သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး စတင်


အာဆီယံအစည်းအဝေးကျင်းပရာဂျကာတာမြို့ (ဇူလိုင် ၁၁၊ ၂၀၂၃)
အာဆီယံအစည်းအဝေးကျင်းပရာဂျကာတာမြို့ (ဇူလိုင် ၁၁၊ ၂၀၂၃)

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ဒီကနေ့ အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စတင်ကျင်းပနေပါပြီ။

မြန်မာ့အရေး အာဆီယံရဲ့ ဖြေရှင်းကိုင်တွယ်မှုတွေ မအောင်မမြင် ဖြစ်နေတဲ့အချိန်၊ အာဆီယံနိုင်ငံ တချို့နဲ့ တရုတ်နိုင်ငံကြား နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာလည်း တင်းမာမှုတွေ ရှိနေချိန် ခုလို နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကြမှာ ဖြစ်ပါတယ်။ ဒီနေ့ ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ တခြား ဆက်စပ် အစည်းအဝေးတွေမှာ မြန်မာ့အရေးနဲ့ တောင်တရုတ်ပင်လယ်ပြင် အရေး အပါအဝင် အာဆီယံဒေသတွင်း ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်လို့ ဆွေးနွေးကြဖို့ ရှိနေပါတယ်။

လေ့လာသုံးသပ်သူ တချို့ကတော့ ဒီဆွေး နွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရလဒ်တစုံတရာ ထွက်ပေါ်လာဖို့ မမျှော်လင့်နိုင်ကြောင်းနဲ့ အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ သုံးသပ် ပြောဆိုတာတွေလည်း ရှိနေပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် နှစ်နဲ့ချီ ကြာလာပေမယ့် လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတဲ့အပေါ် ထောက်ပြဝေဖန်မှုတွေ ရှိနေတာပါ။

ကြားကာလ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)ရဲ့ ယာယီသမ္မတ ဒူဝါလရှီးလ ကတော့ စစ်အာဏာရှင်စနစ်ကနေ ပြောင်းလဲလာတဲ့ အင်ဒိုနီးရှားနိုင်ငံက အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူနေချိန်မှာ မြန်မာအရေး ဦးဆောင်ဖြေရှင်းဖို့ အရေးကြီးကြောင်း ဗွီအိုအေနဲ့ သီးသန့်မေးမြန်းခန်းမှာ ပြောဆိုထားပါတယ်။

ဒီကနေ့ စတင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးပြီးတာနဲ့ ဒီလ ၁၃ ရက်နဲ့ ၁၄ ရက်နေ့တွေမှာတော့ အာဆီယံနဲ့ ဆက်စပ်အစည်းအဝေးတွေ ဆက်လက် ကျင်းပမှာပါ။ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်တွေ ဆက်လက် ကျင်းပတဲ့အခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG