သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အရေး ရှုပ်ထွေးနေချိန် အာဆီယံတွင်း ညီညွတ်ဖို့ အင်ဒိုနီးရှားတိုက်တွန်း  


 အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi
အင်ဒိုနီးရှားနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေကြား သဘောထား ကွဲလွဲမှုတွေ ရှိနေချိန်မှာပဲ၊ အာဆီယံအနေနဲ့ စုစည်း ညီညွတ်မှုရှိဖို့ အရေးကြီးတဲ့အကြောင်း လက်ရှိ အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူထားတဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီး Retno Marsudi ကအလေးအနက်ထား ပြောဆိုလိုက်ပါတယ်။ မနေ့ အင်္ဂါနေ့က စတင်တဲ့ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေး ဖွင့်ပွဲမှာ ဝန်ကြီး Retno Marsudi က ခုလို ပြောကြားသွားတာပါ။

“အာဆီယံဟာ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ အကြောင်းအရာစုံကို ဦးဆောင် ဖြေရှင်းနိုင်တယ်…ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ဆက်ပြီး ထားရှိနိုင်တယ် ဆိုတာကို ပြသရမှာြဖစ်တဲ့အကြောင်းနဲ့ ဒီလိုပြသနိုင်ဖို့အတွက် အာဆီယံအနေနဲ့ စုစည်း ညီညွတ်မှုနဲ့ ဗဟိုချုပ်ကိုင်မှု ရှိရမှာ ဖြစ်တယ်” − လို့ အင်ဒိုနီးရှား နိုင်ငံခြားရေးဝန်ကြီးက Retno Marsudi က မနေ့က အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေး အဖွင့် မိန့်ခွန်းမှာ ပြောသွားခဲ့တာပါ။

မြန်မာ့အရေးလို့ နာမည်တပ်ပြီး တိုက်ရိုက် ရည်ညွန်း ပြောမသွားပေမဲ့လို့၊ လက်ရှိကာလ ရှုပ်ထွေးလှတဲ့ စိန်ခေါ်မှုတွေ ပိုပြီး ကြုံတွေ့လာနေ ရချိန်မှာ ဒေသတွင်း အဖွဲ့အစည်းတခုအနေနဲ့ စည်းလုံးညီညွတ်ဖို့ အရေးကြီးတယ်လို့ ဝန်ကြီး Marsudi က ပြောသွားပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံ ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည် ဖော်ရာမှာ မြန်မာစစ်ကောင်စီဘက်က ပူးပေါင်း ဆောင်ရွက်မှု မရှိသလို၊ အာဆီယံအနေနဲ့ မြန်မာ့အရေးကို ဘယ်လို ချဥ်းကပ် ကိုင်တွယ်မလဲ ဆိုတဲ့အပေါ်မှာ အဖွဲ့ဝင်နိုင်ငံတွေကြား သဘာထား ကွဲလွဲမှုတွေ သိသိသာသာ ဖြစ်လာချိန်မှာ ဝန်ကြီး Marsudi က ခုလို အလေးအနက်ထား ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာ့အရေး ချဥ်းကပ်ဖြေရှင်းရာမှာ မြန်မာစစ်ကောင်စီနဲ့ တင်မဟုတ်ဘဲ၊ သက်ဆိုင်ရာ ဘက်အားလုံးနဲ့ ထိစပ်သွားရမယ်ဆိုတဲ့ မူကို အလှည့်ကျဥက္ကဌ အင်ဒိုနီးရှားနိုင်ငံက ကိုင်စွဲထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG အပါအဝင် အတိုက်အခံ အင်အားစုတွေနဲ့ ထိတွေ့ ဆက်ဆံနေပေမဲ့ အာဆီယံနိုင်ငံတချို့ကတော့ ဒီမူကို လက်မခံချင်ကြပါဘူး။

မြန်မာ့အရေးကို ပုံစံသစ်နဲ့ချဥ်းကပ်ဖို့ ထိုင်းအစိုးရက ကြိုးပမ်းနေတာမှာ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မြန်မာနိုင်ငံကို တိတ်တဆိတ် သွားရောက်ခဲ့တာ ရှိသလို၊ မြန်မာ့အရေး အလွတ်ဆွေးနွေးပွဲကိုလည်း ထိုင်းနိုင်ငံမှာ သိပ်မကြာခင်က ကျင်းပခဲ့ပါသေးတယ်။ အဲ့ဒီဆွေးနွေးပွဲကို အင်ဒိုနီးရှားအပါအဝင် အဓိကကျတဲ့ အာဆီယံနိုင်ငံတချို့က မထောက်ခံသလို၊ တက်ရောက်ခြင်းလည်း မရှိခဲ့ပါဘူး။

မနေ့ကနဲ့ ဒီကနေ့ နှစ်ရက်ကြာ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးမှာ ကိုင်တွယ်ရ ခက်နေတဲ့ မြန်မာ့အရေး ပြဿနာ က အဓိက ဆွေးနွေးရမယ့် အကြောင်းအရာတခု ဖြစ်နေတာပါ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးအပြီး မနက်ဖြန် ဇူလိုင် ၁၃ နဲ့ ၁၄ ရက်နေ့တွေမှာတော့ အာဆီယံနဲ့ ဆက်စပ် အစည်းအဝေးတွေ ဆက်လက် ကျင်းပမှာြဖစ်ပါတယ်။ အရှေ့အာရှ ထိပ်သီးညီလာခံနဲ့ အာဆီယံ ဒေသတွင်း ဖိုရမ်တွေမှာတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken နဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov တို့အပါအဝင် အာဆီယံ မိတ်ဘက်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေ တက်ရောက်ကြမှာ ဖြစ်ပါတယ်။

XS
SM
MD
LG