သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီကို အာဆီယံကိုယ်စားပြုအဖြစ် လက်ခံမည်မဟုတ် (EU နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ)


အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့အတူတွေ့ရတဲ့ ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell (ယာ-ဒု)
အာဆီယံအဖွဲ့ဝင်နိုင်ငံခေါင်းဆောင်တွေနဲ့အတူတွေ့ရတဲ့ ဥရောပသမဂ္ဂ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell (ယာ-ဒု)

အီးယူ ဥရောပသမဂ္ဂအနေနဲ့ မြန်မာစစ်ကောင်စီကို အသိအမှတ်မပြုကြောင်း အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲကို တက်ရောက်နေတဲ့ အီးယူ နိုင်ငံခြားမူဝါဒရေးရာ အကြီးအကဲ Josep Borrell က ဒီကနေ့ ဇူလိုင်လ ၁၃ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

“အာဆီယံ-အီးယူ ဆက်ဆံရေးအတွက် အလှည့်ကျ ပူးပေါင်းဆောင်ရွက်ရေးမှူးအဖြစ် မြန်မာနိုင်ငံက တာဝန်ယူတော့မယ့်ကိစ္စနဲ့ပတ်သက်လို့ ကျနော်တို့ဘက်က စိုးရိမ်တဲ့အချက်ကို တင်ပြချင်ပါတယ်။ ကျနော်တို့ (အီးယူ)က မြန်မာစစ်တပ်ကို အသိအမှတ်မပြုပါဘူး၊ ဒါကြောင့် ဒီပြဿနာကို ကျော်လွှားနိုင်ဖို့ အာဆီယံအဖွဲ့ဘက်က နည်းလမ်း ရှာဖွေနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ အာဆီယံနဲ့ အီးယူအကြား ကောင်းမွန်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိနိုင်လိမ့်မယ်လို့ ဆုတောင်းပေးပါတယ်” - လို့ အာဆီယံအဖွဲ့ စည်းဝေးပွဲမှာ ပြောကြားတဲ့ မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားခဲ့ပါတယ်။

ဒီအတောအတွင်း လက်ရှိကျင်းပနေတဲ့ အာဆီယံစည်းဝေးပွဲမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အဖွဲ့အနေနဲ့ ဘယ်လိုသဘောထားမျိုး ထုတ်ပြန်သင့်တယ်ဆိုတဲ့အပေါ် ဒီကနေ့အထိ သဘောထား ကွဲပြားနေကြတုန်း ဖြစ်ပါတယ်။

မြန်မာနိုင်ငံနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ရဲ့သဘောထားကို မနေ့ ဗုဒ္ဓဟူးနေ့ကတည်းက ထုတ်ပြန်ဖို့ရှိနေပေမယ့် ဒီကနေ့ ညနေစောင်းတဲ့အထိ တူညီတဲ့ ဘုံသဘောထား ထွက်မလာနိုင်သေးပါဘူး။ ဘာကြောင့် အခုလို နှောင့်နှေးနေရတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပေမယ့် မကြာခင်မှာ ထုတ်ပြန်နိုင်လိမ့်မယ်လို့ ပြောပါတယ်။

တချိန်ထဲမှာဘဲ အာဆီယံ အပေါင်း (၃) လို့ခေါ်တဲ့ အာဆီယံနဲ့ တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား ၃ နိုင်ငံတို့ ဒီကနေ့ တွေ့ဆုံခဲ့တာမှာတော့ အာဆီယံကို ဗဟိုပြုပြီး နိုင်ငံစုံဝါဒကို ကျင့်သုံးသွားမယ့်ကိစ္စကို အလေးပေး ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG