သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ မြန်မာကို အာဆီယံ ထပ်မံတိုက်တွန်း


အာဆီယံအစည်းအဝေး (ဇူလိုင် ၁၃၊ ၂၀၂၃)
အာဆီယံအစည်းအဝေး (ဇူလိုင် ၁၃၊ ၂၀၂၃)

မြန်မာနိုင်ငံမှာ အရပ်သားပြည်သူတွေ ထိခိုက် သေကြေနေရတဲ့ အကြမ်းဖက်မှုတွေ ဆက်ဖြစ်နေတဲ့အပေါ် ပြင်းပြင်းထန်ထန် ထပ်မံ ရှုတ်ချကြောင်း နဲ့ ဒီအကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ တိုက်တွန်းကြောင်း အရှေ့တောင်အာရှ နိုင်ငံများအဖွဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေက ပူးတွဲ ကြေညာချက် ထုတ်ပြန်ပါတယ်။

“လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ အရပ်သားနေအိမ် အဆောက်အဦးတွေကို တိုက်ခိုက်တာ အပါအဝင် အကြမ်းဖက် လုပ်ရပ်အားလုံးကို ပြင်းပြင်းထန်ထန် ရှုတ်ချပါတယ်။ အရပ်သား စစ်သား မခွဲခြား တိုက်ခိုက်နေတဲ့ အကြမ်းဖက်မှုတွေ ပိုမို ဆိုးရွားလာနေတာ ချက်ချင်း အဆုံးသတ်အောင် ပဋိပက္ခမှာ ပါဝင်ပတ်သက်နေတဲ့ အဖွဲ့အစည်းအားလုံးက အလေးအနက် ဆောင်ရွက်ဖို့ တိုက်တွန်းပါတယ်” လို့ ကြာသပတေးနေ့ ညပိုင်းက အချိန်နောက်ကျပြီးမှ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အာဆီယံ အနေနဲ့ မြန်မာ့နိုင်ငံရေး အကျပ်အတည်းနဲ့ပတ်သက်လို့ အဓိကကျတဲ့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ်အတိုင်း ဆက်ပြီး ကိုင်တွယ် ဖြေရှင်းသွားမယ်ဆိုတာကို ထပ်မံ အတည်ပြုကြောင်းလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ပူးတွဲ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေ ညီညီညွတ်ညွတ်နဲ့ လက်တွဲ အဖြေရှာ ဆောင်ရွက်ကြဖို့ လက်ရှိ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက ဗုဒ္ဓဟူးနေ့က ဆွေးနွေးပွဲမှာ တိုက်တွန်းခဲ့ပါသေးတယ်။

အာဆီယံဘုံသဘောတူညီချက် ၅ ရပ် ချမှတ်ဆောင်ရွက်လာခဲ့တာ ၁ နှစ်ကျော် ကြာလာပေမယ့်၊ မြန်မာဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိသလို လက်တွေ့အကောင်အထည် ဖော်နိုင်ခြင်း မရှိသေးတဲ့အပေါ်မှာ အာဆီယံရဲ့ ကြိုးပမ်းမှုတွေ အလုပ်ဖြစ်ပါ့မလားဆိုတဲ့ ထောက်ပြ ဝေဖန်မှုတွေ ရှိနေချိန်မှာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး အပြင် မိတ်ဖက်နိုင်ငံကြီးတွေက ဝန်ကြီးတွေ ပါဝင်တဲ့ ဆက်စပ် အစည်းအဝေးတွေ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တော်မှာ ကျင်းပနေတာပါ။

ဒီကနေ့ သောကြာနေ့ ကျင်းပတဲ့ အရှေ့အာရှ ထိပ်သီးညီလာခံမှာတော့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့အတူ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ၊ သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး Peny Wong နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov အပါအဝင် အာဆီယံ မိတ်ဖက်နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ တက်ရောက်နေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG