောက်မယ့်ရလဒ် ပေါ်ထွက်လာနိုင်သလားဆိုတာကို မမြသဇင်အောင်က ဦးကျော်ဇံသာအား မေးမြန်ဆွေးနွေးထားပါတယ်။
မေး ။ ။ မင်္ဂလာပါ ဦးကျော်ဇံသာ။ ၅၆ ကြိမ်မြောက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဇူလိုင် ၁၁ ရက်နေ့ကနေ ဇူလိုင် ၁၄ ရက်နေ့အထိ အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမြို့မှာ ကျင်းပနေပါတယ်။ ဒီအစည်းအဝေးမှာ မြန်မာ့အရေးကိုလည်း အဓိကဆွေးနွေးမယ့် အကြောင်းအရာတွေထဲမှာ ပါတယ်ဆိုပြီးတော့ သိရပါတယ်။ ဒီတော့ ဒီအပေါ်မှာ ဘာတွေထူးခြားလာနိုင်မလဲ။
ဖြေ ။ ။ အဓိက ဆွေးနွေးမယ့်အကြောင်းအရာက (၃) ခု ရှိပါတယ်။ အဲဒီထဲမှာ မြသဇင်ပြောတဲ့ မြန်မာ့အရေး ပါတယ်။ နောက်ပြီးတော့ အရှေ့တောင်အာရှဒေသအတွင်းမှာ လက်နက်အပြိုင်အဆိုင် တပ်ဆင်လာကြတာ ပါတယ်။ နောက်တခုက တောင်တရုတ်ပင်လယ်မှာ တရုတ်နဲ့ အမေရိကန် အင်အားပြိုင်နေကြတာ၊ ထိပ်တိုက်တွေ့နေကြတာ - ဒီကိစ္စ (၃) ခုကို အဓိက ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာတော့ မြန်မာ့အရေးဆိုတာကတော့ မြန်မာနဲ့ ပတ်သက်တဲ့ လူတွေအတွက် တော်တော်လေး အရေးကြီးတဲ့ကိစ္စပါ။ ကျန်တဲ့ကိစ္စကတော့ ကမ္ဘာအတွက်ပါ အရေးကြီးတဲ့ကိစ္စ ဖြစ်ပါတယ်။
ဆိုတော့ မြန်မာ့အရေးကို ကိုင်တွယ်ဆွေးနွေးတဲ့ နေရာမှာလည်း အာဆီယံရဲ့ အစည်းအဝေးတွေမှာ များသောအားဖြင့် နောက်ဆုံးပေါ်ထွက်လာတဲ့ ရလဒ်ကတော့ သိပ်ပြီးတော့ ရှေ့မတိုးတာကို တွေ့ရပါတယ်။ ဒါကလဲ ဘာကြောင့်လဲဆိုတော့ အာဆီယံမှာရှိတဲ့ သူ့ရဲ့ principles အဓိကမူကြီး (၂) ရပ် ရှိပါတယ်။ သိတဲ့အတိုင်းပါပဲ အကုန်လုံး သဘောတူညီချက်ရမှ ဆုံးဖြတ်ချက်ချရမယ်ဆိုတဲ့ consensus လိုအပ်တယ်။ နောက်တခုက တနိုင်ငံရဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖက်ရေးပေါ်မှာ မူတည်ထားတယ်။ ဆိုတော့ ဒါကြောင့် မြန်မာနိုင်ငံနဲ့ ပတ်သက်ရင်လည်း တနိုင်ငံချင်း ပြောတဲ့အခါမှာတော့ အာဆီယံပွဲတွေမှာ ပြင်းပြင်းထန်ထန် ပြောကြပါတယ်။ ဒါပေမဲ့ နောက်ဆုံးပိတ် ပူးတွဲကြေညာချက် ထုတ်ပြန်တဲ့အချက် tone down လုပ်သွားတယ်၊ လေသံပျော့သွားတာကို တွေ့ရပါတယ်။
ဆိုတော့ အာဆီယံရဲ့ ဒီမူ (၂) ရပ်ကို အပြစ်ပြောစရာလည်း မဟုတ်ပါဘူး။ အာဆီယံအဖွဲ့မှာ စရိုက်မတူ၊ သဘာဝမတူတဲ့ နိုင်ငံတွေ ရောပြောပြီးတော့ ပါဝင်နေပါတယ်။ monarchy ဘုရင်စနစ်ပါတယ်၊ autocracy ရက်စက်ကြမ်းကြုတ်တဲ့စနစ်၊ democracy ဒီမိုကရေစီဆိုပြီး စုပေါင်းထားတာ တနိုင်ငံကို တနိုင်ငံ ဝင်စွက်ဖက်နေရင်တော့ ဘယ်တော့မှ ပြီမှာမဟုတ်ဘူး အာဆီယံလည်း ပေါ်ထွက်လာစရာ အကြောင်းမရှိပါဘူးဆိုတော့ ဒီအတိုင်း ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ အခုထွက်လာမယ့် အစည်းအဝေးမှာလည်း အစည်းအဝေးအတွင်း ပြောသံဆိုသံတွေကတော့ အများကြီးရိုက်ခတ်မှုတွေ ရှိပေမယ့် နောက်ဆုံးပေါ်ထွက်လာမယ့် ရလဒ်ဟာ ရှေ့တိုးနိုင်ပါ့မလားဆိုတာကိုတော့ ကျနော့်အနေနဲ့ သံသယ ရှိပါတယ်။
မေး ။ ။ မြန်မာပဋိပက္ခ ဖြေရှင်းရေးမှာ သက်ဆိုင်သူတွေအားလုံး ပါဝင်တဲ့ တနိုင်ငံလုံး အတိုင်းအတာနဲ့ ဆွေးနွေးပွဲတွေ လုပ်ဖို့လိုတယ်ဆိုပြီးတော့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကလည်း ပြောပါတယ်။ ဒါပေမဲ့ NUG ဘက်က နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ဆွေးနွေးပွဲတွေ လုပ်နိုင်တဲ့ အခင်းအကျင်းမျိုး မရှိသေးဘူးဆိုတဲ့ သဘောမျိုး ပြောပါတယ်။ ဒီတော့ လက်တွေ့မှာ ဒါဟာ ဘယ်လောက်အတိုင်းအတာအထိ ဖြစ်နိုင်ချေ ရှိပါသလဲ။
ဖြေ ။ ။ ပထမပြောရမယ်ဆိုရင်တော့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ပြောတာ သိပ်သဘာဝကျပါတယ်။ လူတိုင်းနဲ့ ထိတွေ့ဆက်ဆံဖို့၊ ဘက်ပေါင်းစုံနဲ့ ထိတွေ့ဆက်ဆံဖို့ လိုတယ်။ သူတို့ကိုယ်တိုင်လည်း တကယ်တမ်း ထိတွေ့ဆက်ဆံနေတာကို တွေ့ရပါတယ်။ ကြားရပါတယ်။ ဒါက ဖြစ်နိုင်တဲ့ကိစ္စပါ။ ဒီနည်းနဲ့ပဲ သွားရမှာ ဖြစ်ပါတယ်။ တယောက်တည်းသဘောနဲ့လည်း လုပ်လို့မရပါဘူး။ နှစ်ယောက်တည်းနဲ့လည်း မဖြစ်သေးဘူး။ အကုန်လုံး ဘက်ပေါင်းစုံပါဝင်ဖိို့ လိုပါတယ်။ ဒါပေမဲ့ NUG ဘက်က ဇင်မာအောင်တို့ တုံ့ပြန်တာကိုလည်း နားလည်နိုင်ပါတယ်။ သူတို့က ပယ်ချတာ မဟုတ်ပါဘူး။ ဘက်ပေါင်းစုံ တွေ့ဆုံနိုင်မယ့် အခင်းအကျင်းမျိုး လိုအပ်သေးတယ်ဆိုတာကို ပြောတာပါ။ ဆိုတော့ တကယ်လည်း လိုအပ်ပါတယ်။ အခြားအခင်းအကျင်းတွေလည်း အများကြီးပေါ့။ မူ (၅) ချက်အတိိုင်း လုပ်မယ်ဆိုရင်တော့ မူ (၅) ချက်ကတော့ စစ်ကောင်စီနဲ့ ညှိပြီးတော့ လုပ်ထားကြတာ။ NUG ရဲ့ သဘောထား မပါဘူး။ ဒါပေမဲ့ မူ (၅) ချက်မှာပါတဲ့ အချက်တွေကလည်း တကယ်လုပ်နိုင်ရင်တော့ ကောင်းတဲ့ကိစ္စတွေပါ။ ဒါလည်းမှန်ပါတယ်။
နောက်တခုက နိုင်ငံရေးဆွေးနွေးပွဲ လုပ်တယ်ဆိိုတာ အထူးသဖြင့် အင်အားညီဖို့လိုတယ်။ အင်အားတဘက်စောင်းနင်း အပေါ်စီးကနေပြီးတော့ စစ်ကောင်စီက ငါတို့က အာဏာရှိတယ်ဆိုပြီးတော့ ဆွေးနွေးနေရင် သိပ်ပြီးတော့ အမှန်တရားကို မရောက်နိုင်ပါဘူး။ ညှိနှိုင်းလို့လည်း မရနိုင်ပါဘူး။ Equal footing တန်းတူရည်တူ ဆက်ဆံနိုင်မယ့် အခြေအနေ လိုတယ်။ အဲဒီလိုဖြစ်ဖို့အတွက် NUG ဘက်ကလည်း သူတို့ကို တန်းတူဆက်ဆံနိုင်မယ့် အင်အားမြင့်ဖို့ လိုတယ်။ စစ်အင်အားကို ပြောတာ မဟုတ်ပါဘူး။ အဘက်ဘက်ကပေါ့။ စစ်အင်အားလည်း အရေးကြီးတယ်။ ဥပမာအားဖြင့် နမူနာတခုကို ထည့်ပြီးပြောရမယ်ဆိုရင် အခု ယူကရိန်းကို အတွဲလိုက်ပေါက်နိုင်တဲ့ လက်နက်တွေကို အမေရိကန်က ပေးမယ်ဆိုတဲ့အထဲမှာ သူတို့က တချက် justify လုပ်တယ်။ ဘာကြောင့်လဲဆိုတော့ ရုရှားနဲ့ ဆွေးနွေးလာမယ့် တနေ့မှာလည်း ဒီဘက်ကလည်း စစ်အင်အား တန်းတူ ရှိနေမယ်ဆိုတာကို ပြသဖို့ လိုတယ်ဆိိုပြီးတော့ justify လုပ်တယ်ဆိုတဲ့ အချက်လည်း တွေ့ရပါတယ်။
မှန်ပါတယ်။ နိုင်ငံရေးမှာလည်း NUG နဲ့ စစ်တပ်နဲ့ တန်းတူရည်တူ ဆွေးနွေးနိုင်ဖို့အတွက် NUG ရဲ့ အနေအထားကို သူတို့ တန်းတူ အသိအမှတ်ပြုမှု လိုအပ်ပါတယ်။ အဲဒါ သူတို့ပြောတာ မမှားပါဘူး။
မေး ။ ။ ဒါပေမဲ့ အခုဆိုရင် အာဆီယံတင်မကပါဘူး အနောက်နိုင်ငံတွေကလည်း မြန်မာ့အရေးကို ဆွေးနွေးလာတာ တွေ့ရပါတယ်။ အမေရိကန်သမ္မတ ဂျိုဘိုင်ဒန်နဲ့ အိန္ဒိယဝန်ကြီးချုပ် မိုဒီတို့ ပူးတွဲထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ မြန်မာအကြောင်းကို ထည့်သွင်းဖော်ပြထားတာကို တွေ့ရတယ်။ နောက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီအလှည့်ကျ ဥက္ကဋ္ဌလည်း ဖြစ်လာမယ့် ဗြိတိန်ကလည်း မြန်မာအရေးကို ထိထိရောက်ရောက် ကိုင်တွယ်မယ်ဆိုတဲ့ သဘောမျိုးလည်း ပြောပါတယ်။ ဒီတော့ မြန်မာ့အရေးမှာ အာဆီယံတင်မကဘူး၊ အနောက်နိုင်ငံတွေကပါ တိုက်တိုက်တွန်းတွန်း လုပ်လာတဲ့သဘော ရှိလာတယ်လို့ ပြောလို့ရနိုင်ပါသလား။
ဖြေ ။ ။ ပြောရမယ်ဆိုရင်တော့ သမ္မတဘိုင်ဒန်နဲ့ ဝန်ကြီးချုပ်မိုဒီတို့ရဲ့ ဆွေးနွေးချက်။ တကယ်တော့ သူတို့နှစ်နိုင်ငံနဲ့ ပတ်သက်တဲ့ အကျိုးစီးပွားကို အဓိကဆွေးနွေးတာပါ။ သူတို့နှစ်နိုင်ငံ တွေ့ဆုံပြီးတော့ ပူးတွဲကြေညာချက် ထုတ်တဲ့အထဲမှာ အချက်ပေါင်း (၅၈) ချက် (၆၀) နီးပါးပါတယ်။ အဲဒီထဲမှာ မြန်မာအကြောင့် one clause တခု ပါပါတယ်။ အဲဒါဘာလဲဆိုရင် မြန်မာနိုင်ငံမှာ အခြေအနေ ဆိုးလာတယ်ဆိုတာကို သူတို့အနေနဲ့ Big Concern အထူးစိုးရိမ်မိတယ်။ နောက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတွေကို လွှတ်ပေးပါ။ Constructive Dialogue အပြုသဘောဆောင်တဲ့ ဆွေးနွေးမှုတွေ လုပ်ကြပါ စသည်ဖြင့် အဲဒါတွေကို ပြောထားတယ်။ ဒါက သူတို့အမြဲတမ်းပြောတဲ့ ကိစ္စပါ။ ဆိုတော့ လက်တွေ့ ဘယ်လိုတွေ့ကြမလဲဆိုတာကို သူတို့ initiative လုပ်ပြီးတော့ အမေရိကန်က မပြောခဲ့ပါဘူး။ သူတို့က ပိုအလေးအနက်ထားလာတယ်လို့ ကျနော် မထင်ဘူး။
နောက် အမေရိကန်က ကွန်ဂရက်က လွှတ်ပေးထားတယ်၊ ခွင့်ပြုထားတဲ့ non-lethal assistance ပြည်တွင်းကို ပေးမယ်။ ဒါတောင်မှ ခွင့်ပြုချက်ရပေမဲ့ မပေးပါဘူး။ သိပ်ပြီးတက်တက်ကြွကြွ မရှိလှဘူး။ သူတို့နှစ်ယောက် တွေ့ဆုံခြင်းက အိန္ဒိယသမုဒ္ဒရာကိို မြန်မာနိုင်ငံကတဆင့် တရုတ် ထွက်လာမယ့်ကိစ္စကို သူတို့ အဓိကထားပြီးတော့ ပြောကြတာ ဖြစ်ပါတယ်ဆိုတော့ ဒီအရေးအတွက် မဟာဗျူဟာအရ ဘယ်လိုလုပ်မယ်။ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်မှု၊ စီးပွားရေး ဘာညာ၊ လက်နက်တည်ဆောက်ရေး အသေးစိတ်ဆွေးနွေးကြတာ ဖြစ်ပါတယ်။ သိပ်တော့ ထူးဆန်းတယ်လို့ မဆိုနိုင်ပါဘူး။
ဗြိတိန်က လုံခြုံရေးကောင်စီမှာ အလှည့်ကျဥက္ကဋ္ဌ ဖြစ်တော့လည်း ဗီတိုအာဏာရှိတဲ့ တရုတ်နဲ့ ရုရှားကို မကျော်နိုင်ပါဘူး။ သူတို့ကလည်း ပြောရုံသာ ပြောနေပါတယ်။ လုံခြုံရေးကောင်စီကထုတ်တဲ့ ကြေညာချက် non-binding လိုက်နာဖို့ မလိုပါဘူး။ နောက်ပြီးတော့ တကယ်ရေးတဲ့အခါ tone-down လုပ်ရတယ်။ အဲဒီလို tone-down မလုပ်ဘဲနဲ့ လက်နက်ပိတ်ဆို့ရမယ် ဘာညာဆုံးဖြတ်ချက်ချရင် တရုတ်နဲ့ ရုရှားက လက်မှတ်မထိုးရင် ဆုံးဖြတ်ချက်က ထွက်မလာနိုင်ဘူး။ အဲဒါကြောင့် တခါတခါ ဟိုနှစ်နိုင်ငံ လက်ခံလာအောင် လျှော့ပြီးတော့ ပြောရတာတွေ ရှိပါတယ်။ ဆိုတော့ သိပ်ပြီးတော့ အားတက်စရာ မကောင်းဘူးလို့ ထင်ပါတယ်။
မေး ။ ။ အခုအာဆီယံနိုင်ငံတွေကို အမေရိကန်တင်မကဘူး၊ တရုတ်ကပါ ချဉ်းကပ်လာတာကိုလည်း တွေ့ရပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က အစောပိုင်းကတည်းက ပြောထားတာက မြန်မာအရေးနဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက် ဖြစ်အောင် အာဆီယံကို တိုက်တွန်းသွားမယ်လို့ ပြောဆိုထားပါတယ်။ အဲဒီတော့ အာဆီယံအနေနဲ့ ဒီအပေါ်မှာ ဘယ်လောက်အထိ လိုက်နာနိုင်ချေ ရှိပါသလဲ။
ဖြေ ။ ။ အာဆီယံဟာ မြန်မာနိုင်ငံအရေးကို အမေရိကန်ထက် ပိုအလေးအနက်ထားတယ်လို့ ကျနော် မြင်တယ်။ တကယ်တော့ အမေရိကန် ပြောဖို့မလိုပါဘူး။ အမေရိကန် ပြောတာထက် သူတို့ဆန္ဒနဲ့ သူတို့လုပ်တာ ဖြစ်ပါတယ်။ အမေရိကန်က မပြောမကောင်းလိုသာ ပြောတာသာ ဖြစ်ပါတယ်။ နောက်ပြီးတော့ အာဆီယံဆွေးနွေးပွဲကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး လာတက်တယ်ဆိိုတာ အာဆီယံနဲ့ ဆွေးနွေးဘက်နိုင်ငံတွေ ရုရှား၊ တရုတ်တို့လည်း ပါမယ်။ အဲဒီမှာ တွေ့ကြတဲ့အခါ ကျနော်တိို့ စောစောက ပြောခဲ့တဲ့ သူတို့နိုင်ငံကြီးအချင်းချင်းမှာ မဟာဗျူဟာ အားပြိုင်မှုတွေနဲ့ ပတ်သက်ပြီး အကြိတ်အနယ် ပြောရပါလိမ့်မယ်။ အရှေ့တောင်အာရှမှာ ဖြစ်နေတဲ့ ပြိုင်ပွဲတွေ၊ ကိစ္စတွေကို အလေးအနက်ထား ပြောကြမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် အလေးအနက်ထားပြောပါဆိုပြီး အာဆီယံကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောတဲ့စကားကတော့ သိပ်ထိရောက်မယ်လို့ မထင်ပါဘူး။ အာဆီယံက သူတို့သဘောဆန္ဒနဲ့သူတို့ အစကတည်းက လုပ်ဖို့ဆိုတာကို အတတ်နိုင်ဆုံး ကြိုးစားနေတယ်လို့ ကျနော် မြင်ပါတယ်။
မေး ။ ။ အဲဒီတော့ အာဆီယံမှာ အမေရိကန်နဲ့ တရုတ်တို့ အားပြိုင်မှုကို အဓိကသွားနေတာလည်း တွေ့ရပါတယ်။ အဲဒီတော့ မြန်မာနိုင်ငံဟာ တရုတ်အတွက် မဟာဗျူဟာကျနေတဲ့ နေရာမှာ ရှိနေပါတယ်။ အိန္ဒိယသမုဒ္ဒရာ ထွက်ပေါက်အတွက်လည်း အရေးပါတဲ့နေရာမှာ ရှိနေတယ်။ ဒီတော့ မြန်မာအရေးက အရေးပါတဲ့နေရာတခုမှာ ထားပြီးတော့ ဆွေးနွေးဖို့ သင့်တယ်လိို့ ထင်ပါသလား။
ဖြေ ။ ။ မှန်ပါတယ်။ မြန်မာဟာ သိပ်အရေးပါပါတယ်။ ဒါပေမဲ့ ကျနော် မြင်တာကတော့ တရုတ်နဲ့ အမေရိကန် ဖြစ်နေတဲ့ကြားမှာ မြန်မာ့အရေးကို သူတို့က အဓိက focus မလုပ်ဘဲနဲ့ တရုတ်သည် မြန်မာနိုင်ငံ တချိန် အိန္ဒိယသမုဒ္ဒရာထဲကို ထွက်ပေါက်ရလာရင် ဒါကို ဘယ်လိုပိတ်မလဲ။ ဒါကို အဓိကထား စဉ်းစားတော့မယ်။ မြန်မာနိုင်ငံကို သူတို့ လမ်းကြောင်းအဖြစ် ရခိုင်ဘက်ကတဆင့် သုံးမယ်။ ဒါကို ဘယ်လိုပိတ်ဆို့ရမလဲဆိုတာကို အဓိက ဒါကို ဘယ်လိုတုံ့ပြန်ရမလဲဆိုပြီးတော့ QUAD လေးနိုင်ငံ အာရှ-ပစ္စိဖိတ် ပူးပေါင်းပြီးတော့ လုံခြုံရေးတွေ စီစဉ်ကြတယ်။ အဲဒါတွေကို အဓိကထားတာပါ။ မြန်မာက ဒီခေတ်မှာ နယ်မြေအားဖြင့် အခြေခံနေရာ တခုဖြစ်နေတဲ့အတွက်ကြောင့် ထည့်ပြီးတော့ ဆွေးနွေးရတာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာပြဿနာသည် အဓိက မဟုတ်ပါဘူး။ မြန်မာထဲမှာ ဘယ်လိုအပြောင်းအလဲဖြစ်ရမလဲဆိုတဲ့ ကိစ္စဟာ အဓိက သူတို့ထားတဲ့ကိစ္စ မဟုတ်ဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။
မေး ။ ။ အာဆီယံအဖွဲ့ဝင်တွေအပြင် တရုတ်၊ အိန္ဒိယတို့က မြန်မာ့အရေးမှာ ဘယ်လိုအခန်းကဏ္ဍကနေ ဦးဆောင်ပြီးတော့ ပါဝင်နိုင်ပါသလဲ။
ဖြေ ။ ။ အိန္ဒိယကတော့ ရေလိုက်ငါးလိုက် ပြောပြီးတော့ လိုက်နေတဲ့ နိုင်ငံပါ။ သူက initiative ယူပြီးတော့ ပြောနေတဲ့ နိုင်ငံ မဟုတ်ပါဘူး။ ဟိုဘက်ကပြောရင်လည်း ဟိုဘက်ကိုလိုက်သွားတယ်။ တရုတ်ကတော့ သိပ်အရေးကြီးပါတယ်။ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ သူက သိပ်အလေးအနက်ထားတယ်။ မဟာဗျူဟာကျတဲ့ နိုင်ငံအဖြစ်နဲ့ သူက မြန်မာကို အလေးအနက်ထားတယ်။ သို့သော်လဲ တရုတ်ပုံစံကလည်း ငိုစားရယ်စား ခေါ်မလား မသိဘူး။ ဟိုဘက်ကိုလည်း မြှောက်ပေး၊ ဒီဘက်ကိုလည်း မြှောက်ပေး။ စစ်ကောင်စီကိုလည်း သူတိို့ အားပေးနေသလိုပဲ၊ စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ အထူးသဖြင့် တိုင်းရင်းသားအင်အားစုတွေကိုလည်း လက်နက်ဖြည့်ပေးနေတယ်ဆိုတော့ တရုတ်က မြန်မာနိုုင်ငံအခြေအနေကို စစ်အာဏာသိမ်းပြီးတော့ ပထမတနှစ်လောက်တော့ စောင့်ကြည့်နေခဲ့တယ်။ ဒါပေမဲ့ ဘာမှထူးမလာတဲ့အခါမှာတော့ ဒီအတိုင်းပဲ ဆက်သွားလေမလား မသိဘူးဆိုကာ ငါတို့က နှစ်ဘက်စလုံးနဲ့ မလွတ်အောင် ထိန်းထားမှ ဖြစ်မယ်ဆိုပြီးတော့ လှေနံနှစ်ဘက် နင်းထားတဲ့ သဘောလို့ သုံးသပ်မိပါတယ်။
မေး ။ ။ အခု ပိုဆိုးလာနေတဲ့ မြန်မာနိုင်ငံ အခြေအနေက အာဆီယံအတွက် အဖြေရှာဖို့ စိန်ခေါ်မှုတခုများ ဖြစ်နေပါသလား။ အဲဒီတော့ ရေရှည်မှာ ဘယ်လိုနည်းလမ်းတခု ရှိနိုင်ပါသလဲ။
ဖြေ ။ ။ အာဆီယံအတွက် စိန်ခေါ်မှုတခု ဖြစ်ပါတယ်။ မြန်မာပြည်သူတွေအတွက်တော့ သိပ်ကြီးမားတဲ့ အခက်အခဲပါ။ ရေရှည်ကို ပြောရင်တော့ အချိန်တော့ ယူမှာပေါ့။ ဒါပေမဲ့ များသောအားဖြင့် ဒီမေးခွန်းကို ကျနော် အရင်မေးခဲ့ဖူးတဲ့ မြန်မာ့အရေး ကျွမ်းကျင်သူတွေကို မေးဖူးပါတယ်။ ဆရာကြီးတို့က မြန်မာနိုင်ငံပြဿနာ ဘယ်လောက်အရေးကြီးတယ်။ ခက်ခဲတယ်ဆိုသာ ပြောတယ်။ ဆရာဝန်က ရောဂါတခုတည်း အခြေအနေကိုသာ ပြောနေတာနဲ့ တူတယ်။ အဲဒီရောဂါကို ဘယ်လောက်ပျောက်အောင် ကုသရမယ်ဆိုတဲ့ ဆေးလေးဘာလေး ညွှန်ပါလားဆိုတာကို မေးဖူးတယ်။ အဲဒီ ပုဂ္ဂိုလ်တွေ ဘာပြောသလဲဆိုတော့ အဲဒီအဖြေသိရင်တော့ မင်းတိို့ ကောင်းသွားပြီပေါ့။ အဲဒီဟာကို မတွေ့နိုင်လို့ အခုက ခက်နေတာလို့ ပြောကြပါတယ်။ စိတ်မကောင်းစွာနဲ့ပဲ အဲဒီလို ပြောရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံ ပြဿနာ ပြေလည်ရေးအတွက် ပြည်ပရဲ့ ကူညီဆောင်ရွက်မှုကို အားထားရမယ်ဆိုရင်တော့ အာဆီယံဟာ အားအထားရလောက်ဆုံး အဖွဲ့အစည်း ဖြစ်ပါတယ်။ ဒေသတွင်း အဖွဲ့အစည်းလည်း ဖြစ်တယ်။ အာဆီယံထဲမှာမှ အင်ဒိုနီးရှားနိုင်ငံက အားအထားရဆုံး နိုင်ငံ ဖြစ်တယ်လို့ ပြောရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အင်ဒိုနီးရှားဟာ မြန်မာလိုပဲ စစ်အာဏာရှင်စနစ်ကို ဖြတ်သန်းပြီးတော့ ဒီမိုကရေစီအဖြစ်နဲ့ အောင်အောင်မြင်မြင် တည်ဆောက်ထူထောင်နေတဲ့ နိုင်ငံ ဖြစ်ပါတယ်။ အာဆီယံအဖွဲ့အတွင်းမှာကော နိုင်ငံတကာအသိုင်းအဝိုင်းမှာပါ အတော်လေး သြဇာအာဏာတက်လာတဲ့နိုင်ငံ ဖြစ်ပါတယ်။ ဆိုတော့ သူတို့ဟာ သူတို့နိုင်ငံရဲ့ အစဉ်အလာကိုထားရေး အတွက်သော်လည်းကောင်း၊ မြန်မာနိုင်ငံမှာ သူတို့လိုပုံစံမျိုး ဖြစ်စေချင်တဲ့ အာဆီယံအတွင်းမှာ ဒီမိုကရေစီ အများစု တိုးလာစေချင်တဲ့ စေတနာဆန္ဒနဲ့သော်လည်းကောင်း အင်ဒိုနီးရှားက ပိုပြီးတော့ အားတက်သရော လုပ်ချင်တယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ အင်ဒိုနီးရှားဟာ အာဆီယံဥက္ကဋ္ဌအဖြစ် ဆက်လက်ဆောင်ရွက်ရမယ့် သက်တမ်းက သိပ်မကျန်တော့ပါဘူးဆိုတော့ တော်တော်လေးတော့ မျှော်လင့်ပါတယ်။ ဖြစ်ပါစေလို့လည်း ဆုတောင်းပါတယ်။