မနက်ဖြန် (ဇူလိုင် ၁၁) အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံဖို့ရှိပြီး မြန်မာ့အရေးအပါအဝင်၊ တောင်တရုတ်ပင်လယ် ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ဒေသတွင်း လက်နက်အပြိုင်ဆိုင်တပ်ဆင်မှုအခြေတွေအနေ ဆွေးနွေးကြမယ့် အဓိကအကြောင်းအရာတွေ ဖြစ်မယ့်အကြောင်း သံတမန်အသိုင်းအဝိုင်းက ပြောဆိုပါတယ်။ ပြင်ပအင်အားစုဖြစ်တဲ့ အာဆီယံအနေနဲ့ မြန်မာနိုင်ငံ့ရဲ့ အကျပ်အတည်းဖြေရှင်းရေး ထိရောက်အောင် လုပ်နိုင်စွမ်းမရှိဘူးဆိုပြီး ဒေသတွင်း အကဲခတ်တွေ ဝေဖန်နေချိန်မှာပဲ အာဆီယံ သံတမန်တွေ တွေ့ဆုံကြတာပါ။
ဒီလို စွမ်းဆောင်နိုင်တဲ့ အခြေအနေ အာဆီယံမှာမရှိသလို တခြား ပြင်ပဘယ်အဖွဲ့အစည်းကမှလည်း ဝင်ရောက်ဆောင်ရွက်နိုင်စွမ်းမရှိပါဘူး။ အာဆီယံအနေနဲ့ နားချတိုက်တွန်းတာ၊ ကူညီပံ့ပိုးပေးတာမျိုးလောက်ပဲ လုပ်နိုင်ပါတယ်။ ရေရှည် ကြာမယ့်သဘောရှိပါတယ်ဆိုပြီး ဂျကာတာ အခြေစိုက် နိုင်ငံရေးလေ့လာသူ Dewi Fortuna Anwar က ပြောဆိုသွားတာပါ။
မြန်မာ့အရေးမှာ အားလုံးပါဝင်နိုင်တဲ့ တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးအရ အဖြေရှာနိုင်ဖို့ အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံနဲ့ အဖွဲ့ဝင်နိုင်ငံတွေ ပြောဆိုနေပါတယ်။ အာဆီယံရဲ့ ဘုံသဘောတူညီချက် တွေကိုကို ပိုပြီးလိုက်နာလာဖို့နဲ့ မြန်မာနိုင်ငံအတွင်း သက်ဆိုင်ရာ အဖွဲ့အစည်းအားလုံးနဲ့ တွေ့ဆုံတာ၊ အွန်လိုင်းက ဆွေးနွေးတာတွေ အကြိမ် ၁၁၀ လောက်လုပ်ခဲ့တဲ့အကြောင်းလည်း အလှည့်ကျ ဥက္ကဋ္ဌ အင်ဒိုနီးရှားနိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က ပြောဆိုထားပါတယ်။ အစည်းအဝေးတွေမှာ မြန်မာစစ်ကောင်စီဘက်က နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံက ဆုံးဖြတ်ထားပါတယ်။ ဒါပေမဲ့လည်း အာဆီယံရဲ့ချဉ်းကပ်မှုတွေ မအောင်မြင်တဲ့အပေါ်မှာ ဝေဖန်မှုတွေ တိုးလာနေပါတယ်။ မကြာသေးခင် ရက်ပိုင်းအတွင်းကပဲ တိုင်းရင်းသားလူငယ်အဖွဲ့အစည်းတွေ၊ သမဂ္ဂတွေနဲ့ ကွန်ရက်တွေနဲ့ အရပ်ဘက်လူထုအဖွဲ့အစည်းများမှ လူငယ်ကိုယ်စားလှယ် ၂၀ ကျော်ဟာ အင်ဒိုနီးရှားနိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်ရုံး အကြီးအကဲနဲ့ တွေ့ဆုံပြီး မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် အာဆီယံဆက်လက်ကျရှုံးနေတဲ့အပေါ် စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုခဲ့ကြပါတယ်။