သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ထည့်သွင်းဆွေးနွေးမယ့် အာဆီယံအစည်းအဝေးစတင်


Plenary session of the ASEAN Foreign Ministers meeting in Jakarta
Plenary session of the ASEAN Foreign Ministers meeting in Jakarta

အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးနဲ့ ဆက်စပ် အစည်းအဝေးတွေ ဒီကနေ့ အင်္ဂါနေ့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့မှာ စတင်ကျင်းပနေပြီး အဖွဲ့ဝင်နိုင်ငံတနိုင်ငံဖြစ်တဲ့ မြန်မာနိုင်ငံဘက်က နိုင်ငံခြားရေးဝန်ကြီး ပါဝင်တက်ရောက်ခြင်း မရှိပါဘူး။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မြန်မာနိုင်ငံခြားရေးဝန်ကြီးမတက်ရောက်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၃)
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေး မြန်မာနိုင်ငံခြားရေးဝန်ကြီးမတက်ရောက်ခဲ့ (ဇူလိုင် ၁၁၊ ၂၀၂၃)

မြန်မာ့အရေး အာဆီယံရဲ့ ဖြေရှင်းကိုင်တွယ်မှုတွေ မအောင်မမြင် ဖြစ်နေတဲ့အချိန်၊ အာဆီယံနိုင်ငံ တချို့နဲ့ တရုတ်နိုင်ငံကြား ရေပိုင်နက် ဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေတဲ့ တောင်တရုတ် ပင်လယ်ပြင်မှာလည်း တင်းမာမှုတွေ ရှိနေချိန်နဲ့ ဒေသတွင်း လက်နက်တပ်ဆင်မှုတွေအပေါ် စိုးရိမ်တဲ့အကြောင်း ထုတ်ဖေါ်ပြောဆိုမှုတွေ ရှိနေချိန်မှာ ခုလို နိုင်ငံခြားရေးဝန်ကြီးတွေ တွေ့ဆုံကြတာပါ။

“ဒေသတွင်း ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ထိန်းသိမ်းဖို့ဟာ ကျမတို့ ဦးစားပေးဆောင်ရွက်မယ့် ကိစ္စတွေပါ။ ဒီ ဒေသကို ဖွံ့ဖြိုးတိုးတက်မှုရဲ့ ဗဟိုချက်မတခုအဖြစ် ပြောင်းလဲရေး အခြေခံတွေ ချမှတ်ထားပါတယ်။ ဒါ့ကြောင့်လည်း အရှေ့တောင်‌အာရှဒေသကို နျုကလီးယား လက်နက် ကင်းမဲ့တဲ့ ဒေသတခုဖြစ်အောင် လုပ်ဆောင်ရပါလိမ့်မယ်ဆိုပြီး” အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီး Retno Marsudi က အဖွင့်မိန့်ခွန်းမှာ ပြောဆိုသွားပါတယ်။

ဇူလိုင်လ ၁၁ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးတွေ အင်ဒိုနီးရှားနိုင်ငံမှာ တွေ့ဆုံကြတာပါ။ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်တွေ ဆက်လက် ကျင်းပတဲ့အခါ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြပါလိမ့်မယ်။

အာဆီယံအစည်းအဝေး (ဇူလိုင် ၁၁၊ ၂၀၂၃)
အာဆီယံအစည်းအဝေး (ဇူလိုင် ၁၁၊ ၂၀၂၃)

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအခြေအနေ တိုးတက်မှု မရှိတဲ့အတွက် နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့သူကိုပဲ ဖိတ်ကြားဖို့ အာဆီယံဘက်က ဆုံးဖြတ်ထားပါတယ်။ လေ့လာသုံးသပ်သူ တချို့ကတော့ ဒီဆွေး ဆွေးပွဲကနေ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ ရလဒ်တစုံတရာ ထွက်ပေါ်လာဖို့ မမျှော်လင့်နိုင်ကြောင်းနဲ့ အာဆီယံ အနေနဲ့ မြန်မာ့အရေးကို ဖြေရှင်းနိုင်စွမ်း မရှိဘူးလို့ သုံးသပ် ပြောဆိုနေကြာပါတယ်။ စစ်တပ် အာဏာသိမ်းမှုနောက်ပိုင်း ကြုံလာရတဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းတွေကို ကူညီဖြေရှင်းဖို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား ချမှတ်ထားတဲ့ ဘုံသဘောတူညီချက် ၅ ရပ် နှစ်နဲ့ချီ ကြာလာပေမဲ့ လက်တွေ့ အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတဲ့အပေါ် ထောက်ပြဝေဖန်မှုတွေ ရှိလာနေကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG