သုံးရလွယ်ကူစေသည့် Link များ

စစ်ကောင်စီအပေါ် ဖိအားပေးဖို့ ကုလအထူးကိုယ်စားလှယ် အာဆီယံကိုတိုက်တွန်း


အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဖွင့်ပွဲအခမ်းအနားအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)
အင်ဒိုနီးရှားနိုင်ငံ Labuan Bajo မှာကျင်းပတဲ့ ၄၂ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းအဝေးအတွင်း ဖွင့်ပွဲအခမ်းအနားအတွင်း အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေကို တွေ့ရစဉ် (မေ ၁၀၊ ၂၀၂၃)

မြန်မာ့အရေး ဖြေရှင်းရာမှာ အရှေ့တောင်အာရှ နိုင်ငံများအသင်း (အာဆီယံ) အနေနဲ့ စစ်ကောင်စီအပေါ် ဖိအားပေးတဲ့ နည်းလမ်းတွေကို သုံးဖို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က တိုက်တွန်းလိုက်ပါတယ်။ မြန်မာ့အရေး ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ တိုးတက်မှုမရှိ ဖြစ်နေတာကြောင့် ဖိအားပေးတဲ့နည်းကိုသုံးဖို့ တိုက်တွန်းလိုက်တာပါ။

“ရှေ့မဆက်နိုင်ဖြစ်နေတဲ့ အခြေအနေမှာ ဖောက်ထွက်နိုင်မယ့် တခြားနည်းလမ်းကို စဉ်းစားရမယ့် အချိန်ရောက်လာပါပြီ။ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်ကို အကောင်အထည်မဖော်ဘဲ ပစ်ပယ်ထားတာတွေအတွက် စစ်ကောင်စီက တာဝန်ခံမှုရှိအောင်လုပ်ဖို့ စဉ်းစားရပါလိမ့်မယ်။” လို့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က သတင်းထောက်တွေကို ပြောလိုက်တာပါ။

မြန်မာ့အရေး အလွတ်သဘော ဆွေးနွေးပွဲတခုကို ဒီသီတင်းပတ်အစောပိုင်းမှာ ထိုင်းနိုင်ငံက စီစဉ်ခဲ့ပြီးနောက် လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ရဲ့ တိုက်တွန်းမှု ထွက်ပေါ်လာတာ ဖြစ်ပါတယ်။ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး တက်ရောက်ခဲ့ပြီး အာဆီယံအသင်းက အဓိကအဖွဲ့ဝင် နိုင်ငံတွေ မပါဘဲ ကျင်းပခဲ့တဲ့ ဆွေးနွေးပွဲဟာ အာဆီယံရဲ့ ညီညွတ်မှုကို ထိခိုက်စေသလို၊ စစ်အာဏာပိုင်တွေကို အသိအမှတ်ပြုရာ ရောက်နိုင်တာကြောင့် အန္တရာယ်များတဲ့ လုပ်ရပ်အဖြစ်နဲ့လည်း အထူးကိုယ်စားလှယ် Andrews က သတိပေးခဲ့တာပါ။ အာဆီယံ အစည်းအဝေးတွေမှာ အနိမ့်ဆုံးသတ်မှတ်ချက်အဖြစ် စစ်ကောင်စီကိုယ်စားလှယ်တွေကို တက်ခွင့်မပေးသင့်ဘူးလို့လည်း ပြောပါတယ်။

ထိုင်းအစိုးရကတော့ အိမ်နီးချင်း မြန်မာနိုင်ငံက ပြဿနာတွေကြောင့် ထိခိုက်မှုတွေ ကြုံနေရတာကြောင့် ဆွေးနွေးပွဲ စီစဉ်ခဲ့တာဖြစ်ကြောင်း ကာကွယ်ပြောဆိုထားပေမဲ့ အာဆီယံအသင်းဝင် နိုင်ငံတချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ အပြင်းအထန် ဝေဖန်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG